လက်ကျန် ရှိသေးလား (ကာတွန်း) မြင့်ဆွေ ရေးပါသည်။ သောကြာ စာစောင် (၁၉၆၂ ဧပြီလ)
လက်ကျန် ရှိသေးလား
(ကာတွန်း) မြင့်ဆွေ ရေးပါသည်။
သောကြာ စာစောင် (၁၉၆၂ ဧပြီလ)
သို့သော်- ကုနေ်ဇနီးဘက်မှာ သူနှင့်ပို၍ရှင်းသောကြောင့် ယောက်ဖဘဲခေါ်ကြပါစို့....။
[ဘယ်ဘက်အောက်စာပိုဒ်များ]
“ဟော....အုံးခ ကြီးပါလား-၊ လာဟေ့.... ဘယ်တုန်းက ရောက်သလဲ....”
သူ့နာမည်ကား ထူးသည်။ အုံးခ တဲ့....။ ယောက်ျားလော.... မိန်းမလော....ဂန်ဒူးလော။ လောပေါင်စုံအောင် တွေးယူရမည့် နာမည်ဖြစ်ပါသည်။ သို့သော် ထိုအုံးခဆိုသူမှာ ယောက်ျားဖြစ်ပြီးကျနော်၏ (ယောက်ဖ အကို) ဖြစ်ပါသည်။
ဒီနေရာတွင် (ယောက်ဖ အကို) ဆို၍ စာဖတ်သူများ ဦးနှောက်လည်သွားမည်စိုးသဖြင့် အနည်းငယ်ရှင်းပြပါရစေ။
ထို အုံးခခေါ် မောင်အုံးခကား အိမ်မဲမြို့ သင်္ဘောဆိပ်တွင် ကုန်သေးဆိုင်တခု ဖွင့်လှစ် ရောင်းချ နေသောကျွန်တော် ယောံဖ (ဝါ) အကိုဖြစ်ပါသည်။ ယောက်ဖ တော်ခြင်းမှာ သူ့အဖေဘက်မှတော်သော နှမတဝမ်းကွဲအား ကုနော်ယူထားသောကြောင့် သူ့အား ယောက်ဖတော်ပြီး၊ အကိုတော်သည်ကတော့ သူ့မိခင်နှင့် ကုနော်မိခင်မှာ ညီမတဝမ်းကွဲ တော်စပ်ခြင်းကြောင့် အကိုတော်ပေးသည်။
အဲ.... ထို ယောက်ဖ အကိုဖြစ်သော မောင်အုံးကြီး အိမ်မဲမှ ကျနော်ရှိရာ မုတ္တမသို့ ရောက်လာသဖြင့် ကုနော်က လှမ်း၍ နှုတ်ဆက်လိုက်ပါသည်။
“ဟော.... အုံးခကြီးပါလား၊ ဘယ်တုန်းက ရောက်သလဲ ကွ....”
သူသည် ဘာမျှမပြောသေးဘဲ အိမ်ပေါ်ရောက်အောင် တက်လာပြီး....
“ဘယ်တုန်းက ရောက်တာ မရောက်တာ အသာထားကွာ....ငါပုလင်း မထောင်ရတာ အတော်ကြာဘီ ကွ....အဲဒါ မင်းနဲ့ခု ပုလင်းထောင်ချင်လို့....”
မှန်ပါသည်။ သူသည် ထိုတောမြို့ကလေးရောက်မှ သူ အလွန်ကြိုက်သော၊ မယားထက်ချစ်သော အရက်ကို ဖြတ်သားသည်မှာ ကြာမြင့်ခဲ့ပါချေပြီ။
“ကဲလေ.. ဒါဖြင့် ဘီယာ သုံးလုံးလောက် ဝယ်သောက် ထာပေါ့ကွာ....ငါလဲ ကာတွန်းရေးဘို့ ဇာတ်လမ်းအတွက် ဦးနှောက် ခြောက်နေတာနဲ့ အတော်ဘဲ....”
ကျနော်က သူ့အလိုကို လိုက်၍ ပြောလိုက်သော်လဲ သူသည် မျက်ထောင့်နီနီကြီးဖြင့် ကျနော့်အား ရုပ်ရှင်ထဲက လူကြမ်းက ဇာတ်လိုက်ကို ကြည့်သလို ခပ်တည်တည်ကြီး ကြည့်ပြီး....
