ဆောင်းပါး ဝတ္ထုအမည် - တုပ်ကွေး စာရေးဆရာ - သိပ္ပံမောင်ဝ (မောင်လူအေး)
ဆောင်းပါး ဝတ္ထုအမည် - တုပ်ကွေး
စာရေးဆရာ - သိပ္ပံမောင်ဝ (မောင်လူအေး)
တုပ်ကွေး ကွေးခြင်း၏ အရသာကို ဤဆောင်းပါးဖတ်သူအပေါင်းတို့ ခံစားကောင်း ခံစားဖူးကြပေလိမ့်မည်။ ကုသိုလ်ကံမကောင်းသောကြောင့် တုပ်ကွေး၏ အရသာကို မခံစားရဖူးသောသူတို့လည်း ရှိချင်ရှိပေလိမ့်မည်။ ထိုသူတို့၏ အကျိုးငှာ တုပ်ကွေး၏ အရသာ မည်သို့နေကြောင်းကို ရေးသားဖော်ပြလိုက်ပါမည်။ ကျေးဇူးတင်လိုကလည်း တင်ကြပါကုန်။ ကျေးဇူး မတင်လိုကလည်း နေနိုင်ပါသည်။
ရာသီဥတု အပြောင်းအလဲတွင် တုပ်ကွေးနတ် ဖမ်းစားလေ့ရှိသည့်အတိုင်း မိုးအကုန် ဆောင်းအကူးတွင် မောင်လူအေးအား တုပ်ကွေးနတ် ဝင်ပူးလေတော့၏။
လက်ဦးတွင် ချောင်းအနည်းငယ်ဆိုး၏။ ထို့နောက် မျက်စိပူ၏။ ထို့နောက် တစ်ကိုယ်လုံး ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်း နေ၏။ ထမင်းမစားချင်၊ ဆေးလိပ်မသောက်ချင်ဖြစ်၍လာ၏။ အတန်ကြာလျှင် အိပ်ရာထဲတွင် ဝင်ကွေးချင်သောစိတ်ပေါ်၍ လာလေတော့သည်။ ထိုအခါ အိပ်ရာထဲသို့ ရောက်၍ သွားလေသတည်း။
အိပ်ရာထဲသို့ရောက်သောအခါ တစ်မျိုးဆန်းကြယ်လာပြန်၏။ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်လာရုံမျှမက ကိုယ်လက်တွေလည်း ကိုက်လာလေ၏။ ထိုအခါ စောင်ထူထူ သုံးလေးထည်ကို ထပ်ကာခြုံပြီးလျှင် ကွေးနေလေတော့၏။
ဤအခါ တုပ်ကွေး၏အရသာပေါ်၍ လာလေသည်။ အလွန်စည်းစိမ်ရှိ၊ အလွန်နှစ်သက်ဖွယ်ကောင်းသော အရသာပေတည်း။ မည်သည့် အရသာမျိုးနှင့်မျှ မတူပေ။ စာဖြင့်ရေးပြ၍ ရသောအရသာမျိုးလည်း မဟုတ်။
နှုတ်ဖြင့်ပြော၍ရသော အရသာဟူ၍ သာမန်အားဖြင့် ဆိုရပေတော့မည်။
ဤသို့ အိပ်ရာထဲတွင် ကွေး၍ ကောင်းတုန်းတွင် မောင်လူအေး၏ စိတ်သည် ကစားစပြုလာ၏။ အရက်သမား၏ဝမ်းထဲသို့ အရက်ဝင်သွား၍ မကြာမီအတွင်း အရက်သမား၏စိတ်မှာ တစ်မျိုးပျော်ရွှင်လာသကဲ့သို့ မောင်လူအေး၏ စိတ်မှာလည်း တုပ်ကွေး၏တန်ခိုးကြောင့် ပျော်ရွှင်လာသလိုလို ဘာလိုလိုဖြစ်၍လာ၏။ စကားများချင်သလိုလို ဘာလိုလိုဖြစ်၍လာ၏။ အတော်ကြာလျှင် သူ၏စိတ်သည် အငြိမ်မနေတော့ပြီ။
ဤသို့ ဟိုစဉ်းစား သည်စဉ်းစား လုပ်နေခိုက် ဂျူဗလီဟောရုံကြီးအနီးသို့ရောက်သွား၏။ အဘယ်သို့ ရောက်သွားသည်ဟူ၍ မောင်လူအေးကား မသိ၊ ရောက်၍သွားသည်ကား မှန်ပေသည်။ မောင်လူအေး ရောက်၍ သွားသောအခါကား ဂျူဗလီဟောရုံကြီးတွင် စတုတ္ထအကြိမ်မြောက် အစိုးရသိန်းထီကြီးကို ဖွင့်နေသောအခါ ဖြစ်လေသည်။
