သား အထောင်ဝင်းမောင်၏ အထင် စာရေးသူ - အထောင်ဝင်းမောင် သောကြာ စာစောင်၊ ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီ



 သား အထောင်ဝင်းမောင်၏ အထင်

စာရေးသူ - အထောင်ဝင်းမောင်


(သောကြာ စာစောင်၊ ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီ)


သားတော်မောင်သည် ရုတ်တရက် ကျွန်ုပ်ထံသို့ ပြေးလာ၍ ပေါင်ပေါ်တက်ထိုင်ကာ...


သား ။ ။ ဖေဖေ ဘဘကြီးနဲ့ ဖေဖေပြောပြောနေတဲ့ ဆင်ခြေထောက်ရောဂါဆိုတာ ဘာဘယ်လို ရောဂါလဲ ဟင်။


ကျွန်ုပ် ။ ။ သား တိရစ္ဆာန်ရုံကို ဖေဖေနဲ့သွားတုန်းက ဆင်ကြီးတွေကြည့်ခဲ့ရတာ မှတ်မိသေးလား။


သား ။ Gusto ။ (အင်း...)


ကျွန်ုပ် ။ ။ ခွေးမ သား ဘေးပိတ်ကန်လိုက်ရ "အင်း" ဖြစ်သွားမယ်။ ဖေဖေ မင်းကို ဘယ်လို ပြောရမယ်လို့ သင်ထားသလဲ။ မင်းတော်တော် ငါ့လို မိုက်ဦးမယ် ခွေးကောင်။


သား ။ ။ ဟုတ်ကဲ့....


ကျွန်ုပ် ။ ။ အေး.... အဲဒီလို ယဉ်ယဉ်ကျေးကျေးပြောမှ စာရေးဆရာ့သား (အဟမ်း....) ပီသတော့မပေါ့။ အဲဒီတုန်းက ငါ့သားမြင်ခဲ့တဲ့ ဆင်ကြီးရဲ့ ခြေထောက်က ဘယ်လောက် ကြီးသလဲ၊ ငါ့သားအထင် ပြောစမ်း။


သား ။ ။ (လက်နှစ်ဖက်ဖြင့် ဝိုင်းပြ၍) ဟောဒီလောက်ရှိတယ် ဖေဖေ။


ကျွန်ုပ် ။ ။ ရက်စ်! မှန်တယ်၊ ငါ့သား ပြသလောက် ရှိတယ်။ အဲဒီလောက်ကြီးတဲ့ ခြေထောက်နဲ့ လူကိုကော ငါ့သားမြင်ဖူးသလား။


သား ။ ။ (အနည်းငယ် စဉ်းစား၍) ဪ.... ဟုတ်တယ်ဖေဖေ၊ သားတခါက ကျောင်းသွားရင်း လမ်းမှာတွေ့ခဲ့တယ်။ အဲဒီလူကြီးရဲ့ ခြေထောက်တဘက်က သူ့နဂိုအတိုင်းပဲ၊ ကျန်တဘက်ကတော့ တိရစ္ဆာန်ရုံထဲက ဆင်ကြီးခြေထောက်လောက်ရှိတယ်။ သူလမ်းသွားတော့ သူ့ခြေထောက်ကြီးကို မနည်းသယ်၊ သယ်သွားရတယ်။


ကျွန်ုပ် ။ ။ အေးပေါ့ကွ၊ ဆင်ခြေထောက်ရောဂါ ဆိုတာ အဲဒါပဲ။


သား ။ ။ အဲဒီ ရောဂါက ဘာဖြစ်လို့ ဖြစ်တာလဲ ဖေဖေ။


ကျွန်ုပ် ။ ။ ဒါက ဒီလိုကွ ဖေဖေပြောပြမယ်၊ သေသေချာချာနားထောင်။ ဆင်ခြေထောက်ရောဂါဆိုတာဟာ ဆင်ခြေထောက်ရောဂါပိုးရှိတဲ့ ခြင်ကိုက်တာက စဖြစ်တာကွ။ လူတယောက်ကို အဲဒီခြင်က ကိုက်လိုက်လို့ရှိရင် ဒီလူဟာ ၂ နှစ်အတွင်းမှာ သားတွေ့ခဲ့တဲ့လူကြီးလို ဆင်ခြေထောက်ကြီး ဖြစ်လာတာပေါ့။