“ထွီ....ဘာလုပ်မလဲ ဘီယာ....ပေ့ါတယ် မူးမှ မမူးဘဲ၊ ငါက မမူးရတာကြာလို့ အကြီး အကျယ် မူးအောင်ကို သောက်ချင်တာ ကွ....ဒီတော့.... ရမ်ဘဲဝယ်ကွာ”
ထိုနေရာတွင် သူနှင့် ကျနော် သဘောကွဲလွဲနေပါသည်။ ကျနော်က စိတ်ကူးယဥ်နိုင်ရုံသာ ဘီယာသောံချင်ပသည်၊ သူကအရက်သမား တယောက်ပီသစွာ မူးမည့် အရက်ကို သောက်ချင်သည်။ ဒါ့ကြောင့် ကျနော်ကငိုင်နေစဉ်....
“ဘာလဲ....မင်းက ပိုက်ဆံကုန်မှာစိုးလို့၊ လား။ ရော့....ငါ ပေးမယ်၊ အဲဒါသာ ကားနဲ့ အဝယ် ခိုင်းကွာ ကြာတယ်....”
သူကခပ်တည်တည်ဖြင့် ၂၀-တန် ငွေစက္ကူတချပ် ထုတ်ပေးသည်။ ကျနော်လဲ ဒီလောက်မူးမည့် အရက်ကို မသောက်ရန် အတန်တန်တားသည်။ သို့သော် သူသည်သို အရက်မှမသောက်ရလျှင် မှီရာရောဂါနှင့် သေမင်းနောက်ကို လိုက်ရတော့မလို ဆန္ဒပြင်းနေသဖြင့် နောက်ဆုံးတွင် ကျနော်က လိုက်လျောခဲ့ရပါသည်။
အတန်ကြာလျှင် ကျနော် ကားမောင်းသူလဲ ရမ် အကြီး တလုံးကို ဆွဲလာပါတော့သည်။
“ကဲ... သောက်၊ အားရအောင် သောက် ...” ဆို၍ သူ့ရှေ့သို့ အရက်ပုလင်း ထိုးပေးလိုက်ပြီး ကျွန်တော်ကမူ ခပ်နဲနဲမြှင်း၍သောက်သည်။ သူကား တခွက်ပြီးတခွက် တောမှာ ငတ်သမျှ အတိုးချသောက်သည်။ ပါးစပ်ကလဲ တောင်စဉ် မရေရာ စကားတွေပြောလာသည်။
“ဟေ့ကောင်ကြီး မင်းတော်လောက်ပြီထင်တယ်....” သူ မူးနေမှန်းသိလျှင် ကျွန်တော်ကစောင့်ရန်ပြောလိုက်ပါသည်။ သို့သော် သူက ...
“လခွီး....ဒီလောက်နဲ့ ဘယ်တော်ရမတုံး...မူးမှ မမူးသေးဘဲ....”
မမူးဘူးသာ ဆိုသည်။ သူ့ကြည့်တော့ ကြက်နာကြီးလို ဇက်ကျိုးနေပါသည်။ ဒါနဲ့ ကျွန်တော်လဲ မဖြစ်ဘူး ပရိယာယ်သုံး မှဆိုဒီး သူငှဲ့ထားသော ဖန်ခွက်ကို လက်နှင့် တိုက်မိချင်ယောင်ဆောင်၍ မှောက်ပစ်လိုက်ပါသည်။ ကျွန်တော်စိတ်ထဲ ကတော့ သူ ဖန်ခွက်ထဲက အရက် မှောက်သွားရင် ဆက်သောက်မှာ မဟုတ်
ဘူးလို့ ထင်တာကိုး။ ဒါပေမဲ့ ကျွန်တော်ထင်သလိုမဟုတ်ဘဲ သူ မျက်ထောင့်နီကြီးဖြင့် ကျွန်တော့်အား မော်ကြည့်လိုက်လဲ၊....။
“ရှီး.....လိုမဘဲ၊ သောက်ကန်း က ဒီခွက်ကောင် မမြင်ဘူးလားကွ၊ ကဲ.. ငါ့အထဲအစား ပြန်ထည့်ပေး” တဲ့....။