ရုံကြီးအတွင်းမှာရော အပြင်မှာရော လူအမျိုးမျိုးတို့နှင့် ပြည့်ကျပ်လျက် နေလေသည်။ ကုလား၊ တရုတ်၊ ကရင်၊ မြန်မာ၊ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ စုံ၍သာ နေလေတော့သည်။ အပြင်ဘက်နေပူကျကျကြီးတွင် ထိလက်မှတ်များကို အသီးသီးကိုင်ကာ အောင်ဘာလေ နံပါတ်ကိုသာ နားထောင်နေကြလေသည်။
မောင်လူအေးလည်း နေပူကျကျကြီးတွင် ချွေးတလုံးလုံးနှင့် မိမိ၏ ထိလက်မှတ်ကိုင်ကာ ပေါက်စဉ်ဂဏန်းကိုသာ နားထောင်နေလေသည်။ ဤမျှ ပေါများသော လူထုကြီးထဲတွင် မိမိ၏ အသိမိတ်ဆွေတစ်ယောက်မျှ မပါသည်မှာ ထူးဆန်းသလိုလို ထင်မှတ်မိလေသည်။ သို့သော် ထိုနေရာသို့ ရောက်၍များ မကြာမီအတွင်းမှာပင် အနီးအနားရှိ လူများနှင့် မိတ်ဆွေဖြစ်သွားပြီးလျှင် ရယ်လားမောလား စကားပြောကာ အပျော်ကြီးပျော်နေလေတော့သည်။
ဤသို့ စကားကောင်းနေ၍ ခဏမျှကြာသောအခါ 'နံပါတ် ၁၄၄၆၆၁ အတိတ် ခေတ်စမ်းကူး ပေါက်သူအမည် မောင်လူအေး၊ ပထမဆု ငွေတစ်သိန်း' ဤကြေညာချက်ကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် —
'ကော်ပြားကူ၊ အသက်အမခံ ကိုယ်စားလှယ်တွေ မလာကြနဲ့၊ မော်တော်ကား ကိုယ်စားလှယ်တွေ မလာကြနဲ့၊ အလှူခံတွေ မလာကြနဲ့၊
လယ်ပေါင်းမယ့် လူတွေ မလာကြနဲ့၊ ငွေတွေအားလုံး ဘဏ်မှာထားမယ်' ဟူ၍ အော်ကာ လက်ခုပ်လက်ဝါးတီးလိုက်၏။
'ကိုကို... ကိုကို' ဟုခေါ်ကာ ခင်သန်းမြင့်က လှုပ်နှိုး၏။
'ဟင် ဘာလဲ' ဟု ထူးလိုက်၏။ သို့သော် ဂျူဗလီဟောကား မျက်စိထဲတွင် မပျောက်သေးပေ။
'ကိုကို ဘာတွေလျှောက်ပြောနေတာလဲ၊ ယောင်နေတာလား'
'ဟင် ဘာမှ မပြောရပါကလား' ဟု မောင်လူအေးက ပြော၏။
'ကိုကို အိပ်ပျော် သွားသလား' ဟု မေးပြန်၏။
'မပျော်ပါဘူး၊ ဂျူဗလီဟော အစိုးရသိန်းထီဖွင့်ရာကိုရောက်သွားသလိုလိုပဲ'
'ဟိုဟာ သည်ဟာတွေကို စဉ်းစားမနေနဲ့လေ၊ အိပ်ပျော်အောင် အိပ်လိုက်ပါလား၊ ကိုယ်လက်ကိုက်တာ ဘယ်နှယ် နေသေးသလဲ၊ ပရုတ်ဆီ လိမ်းပေးမယ်လေ'
'အင်း အကောင်းသားပဲ'
ခင်သန်းမြင့်သည် မောင်လူအေးအား ပရုတ်ဆီလိမ်းပေးရင်း အသာနှိပ်ပေး၏။ ပြီးလျှင် အိပ်ရာဘေး ဆိုဖာပေါ်တွင် ထိုင်ကာ မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရှုနေ၏။
မောင်လူအေးလည်း ခင်သန်းမြင့်ကိုကြည့်ရင်း စဉ်းစားခန်းထုတ်ပြန်၏။
