မီးမီး မြတ်သာဇင် ရေးသည် သောကြာ စာစောင် ၁၉၆၂ မတ်လ
မီးမီး
မြတ်သာဇင် ရေးသည်
သောကြာ စာစောင် ၁၉၆၂ မတ်လ
ကမ္ဘာပေါ်တွင် လူအမျိုးမျိုး နေထိုင်ကြရာ၊ လူတမျိုးနှင့် တမျိုး မတူကြသဖြင့်၊ စကားအပြော အဆိုများသည်လည်း ကွဲပြားကြ၏။ ယင်းကွဲပြားခြင်းကြောင့်၊ လူတမျိုးပြောသောစကားသည် တခြားလူတမျိုး အဖို့၊ ရယ်စရာ ကြောက်စရာ ဖြစ်တတ်ကြောင်းကို၊ စာရှုသူ မိတ်ဆွေတွေ ဘူးကောင်း၊ တွေ့ဘူးပေလိမ့်မည်။
“မီး.... မီး.... မီးဟေ့၊”
အထက်ပါ အသံများနှင့် အတူ၊ ပြေးသူပြေး အထုပ် အပိုးကလေးများကို သယ်သူ သယ်ဖြင့် ရုန်းရုန်းခတ်နေပုံများကို၊ ၁၉၅၃-ခုနှစ် မင်းမနိုင်ကွက်သစ်ကြီးကို မီးလောင် ရာတွင် တွေ့မြင်နိုင်လေသည်။ ထိုလူများထဲတွင် ကျွန်တော်သည်လည်း တယောံအပါ အဝင်ဖြစ်၍၊ အတူ နေသော အိမ်ရှင် သူငယ်ချင်းနှင့်အတူ၊ အဝတ်အစားများ၊ အိုးခွက်ပန်းကန်များနှင့် အိမ်ရှင် ခလေးများကို၊ မီးနှင့်ဝေးရာအရပ်သို့ ပို့ပေးရလေသည်။
မီးငြိမ်းစ ပြုသောအခါ မီးဘေးသင့်သူများ၏ ဆွေမျိုးများ၊ မိတ်ဆွေများသည် သတင်းမေးကြ၊ အိမ်သို့ခေါ်ကြဖြင့် ခြေချင်း လိမ်နေတော့သည်။ ကျွန်တော့် သူငယ်ချင်း၏ ယောက္ခမဖြစ်သူ သည်လည်း ပေါ်လာခါ၊ ကျွန်တော်တို့အား သူ့အိမ်ရှိရာ အင်းစိန်သို့ခေါ်သွားလေ၏။
ကျွန်တော် သူငယ်ချင်း၏ ဇနီးသည် ကရင် အမျိုးသမီးဖြစ်၍၊ ၎င်းတို့ ဇနီး မောင်နှံတွင် မျောက်ရှုံးအောင်ဆော့သော သား သုံးယောက် ရှိလေသည်။
ကျွန်တော် တို့သည် ညစာ များစားပြီးသဖြင့် အိမ်ရှေ့ခန်းတွင် ထိုင်လျက် ဆေးလိပ်သောက်နေကြသည်။
ကျွန်တော် သူငယ်ချင်းဇနီးငယ်ကတော့၊ သူ့ညီမများနှင့် နေ့လည်က မီးအကြောင်းဟု ထင်ရသော စကားကို၊ ကရင်ဘာသာဖြင့် ပြောဆို နေ၏။
မျောက်ရှုံး သုံးကောင်သည် သူ့တို့၏ ဝါဒအတိုင်း၊ ဂျွမ်းထိုးသူကထိုး ခုန်သူက ခုန်ဖြင့် ဆူညံ နေသည်။ ကျွန်တော့် အဖို့ ထိုသတ္တဝါ ကလေးများ၏ ဆူညံခြင်းသည် ရိုးနေပြီ ဖြစ်သဖြင့် ဆေးလိပ်ကိုသာ သောက်မြဲ သောက်ရင်း ကိုယ်တွေ့ ကြုံခဲ့ရသော မီးဘေး၏ ကြောက်စရာများကို စဉ်းစားနေခိုက်၊ ကျွန်တော့်သူငယ်ချင်း၏ ယောက္ခမကြီးသည် ခလေးများဆော့ နေရာသို့ လှည့်လျက်၊ “မီး-မီး” ဟု အသံကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။
ကျွန်တော်သည် အယော သောပါး ထခါ ကျွန်တော့်အဝတ်ထုပ် ကလေးနှင့် ခလေးများကို အတင်းထဆွဲမိတော့သည်။ အကင်းပါးသူ ကျွန်တော့် သူငယ်ချင်း ဇနီးဖြစ်သူက။
“အို.... ကိုမြင့်ထူးကလဲ၊ ဘာဖြစ်တာလဲရှင့်၊ မီး,မီး, ဆိုတာ နေ့လည်က မီးကို ပြောတာ မဟုတ်ပါဘူး၊ ခလေးဘွေကို၊ အိပ်လို့၊ ကရင်လိုပြောတာရှင့်”
ကျွန်တော်သည် တခိခိဖြင့် ရယ်နေသော သူငယ်ချင်း၏- ခယ်မများကို၊ ရှက်ရှက်ရှိသဖြင့် အိပ်ရာသို့တန်း၍ ဝင်လိုက်ရပါတော့သတည်း။
×ㅤㅤㅤㅤㅤㅤㅤ×
အဲ.... အဲ ယခုတော့ ကျွန်တော် ကရင်လို တော်တော်တတ်နေပြီဗျို့၊ တတ်မှာပေါ့၊ သူငယ်ချင်း၏ ခယ်မ အငယ်ဆုံးနဲ့၊ ကျွန်တော် ညားနေဘီကိုးဗျ။
မြတ်သာဇင်
Comments
Post a Comment