ကျွန်တော်လဲ မည်သို့မျှ မတတ်သာသဖြင့် သူခိုင်းသလို ထည့်ပေးလိုက်ရပါသည်။ သူကား.....အတော်မူးနေချေပြီ၊ မဖြစ်ဘူး၊ ဒီကောင်ကြီး တခြားခေါ်သွားမှ နို့မို့ ဒီအရက်တွေ အကုန်သောက်နေရင် ဒုက္ခ ဆိုကာ၊ ကားမောင်းသူ ကျွန်တော့်အကိုအား အပြင်သို့သွားရန် ပြောပီး ကျွန်တော်တို့ သုံးယောက် ကားဖြင့် ထွက်ခဲ့ပါတော့သည်။
ဟိုဟို....ဒီဒီ စိတ်ပျောက်အောင် လယ်ပြီးလျှင် အိမ်သို့ပြန်ခဲ့ကြပါတော့သည်။ ကားသွားနေစဉ် လေတဟူးဟူးတိုက်ခတ်မှုကြောင့် အုန်းခကြီးမှာ ပို၍ မူးနေပါသည်။ အိမ်ရှေ့ ကားထိုးရပ်လိုက်ပြီး ကျွန်တော်တို့လဲ ကားပေါ်မှဆင်းခဲ့ပြီး အိမ်ပေါ်သို့ တက်ခဲ့ကြပါသည်။ သို့သော် အုန်းခကြီးကား အိမ်ပေါ်သို့မပါ....။
ဟင်....ဆို၍ ကျွန်တော်လဲ ကားရှိရာကိုဆင်းလာသည်တွင်၊ ကွေးကွေးကလေးလဲနေပါတော့သည်။
“ဟာ ... ကိုအုန်းရင်ရေ ဒီငနဲကြီးမူးလဲနေဘီ၊ လာ-ဝိုင်းမပြီး အိမ်ပေါ်ခေါ်ကြစို့....”
ကျွန်တော်က ကားမောင်းသော ကျွန်တော့်အကို အားခေါ်၍ သူ့အနားဆင်းခဲ့ပါသည်။
“ဟေ့ကောင်ကြီး ထ..... ထ.... အိမ်ပေါ်တက်ရအောင်”
ကျွန်တော်က သူ့အားလှုပ်နှိုးသည်။ သို့သော်....
“တော်ပါပြီ ကွာ....ဒီမှာဘဲ အိပ်မယ် ...” ဟူသော အဖြေတလုံးသာထွက်လာပြီး အိပ်မြဲအိပ်နေပါသည်။
“ရော....မဖြစ်ချေဘူး အိမ်ပေါ်မ,တင်မှဘဲ” ဆိုကာ ကျွန်တော်တို့သည် သူ့အား ခေါင်းတဖက်-ခြေတဖက်မ,ကာ အိမ်ပေါ်သို့ တင်ခဲ့ပါသည်။
‘အင်း....ငနဲကြီးတော့ အရက်ကိုနောက်သောက်ဘို့ဝေးစွ လှည့်တောင် ကြည့်ရဲမှာမဟုတ်ဘူး။ ကောင်းဘယ်ဒါမှနောင်ကြဉ်မှာ’။ ကျွန်တော်က သူ့အတွက်တွေးပြီး ဝမ်းသာနေသည်။
သို့သော် အတန်ကြာ၍ သူတရေးနိုးလာလျှင်- ကျွန်တော့် အတွေးအထင်သည် တက်တက်စင်အောင်လွဲခဲ့ပါသည်။ အကြောင်းမူကား.... သူသည် တရေးနိုးလာလျှင် မျက်စိကို မဖွင့်ဘဲ လေးဘက်ထောက်ကြီး ထလာပြီးလျှင် ပြောလိုက်သည့် စကားကတော့....
“ဟေ့ကောင်....ခုန လက်ကျန် ရှိသေးလား....” တဲ့ဗျာ။
သေလိုက်ပါတော့ အုန်းခရယ်။
(အုန်းခရေ ဒီစာဖတ်ပြီး မင်းစိတ်ဆိုးရင် ငါ့ဆီပြေးလာခဲ့ဟေ့..... ရမ်-တလုံးဝယ်ပြီး အိမ်ရှေ့ ဖနပ်ချွတ်ကို လှဲထားပါမယ်....)။
မြန့်ဆွေ-ကတွန်း
Comments
Post a Comment