မိမိသည် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဘောပွဲကို တစ်ခါမျှ မကြည့်ဖူးသေးပေ။ ယခုနှစ် ထိုဘောပွဲကို အထက်မြန်မာပြည် မန္တလေးမြို့၌ ကျင်းပမည်ဟု သတင်းစာထဲတွင် ဖတ်လိုက်ရလေသည်။ ရွှေဘိုနှင့် မန္တလေး ဝေးလှသည်မဟုတ်။ ထိုဘောပွဲကို ကြည့်ဖူးသည်ရှိရလေအောင် ရွှေဘိုမှ မော်တော်ကားဖြင့် သွားကြည့်ရလျှင် အလွန်ကောင်းပေမည်။ အထက်မြန်မာပြည်ဘက်မှနေ၍ သွားပြီး လက်ခုပ်လက်ဝါးတီးကာ အားပေးရရန်မှာလည်း ဝတ္တရားရှိပေသည်။
ဆိုဖာပေါ်တွင် ထိုင်နေသော ခင်သန်းမြင့်၏ ရုပ်သည် တစ်စတစ်စ ပျောက်ကွယ်၍ သွားပြီးလျှင် ထိုနေရာတွင် လမ်းဝန်ထောက် ဦးသာဒုတ် ရောက်နေ၏။ သူ၏အနားတွင်လည်း ကပ္ပတိန်သိန်းမောင်တို့၊ ဦးမောင်မောင်တို့တစ်တွေ ရောက်၍ နေလေသည်။
ထိုနေရာမှာ မိမိ၏ အိမ်မဟုတ်တော့ပြီ။ အထက်မြန်မာပြည်ဘောလုံးကစားရာ နေရာဖြစ်နေမှန်းကို သိရလေသည်။ မောင်လူအေးမှာ မိတ်ဆွေတစ်သိုက်နှင့် ရယ်လား မောလားနှင့်နေ၏။ မန္တလေး ဘောလုံးကွင်းကြီးမှာလည်း အထူး စည်ကားလျက်နေလေသည်။
အတန်ကြာလျှင် မောင်လူအေးတို့ လူသိုက် မိမိတို့ နေရာအသီးသီးတွင် ထိုင်ကာ ဘောလုံးပွဲကို ကြည့်၍ နေကြကုန်၏။ အထက် မြန်မာပြည်ဘက်မှ ကစားကြသောသူများတွင် မိမိသိဖူးသော လယ်ဝန်ထောက် ဦးညို၊ မြို့အုပ် ဦးမြရင်၊ သစ်တောဝန်ထောက် မစ္စတာရုတ်ကွင်း၊ လယ်ဝန်ကလေး ဦးဝင်းတို့ပါသည်ကို မြင်ရ၏။
အောက်မြန်မာပြည်ဘက်မှာလည်း မိမိသိဖူးသောသူ သုံးယောက်ပါနေလေသည်။
ဘောပွဲစ၍ ကစားသည်နှင့် တစ်ပြိုင်နက် ဦးညိုက ယူပြေးပြီးလျှင် ဦးဝင်းဘက်သို့ ပေးလိုက်၏။ ဦးဝင်းလည်း တအားကုန် ကျူးလိုက်ရာ အောက်မြန်မာပြည်အသင်း၏ ဂိုးအတွင်းသို့ဝင်သွားလေသတည်း။
ပရိသတ်ကြီး၏ ဩဘာသံကြီးမှာ ဆူညံ၍ သွား၏။ မောင်လူအေးမှာလည်း အထက်မြန်မာပြည်က နိုင်သည်တစ်ကြောင်း၊ ဦးသာဒုတ်နှင့် လောင်းထားသောကြောင့် ငွေငါးကျပ်ရမည်ကတစ်ကြောင်းတို့ကြောင့် နှစ်ထောင်အားရ ရှိလှသဖြင့် ဂိုးဟူ၍ အသံကုန် အော်ကာ လက်ခုပ်လက်ဝါးတီးလိုက်၏။
'ကိုကို... ကိုကို... ဘာတွေပြောနေတာလဲ' ဟု ခင်သန်းမြင့်က မောင်လူအေး၏ ကိုယ်ကို လှုပ်၍မေး၏။
'ဟင် ဘာမှ မပြောပါကလား' ဟု မောင်လူအေးက ပြော၏။
'မပြောဘူးသာ ဆိုတယ်၊ လက်ခုပ်တွေတီး၊ ပါးစပ်ကလည်း ဘာတွေပြောနေတယ် မသိဘူး'
'ဘာမှတော့ မပြောပါဘူး၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဘောပွဲကို ရောက်သွားတယ်'
'ကိုကိုက အိပ်ပျော်အောင် အိပ်တာမှ မဟုတ်ဘဲ၊ ဟိုစိတ်ကူး သည်စိတ်ကူး လုပ်နေတာကိုး'
'ပျော်အောင် အိပ်တာပဲ၊ ပျော်မှ မပျော်ဘဲဟာ'
'ဒါဖြင့် နေရာမကျဘူး၊ အဖျားဒီဂရီ ယူလေမှပဲ'
'သဘောပဲ'
ခင်သန်းမြင့်သည် ပြာပြာသဖြင့် မောင်လူအေး၏ အဖျားကိုယူ၏။
