၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်
၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊
အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်
ဆရာတက်တိုး ရဲ့ မင်းမှုထမ်း စာအုပ် ကို ဘယ်လိုရေးခဲ့တယ် ဆိုတာ ကို သူ့ ရဲ့ ဆုလက်ခံတဲ့ အခန်ူအနားမှာ ပြော သွားတာ ကို ဆက်လက် ဖေါ်ပြထားပါတယ်
၁၉၅၀ ခုနှစ်၊ ဇူလိုင်လ ၃ ရက်ထုတ် ထုတ်ဝေသူထံမှ စာတစောင်
ချစ်လှစွာသော Time-Reader,
မကြာသေးမီက ရန်ကုန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ "stringer" (အချိန်ပိုင်း သတင်းထောက်) အကြောင်း သတင်းကောင်းတချို့ ကြားခဲ့ရပါတယ်။ သူက ထူးချွန်တဲ့ မြန်မာစာရေးဆရာနဲ့ သတင်းထောက် အုန်းဖေပါ။ သတင်းကတော့ သူဟာ ၁၉၅၀ ခုနှစ် Sarpay Beikman ("စာပေဗိမာန်") ဆုကို ရရှိခဲ့ပြီး ဒါဟာ သူ့နိုင်ငံရဲ့ Pulitzer ဆုနဲ့ ညီမျှပါတယ်။
ဝန်ကြီးချုပ် သခင်နု ဦးဆောင်သော မြန်မာနိုင်ငံ ဘာသာပြန်အသင်းမှ ယင်းဆုကို ချီးမြှင့်သည်။ ယင်းဆုကို တနှစ်တာ၏ အကောင်းဆုံးဝတ္ထုအတွက် ချီးမြှင့်ပြီး ဤကိစ္စတွင် အုန်းဖေ၏ ("မင်းမှုထမ်း")၊ ဗြိတိသျှတို့ မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်အတွင်း မြန်မာနှင့် ဗြိတိသျှအရာရှိများ အုပ်ချုပ်သော အဂတိလိုက်စားသည့် အုပ်ချုပ်ရေးယန္တရားအကြောင်း ဇာတ်လမ်းတပုဒ်က ရရှိသွားပါတယ်။
အချိန်ပိုင်း သတင်းထောက် အုန်းဖေ သည် သူ့ဒေသရှိ အခြေအနေများကို Time မဂ္ဂဇင်း အယ်ဒီတာများထံ အစီရင်ခံတင်ပြပြီး ပုံမှန်သတင်းထောက်များ သတင်းဆောင်းပါးတာဝန်များဖြင့် ရောက်ရှိသည့်အခါ ကူညီပေးသည်။ သူသည် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာတွင် စာသင်ခဲ့သည်။ ထိပ်တန်းအယ်ဒီတာရာထူးများစွာကို ထမ်းဆောင်ပြီးနောက် Burma Press Syndicate ၏ အယ်ဒီတာချုပ် ဖြစ်လာခဲ့သည်။ သူ၏ဇနီး နုယဥ် သည် ကဗျာဆရာမနှင့် ဝတ္ထုတိုရေးဆရာတဦးဖြစ်သည်။
