ကြည့်တတ်ဘို့လိုပြီ ကြပ်ကလေး စာပေါလောက သွေးသောက် မဂ္ဂဇင်း
ကြည့်တတ်ဘို့လိုပြီ
ဤကား ဒုတိယအကြိမ်ပင်တည်း။
အယင်…… လွန်လေပြီးသော အတိတ်ကာလ၊ တခါတသမယဆီက ကျွန်တော်ရေးခဲ့ပြီးပါပြီ။ ယနေ့ အခြေအနေတွင် မရေးမဖြစ်၍ တကြိမ်ထပ်မံ၍ သတိပေး ရေးသားရပြန်ပါတော့သည်။
ငယ်ရာမှကြီး၍ ကြီးရာမှပင် ပြန်၍ငယ်ကြရဦးတော့မည့် ကျွန်တော်တို့သည် ငယ်ငယ်က အကျင့် တွေ ပါမလာခဲ့တော့ချေ။ ဆုံးရှူံးခြင်းကြီးတရပ် (တရပ်မှာ ငါးပေနှင့် ခြောက်ပေအကြားတွင် ရှိတတ်၏) ဖြစ်ရချေ၏။ ငယ်စဉ်က သုတေသနပြုခဲ့သည့်အချက်များသည် ကြီးပြင်းသောအခါ အသုံးမချကြတော့သဖြင့် သုတေသနပြုခဲ့ရာတွင် ကုန်ဆုံးခဲ့ရသောအချိန် (ဥပမာ.... နှစ်ပိဿာခွဲ) နှင့် လုပ်အား (ဥပမာ…လားများစု ဝေးနေခြင်း) တို့သည် အလဟသ (နောက်ပြန်ဖတ်လျှင်….သဟလအ) ဖြစ်ကုန်ရသည်ကား နှမြောစဖွယ် ကောင်းလှပေတော့သည်။ (နောက်ဆုံးသုံးလုံးကို စကားလိမ်လိုဖတ်လျှင် B တော့သေဟု ဖြစ်ချင်သည်)
“နေပါအုံး.... ဘယ်ဟာကိုပြောနေတာလဲ” ဟု မေးစရာရှိ၏။ မေးစရာရှိသလို ဖြေစရာလဲရှိပါသည်။ ကျွန်တော်တို့ငယ်စဉ်က ဘောင်းဘီတိုလေးဝတ် ပေါင်ကားရပ်ကာ၊ ခါးကိုကိုင်း၍ ပေါင်ကြားမှနေ အဝေးမှ အရာဝတ္ထုများကို ကြည့်ခဲ့ကြသည်။ ထိုအခါတွင် ရခဲ့သောရလာဘ်များကား၊ လူတွေဇောက်ထိုးလမ်းလျှောက် ခြင်း၊ သစ်ပင်များ အမြစ်တွေအပေါ်ရောက်နေခြင်း၊ ဈေးတောင်းခေါင်းရွက်သူများသည် တောင်းပေါ်တွင် ကင်းမြီးကောက်ထောင်နေကြသော်လည်း လုံချည်များလံမကျခြင်း၊ ဓါတ်တိုင်များသည် အောက်ဖက်၌ မီးလင်းနေခြင်း စသော တွေ့ရိုးတွေ့စဉ်မဟုတ်သည့် ထူးခြားသောအတွေ့အကြုံများကို ရခဲ့ကြပေသည်။
ယခု ကြီးပြင်းလာကြသောအခါ ထိုသို့ကြည့်တတ်သောအကြည့်မျိုးကို နှမြောစဖွယ် စွန့်ပစ်ခဲ့ကြလေ ပြီ။ မှားလေစွ။
ယခုအချိန်သည် ထိုသို့ကြည့်တတ်ဖို့ အလွန်အမင်းလိုအပ်နေချေပြီ။
ထိုသို့ကြည့်လျှင် ဘာတွေမြင်ရမည်နည်း။
လဖက်ရည်ဈေးတွေ ကျနေ၏။ ဆီနှင့်ကြက်သွန်တွေ အလျှံပယ်ဖြစ်နေသည်။ ဖယောင်းတိုင်တွေ မလိုချင်မှအဆုံး။ ဆေးတွေဝါးတွေ တောင်ပုံယာပုံ။ သားငါးကြက်ဝက်များ အလကားလောက်နီးနီး ဖြစ်နေ ခြင်းကို စိတ်ချမ်းသာဘွယ်မြင်ရပေအံ့။
တခုတော့ရှိသည်။ ရန်ကုန်မြို့ကြီး အမှိုက်တွေရှုပ်ပွနေခြင်းကိုတော့ တွေ့ရပေမည်။ ဝမ်းနည်းပါ သည်။
ကြပ်ကလေး
စာပေါလောက
သွေးသောက် မဂ္ဂဇင်း
Comments
Post a Comment