သား ။ ။ ဟုတ်ကဲ့။


ကျွန်ုပ် ။ ။ အဲဒီခြင်ဟာ ရိုးရိုးခြင်လိုမဟုတ်ဘဲ သူ့မှာ မွေးကတည်းက အစွယ်ပါတယ်။


သား ။ Amen (မျက်လုံးပြူး ပါးစပ်ဖြဲ၍) အစွယ်ကြီးနဲ့ ဟုတ်လား။


ကျွန်ုပ် ။ ။ အင်း.... အစွယ်ကြီးနဲ့ပေါ့။ ဒါပေမဲ့ အခုနေအထိတော့ အဲဒီအစွယ်နဲ့ခြင်ဟာ ဖေဖေတို့ ရန်ကုန်မှာ မတွေ့သေးဘူး။ ဒါပေမဲ့လည်း ကျိန်းသေမရှိဘူးလို့ မပြောနိုင်ဘူးတဲ့၊ အခု ရန်ကုန်ရောက်နေတဲ့ ပါရဂူက ပြောတယ်။ အခု ရန်ကုန်မှာရှိနေတဲ့ ခြင်တွေကတော့တဲ့၊ သူတို့ကိုက်လို့ရှိရင် နောက်ဆယ်နှစ်၊ ဆယ့်ငါးနှစ်အတွင်းလောက်မှာ ဆင်ခြေထောက်ရောဂါစွဲပြီး ခြေသလုံးကြီးတွေ ကြီးလာနိုင်တဲ့ သတ္တိရှိတယ်တဲ့။ အဲဒီပါရဂူကပဲ ပြောတယ်။ ဒီတော့ ငါ့သား ခြင်ကိုက်မခံရအောင် ခြင်ထောင်ထဲမှာ အိပ်၊ အိုက်တယ်ဆိုပြီး မနေ့ညကလို တိတ်တိတ်ကလေး ခြင်ထောင်အပြင်ဘက် ထွက်မအိပ်နဲ့ ကြားလား။


သား ။ ။ ဟုတ်ကဲ့ သားနောက်ကို ခြင်ထောင်အပြင်ဘက် ထွက်မအိပ်တော့ဘူးဖေဖေ၊ သားခြေသလုံးကြီးတွေ ကြီးမှာ သိပ်ကြောက်တယ်။ မေမေ့ကိုသာ ဖေဖေပြောထားပေး၊ ဖေဖေခုနကပြောတဲ့ အစွယ်ကြီးနဲ့ ခြင်ကို မေမေက အကိုက်ခံနေတာ သိလား။


ကျွန်ုပ် ။ ။ (မျက်လုံးပြူးသွားကာ) ဟဲ့ ဟဲ့ တောက်တီးတောက်တဲ့၊ မင်းမေမေက အစွယ်နဲ့ခြင် အကိုက်ခံတယ်ဆိုရအောင် ဘယ်မှာများ ခြေသလုံးကြီးနေလို့လဲဟ။


သား ။ ။ ဖေဖေ့မျက်စိအတော် မွဲသေးတာပဲ။ ခုနကဖေဖေပြောသွားတဲ့ ခြင်ကြီးက မေမေ့ခြေသလုံးကို မကိုက်ဘဲ မေမေ့ဗိုက်ကိုမှ ရွေးကိုက်သွားလို့နေမှာပေါ့။ တနေ့တခြား မေမေ့ဗိုက်....


ဤတွင် အိမ်ရှေ့ဧည့်ခန်း၌ ကျွန်ုပ်တို့ သားအဖချင်း သင်္ဂါယနာတင်နေသည်ကို အိပ်ခန်းတွင်းမှ နားထောင်နေဟန်ရှိသော မဒမ်အထောင်ဝင်းမောင်သည်—၃ မွှာပူးမွေးလိမ့်မည်ဟု ရန်ကင်းတမြို့လုံးက ထင်ကြေးပေးခြင်းခံရလောက်သည်အထိ ကြီးမားသော ဘိုက်ကြီးနှင့်—အခန်းထဲမှ ထွက်လာကာ သားတော်မောင်၏ နားရွက်ကိုဆွဲ၍ သူ့သားစကားရှေ့မဆက်နိုင်မီ အခန်းထဲသို့ ဆွဲခေါ်သွားရာ...


"အလယ် လယ်... နာတယ်မေမေ့"


ဟု မြည်တမ်းရင်း သားကလေးမှာ အခန်းတွင်းသို့ ပါသွားရရှာလေသတည်း။


x   x   x


သား အထောင်ဝင်းမောင်၏ အထင်အတိုင်း ဆိုပါမူ... ကျွန်ုပ်သည် အစွယ်ကြီးတချောင်းနှင့် (အစွယ်တချောင်း မြို့အလုပ်သမားတဦး၏ လက်ချက်နှင့် ပြုတ်ခဲ့ရ၍...) ခြင် ဖြစ်လေလော စဉ်းစားကောင်း၏။


အထောင်ဝင်းမောင်

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်