ကလောင်အမည်မှာ"တက်တိုး"ဆိုလိုတာက"တိုးတက်မှု"....သတင်းသမား ဖေ သည် မြန်မာစာဖတ်သူများ အတွက် အနောက်တိုင်းဂန္ထဝင်စာအုပ်များစွာကို ဘာသာပြန်ဆိုခဲ့သည်။ ၎င်းတို့ထဲတွင် Flaubert ၏မဒမ် ဘိုဗရီဟူဂိုရဲ့နိုထရာဒမ်းမြို့က ခါးကုန်းသူ၊ လူးဒ်ဝစ်ဂ်၏နပိုလီယံနှင့် De Maupassant ဝတ္ထုတိုများစွာ။ ဦးအုန်းဖေ၏ ရှေးရိုးဂန္ထဝင် ဘာသာပြန်လက်ရာတခု တခုမှာ မပါတော့တဲ့ စာအုပ် တအုပ် ကတော့ ဒေးလ်ကာနက်ဂျီ၏ 'သောကကင်းဝေး နေပျော်ရေး' ပင် ဖြစ်၏။ သူ၏ ဝတ္ထုအသစ်တွင်မူ ထိုဖြစ်စဉ်ကို ပြောင်းပြန်လှန်ရန် စီစဉ်ထားပြီး၊ ဗြိတိန်နှင့် အမေရိကန် စာဖတ်ပရိသတ်များအတွက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေသွားမည် ဖြစ်သည်။
တက်တိုး၏ ၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ပေးပွဲ မှာ ပြောဆိုချက်
ကျွန်တော့်ကို ၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာပေဗိမာန်ဆုဟာ ၁၉၄၈ ခုနှစ်ကစပြီး တီထွင်ခဲ့တာ။ တီထွင်တဲ့နှစ်မှာ စာရေးဆရာများထဲမှ နာမည်ကြီးစာရေးဆရာ မဟုတ်တဲ့ မင်းအောင်က ဆုရသွားတယ်။ အဲဒီလို နာမည်ကြီးတယောက် မဟုတ်တဲ့အတွက်ကြောင့်ပဲထင်ပါရဲ့။ စာပေဗိမာန်ဆုဟာ ပိုပြီး နာမည်ကြီးလာပေတယ်။ ဘာကြောင့် လူကြိုက်များတဲ့စာရေးဆရာကို ဆုမပေးရတာလဲဆိုတဲ့ သဘောနဲ့ ဝိုင်းပြီးဆူကြတာနဲ့ စာပေဗိမာန်ဆုအကြောင်းကို လူသိများလာတယ်လို့ ဆိုရပေးမယ်။ ပထမနှစ်မှာ ‘မင်းအောင်’ ကို ဆုပေးလိုက်လို့ ဆူကြပြီးခါရှိသေး၊ ဒုတိယနှစ်ကျတော့ အဆင့်အတန်းမီတဲ့ ဝတ္ထု မရှိတဲ့အတွက် ဆုမပေးလို့ ကြေညာလိုက်ပြန်တယ်။ အဲဒီလို ဆုမပေးလိုက်တာလည်း စာပေဗိမာန်ဆုအတွက် ကြော်ငြာတမျိုး ဖြစ်သွားတာပဲ။
ဒီနှစ်ကျတော့ လူကြိုက်များတဲ့ စာရေးဆရာတယောက်မဟုတ်တဲ့ ကျွန်တော့်ကို ဆုပေးလိုက်ပြန်တယ်။ အဲဒါလည်း စာပေဗိမာန်ဆု နာမည် ထင်ရှားဖို့အကြောင်းပဲလို့ ကျွန်တော်ထင်မိပါတယ်။
အဲဒီလို ဖြစ်လာတဲ့ဖြစ်စဉ်ကို ကြည့်လိုက်ရင် အချက်တခု ထင်ရှားလာပါတယ်။ အဲဒါ စာပေဗိမာန်ဆုဟာ လူကြိုက်များတယ်ဆိုတဲ့ အချက်တခုတခုကို နည်းနည်းမှ အရေးမပေးဘဲ ဝတ္ထုအင်္ဂါနဲ့ အပြည့်စုံဆုံးလို့ အကဲဖြတ်လူကြီးများက ယုံကြည်တဲ့ ဝတ္ထုကို ရွေးချယ်ပြီး ဆုပေးတဲ့အချက်ပါပဲ။
အဲဒီအချက်ကို ကျွန်တော့်လို ဆုရတဲ့လူက ဖော်ပေးတာ ကြည့်လို့ကောင်းချင်မှ ကောင်းမယ်။ ဒါပေမဲ့ ဒီအချက်ဟာ သတိမူတဲ့ လူတိုင်းအဖို့ ထင်ရှားတဲ့ အချက်ဖြစ်လို့ ကျွန်တော် မဖော်ပြလည်း သိကြမှာပါပဲ။