ယူပြီးသည်နှင့်တစ်ပြိုင်နက် မျက်လုံးပြုးသွား၏။ အကြောင်းမူကား အဖျားဒီဂရီ ၁၀၄ ထက်ကျော်လွန်နေသောကြောင့်တည်း။
ထို့နောက် ချက်ချင်းပင် ဆရာဝန်ကို အခေါ်လွှတ်လိုက်၏။ မကြာမီ ဆရာဝန်ရောက်လာလေသည်။ ဆရာဝန်လည်း မောင်လူအေးအား စမ်းသပ်ပြီးနောက် ခါးသော ဆေးတွေကို သောက်ရန် ပေး၏။ ဝမ်းနုတ်ဆေးတွေကို ပေး၏။ မောင်လူအေး အငြိမ်မနေရတော့ပြီ။
ယခင်က စည်းစိမ်ကလေးနှင့် ကွေးနေရသော စည်းစိမ်များပြန်မလာတော့ချေ။ ယခင်က စိတ်ကူးယဉ်သော စည်းစိမ်မျိုးလည်း ပျောက်ကွယ်၍ သွားတော့၏။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဘောလုံးပွဲကိုလည်း မကြည့်ရတော့ပြီ။ အစိုးရသိန်းထီတွင် ပထမဆုရသောကြောင့် ခံစားခဲ့ရသော စည်းစိမ်မျိုးကိုလည်း မခံစားရတော့ပြီ။ ကိုယ်လက်ကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာတို့ကိုသာ ခံစားနေရလေတော့သတည်း။
အကယ်၍ ခင်သန်းမြင့်ကသာ ဆရာဝန်ကို အခေါ်မလွှတ်လိုက်ပါလျှင် ယခင်ကထက် ဆန်းကြယ်မွန်မြတ်သော စိတ်ကူးစည်းစိမ်မျိုးကို ခံရမည်မှာ မလွဲတော့ပေ။
*(ဒဂုဏ်၊ တွဲ-၂၀၊ မှတ်-၂၃၄၊ ဖေဖော်ဝါရီလ၊ ၁၉၄၀)*
1. **တုပ်ကွေး စည်းစိမ် | သိပ္ပံမောင်ဝ၏ မောင်လူအေး ဝတ္ထုတိုများ**
2. **သိပ္ပံမောင်ဝ - တုပ်ကွေး (မြန်မာအသံထွက် ဝတ္ထုတိုများ)**
3. **တုပ်ကွေးဖျားရင်း သိန်းထီပေါက်ခဲ့တဲ့ မောင်လူအေး | မြန်မာရသဝတ္ထုတို**
---
ဆောင်းပါး ဝတ္ထုအမည် - တုပ်ကွေး
စာရေးဆရာ - သိပ္ပံမောင်ဝ (မောင်လူအေး)
စာဖတ်သူ - မနေခြည်မိုးဦး
ကြာချိန် - ၉ မိနစ်
ဆရာကြီး သိပ္ပံမောင်ဝ က တုပ်ကွေး ဖြစ်ဘူးသူတိုင်းအတွက် အမှတ်တရ ရေးပေးထားခဲတဲ့ ဝတ္ထုဆောင်းပါး ပါ။ တုတ်ကွေးဖြစ်တယ် ဆိုတာနဲ့ ဒီ ဆောင်းပါးကိူ သတိရတယ်
📖 ဇာတ်လမ်းအကျဉ်း -
ဆောင်းအကူး ရာသီဥတုအပြောင်းအလဲမှာ တုပ်ကွေးမိပြီး အိပ်ရာထဲကွေးနေရတဲ့ မောင်လူအေးတစ်ယောက် စောင်ထူထူခြုံပြီး စိတ်ကူးယဉ် အိပ်မက်တွေမက်ရာကနေ ဘာတွေဆက်ဖြစ်မလဲ?
အစိုးရသိန်းထီ ပထမဆု ငွေတစ်သိန်း ပေါက်တာတွေ၊ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် ဘောလုံးပွဲ သွားကြည့်ပြီး အားပေးရတာတွေကို ယောင်မှားပြီး အိပ်မက်မက်နေစဉ်မှာပဲ ဇနီးဖြစ်သူ ခင်သန်းမြင့်က အဖျားတိုင်းကြည့်လိုက်တဲ့အခါ... အဖျား ၁၀၄ ဒီဂရီအထိ တက်နေတာကို တွေ့လိုက်ရတဲ့အခါမှာတော့... 😂💊
#သိပ္ပံမောင်ဝ #မောင်လူအေး #မြန်မာဝတ္ထုတိုများ #BurmeseAudiobook #တုပ်ကွေး #မြန်မာစာပေ #ခေတ်ဆမ်းစာပေ #MyanmarStory
Comments
Post a Comment