စာပေဗိမာန်ဆုဟာ စာပေသမားများအဖို့ ရည်မှန်းအပ်လောက်အောင် ဂုဏ်ဒြပ်ရှိတယ်၊ မရှိဘူးဆိုတာဟာ အစဉ်အလာဖြစ်တော့မှပဲ သိရတော့မယ်။ အခုနေတော့ နည်းနည်းစောပါသေးတယ်။ စာရေးဆရာတဦးအဖြစ်နဲ့ တခုတော့ ပြောချင်ပါတယ်။ စာရေးဆရာများဟာ ဝတ္ထုရေးပြီးရင် ငါ့ဝတ္ထု စာပေဗိမာန်ဆု ရဖို့ နီးရဲ့လားလို့ စိတ်ထဲမှာ ပေါ်ပေါက်လာကြပါတယ်။ အဲဒါဟာ ဖွင့်ပြီး ဝန်ခံချင်ခံ၊ မခံချင်နေ အမှန်တော့ အမှန်ပဲ။
တချို့က စာပေဗိမာန်ဆုကို ပြက်ရယ်ပြုကြတယ်။ အစိုးရဆုဆိုတဲ့ အနေမျိုး ပြောကြတယ်။ အဲဒီလိုပြောတာဟာ ပြောနိုင်ကြပါတယ်။ လွတ်လွတ်လပ်လပ် ပြောကြတာ၊ ဝေဖန်ကြတာမျိုး။ ဒါပေမဲ့ တခုတော့ရှိတယ်၊ စာပေထွန်းကားတဲ့ တိုင်းပြည်တိုင်းလိုလိုမှာ စာပေဆုရယ်လို့တော့ ရှိရတာပါပဲ။ အမေရိကန်မှာ ပုလစ်ဇာဆု၊ ပြင်သစ်မှာ Prix Goncourt ဆုတို့၊ အင်္ဂလန်မှာ James Tait Black Memorial ဆု၊ Hawthornden ဆုတို့ ရှိကြသလို ဆွီဒင်မှာလည်း နိုဘယ်စာပေဆုများ ရှိကြတယ်။ အဲဒီတော့ စာပေဗိမာန်ဆုဟာ အမျိုးသားစာပေဆုတခုအနေနဲ့တော့ ရှိသင့်တယ်လို့ ဆုံးဖြတ်ကြရပေလိမ့်မယ်။ အဲဒီဆု တန်ဖိုးရှိအောင် အစဉ်အလာကောင်းအောင် ဆောင်ရွက်ကြဖို့ပဲ လိုပါတယ်။ မြန်မာပြည်မှာ စာပေဆုတခု ရှိသင့်တယ်ဆိုတဲ့အချက်ကို ပျက်ဆီးပစ်ဖို့တော့ မသင့်လျော်ဘူးပေါ့။
ကျွန်တော် ‘မင်းမူထမ်း’ ဝတ္ထုကို ဘယ်လိုရေးသလဲ မေးကြတယ်။ ဒီဝတ္ထုကိုရေးဖို့ရာ အကြောင်းအရာများကို ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်လောက် က စာရေးဆရာဘဝနဲ့ စေ့စေ့ငုငုသုံးသပ်လေ့လာခဲ့ပါတယ်။ စာရေးအလုပ်ကို အလွန် မုန်းနေပေမဲ့ အကြောင်းအလှည့် မသင့်လို့ လုပ်ရတော့ လုပ်ရတဲ့ အတူတူ ဆိုးတဲ့ အမူထမ်း၊ အရာထမ်းလောကကို လေ့လာသုံးသပ်ခဲ့ပါတယ်။ စာရေးအလုပ် လုပ်နေတုန်းမှာပဲ စာအုပ်များများဖတ်၊ စာအုပ်များများရေးခဲ့ပါတယ်။ စာရေးတွေရဲ့ အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်တွေ၊ အရာရှိတွေ ရဲ့စိတ်နေစိတ်ထား၊ မျက်နှာဖြူတွေရဲ့ သဘောထား ... အဲဒါတွေကို လေ့လာခဲ့ပါတယ်။ လာဘ်ပေး လာဘ်ယူကိစ္စကို ကျွန်တော် အထူးစိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့်မို့ လာဘ် ပေးနည်း၊ လာဘ်ဆွယ်နည်း၊ လာဘ်ယူနည်းအမျိုးမျိုးကို Case Histories ဆိုခေါ်တဲ့ တကယ့်အဖြစ်အပျက်ကလေးများ ရေးယူရင်း၊ စုံစမ်းရင်း လေ့လာခဲ့ပါ တယ်။ ကျွန်တော်သိတဲ့အကြောင်းတွေ အားလုံးကို ဝတ္ထုထဲ ထည့်နိုင်သေးတာ မဟုတ်ဘူးခင်ဗျ။ နောက်ထပ်ဝတ္ထုတစ်အုပ် ရေးရဦးတော့မလို ဖြစ်နေပါတယ်။
လာဘ်ပေး လာဘ်ယူ ကိစ္စတွင်သာ မကသေးဘူး။ ဘုရားထူးတဲ့ အကျင့်၊ ဒူးထောက်တဲ့ အကျင့်၊ အင်္ဂလိပ်အရာရှိကြီးများက ညှင်းဆဲပုံ၊ မြန်မာတွေကို ကျွန်လို သဘောထားပုံအစရှိတာတွေကို လေ့လာခဲ့ပါတယ်။
အဲဒီလို စာရေးဘဝက ရထားတဲ့ ဗဟုသုတတွေကို သင့်သလို အသုံးပြုပြီး ‘မင်းမှုထမ်း’ ဝတ္ထုကို ရေးပါတယ်။ ဝတ္ထုရဲ့ နောက်ခံကားချပ်ကြီးအဖြစ်နဲ့ ကျွန်တော် ငယ်ငယ်ကတည်းက အကျွမ်းဝင်လာခဲ့တဲ့ မြေလတ်ဒေသ မကွေးမြို့ကလေးကို တည်ကိန်းပြုပြီး ဇာတ်ကောင်များကို ချထားပြီး ဝတ္ထုအဆောက်အဦ ကိုတည်ဆောက်ထားပါတယ်။ ဝတ္ထုထဲက ဇာတ်ကောင်တွေဟာ အကယ်လူတွေလားလို့ မေးကြတယ်။ အကယ်လူတွေလို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ တကယ်လူတွေကို အခြေခံထားတဲ့ အနုပညာအစွမ်းနဲ့ ဖန်ဆင်းတဲ့ သတ္တဝါတွေလို့ ဆိုချင်ပါတယ်။ အကယ်သူလူားအကြောင်းကို တိုက်ရိုက်ရေးထားတာဟာ အနုပညာလုပ်ငန်း မဟုတ်ပါဘူး။ သတင်းဆောင်းပါးမျိုးသာ ဖြစ်သွားပါလိမ့်မယ်။ အနုပညာသဘောကတော့ ရွေးချယ်ခြင်းပါပဲ။ အကယ်အဖြစ်အပျက်တွေ၊ တကယ်လူတွေထဲက သင့်ရာအချက်အလက်တို့ကို ရွေးချယ်ပြီး စိတ်ကူးဉာဏ်လုံအိုးမှာထည့်ပြီး ထိုးလိုက်လို့ ထွက်ပေါ်လာတဲ့ မူမှန်တဲ့ သစ္စာရွှေစင်ဟာ အနုပညာဓာတ်လုံးလို့ပဲ ဆိုလိုက်ချင်ပါတယ်။ အဲဒါကြောင့် ‘မင်းမှုထမ်း’ ဝတ္ထုထဲဇာတ်လိုက် မြို့အုပ်ကံဝင်းထွန်းဟာ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ပုံတူမဟုတ်ပါဘူး။ ဒါပေမဲ့ သူလိုလူစားမျိုးကို နေရာတကာမှာ တွေ့နိုင်ပါလိမ့်မယ်။ ဒီနည်းအတိုင်းပဲ တခြားဇာတ်ကောင်တွေဟာလည်း ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ပုံတူများ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့ ဗမာပြည်အရပ်ရပ်မှာ တွေ့နိုင်ကြပေလိမ့်မယ်။ ဝတ္ထုဇာတ်ကောင်များ မူမှန်၊မမှန် စိစစ်တဲ့အခါ အဲဒီဇာတ်ကောင် တွေဟာ လူနဲ့ တူသလား၊ မတူဘူးလား၊ အသက်မရှိတဲ့ သစ်သားရုပ်ကြီးတွေနဲ့ပဲ တူနေသလားဆိုတာ စိစစ်ကြည့်ကြည့်ရင် မူမှန်မမှန်။ကို ထင်ထင်ရှားရှားသိလာနိုင်ပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ကျွန်တော် ဝတ္ထုကို ပုံနှိပ်နေတုန်းမှာ အသက် တဆယ့်သုံး၊ လေးနှစ်လောက်ရှိတဲ့ စာစီသမားကလေး မောင်စိုးတင့်ပြောတဲ့ အကြောင်းကို သတိရမိပါတယ်။ ဒီသူငယ်ကလေးဟာ ကျွန်တော့်ဝတ္ထုကို စီနေရင်း ဖတ်တာကို တွေ့ရပါတယ်။ တနေ့သောအခါမှာတော့ ကျွန်တော့်အနားကို မရဲတရဲ ကပ်လာပြီးတော့ “ဆရာ ဆရာ့ဝတ္ထုထဲက မြို့အုပ် ကိုတင်သိန်းတို့ လင်မယားဆီက ငါပေါင်းးကြော်ရောင်းတဲ့ အသည်က ပိုက်ဆံမယူဘဲနဲ့ အလကားကျွေးလိုက်တယ်ဆိုတာ ကျွန်တော်တို့မြို့က မြို့အုပ် အကြောင်း ရေးထားတာလားလို့ မေးတယ်။ အဲဒီတော့မှ သဘာဝကျတယ်ဆိုတာ ဒါမျိုးပဲထင်ပါရဲ့လို့ ကျွန်တော် အောက်မေ့မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဝတ္ထုထဲက ဧရာဝတီမှာ ဇာတ်အိမ်တည်ပါတယ်။ အဲဒါတော့ မြို့အုပ် ဝန်ထမ်းပတ်သက်တဲ့ အကြောင်းအရာကလေးတွေဟာ မြန်မာပြည် တပြည်လုံးမှာ အတူတူချည်းဘဲ ဆိုတာ ထင်ရှားပါတော့တယ်။
ကျွန်တော့်ဝတ္ထုကို ဝေဖန်ကြသူအချို့က တက်တိုးဟာ ဝတ္ထုကို အနုပညာပစ္စည်းတခုအဖြစ် ရေးတယ်ဆိုရင် တရားဟောစာတွေ မထည့်ရဘူးဆိုပြီး အများကြီး ကန့်ကွက်ခဲ့ပါလျက်နဲ့ အခု သူဝတ္ထုကျတော့ တရားဟောတာတွေ အများကြီးပဲပါနေပါလား ဆိုကြပါတယ်။ အဲဒီဝေဖန်ရေးဆရာကြီးများ သတိမမူမိတဲ့ အချက်ကလေးတခုကို ကျွန်တော်က ညွှန်ပြခဲ့ပါရစေခင်ဗျာ။ ကျွန်တော့်ဇာတ်လိုက် မြို့အုပ်တင်သိန်းဟာ လက်တွေ့ တော်လှန်ရေးသမား မဟုတ်ဘဲ ပြုပြင်ရေးသမား တရားဟောဆရာတဦးဖြစ်တယ်ဆိုတဲ့ အချက်ကလေးပါပဲ။ အဲဒီအချက်ကို မသိရရင် တင်သိန်း ကိုယ်တိုင်က ဇာတ်သိမ်းခန်းမှာသက်ပြင်းကြီးချပြီး ဝန်ခံသွားတာကိုသာ သတိပြုလိုက်ကြပါတော့လို့ ကျွန်တော်က တောင်းပန်ပါတယ်ခင်ဗျား။
ဒီလောက်ပြောရင် တော်လောက်ပြီထင်ပါတယ်။ ကျွန်တော့်ကို ချီးကျူးကြတဲ့ အစည်းအဝေးလာ ပရိသတ်ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Comments
Post a Comment