ကျွန်တော့ မိရွှေညွန့် တင့်ထူး ရေးသည် သောကြာ စာစောင် ၁၉၆၂ ဧပြီလ
ကျွန်တော့ မိရွှေညွန့်
တင့်ထူး ရေးသည်
သောကြာ စာစောင် ၁၉၆၂ ဧပြီလ
ကျနော့် ဇနီး မိရွှေညွန့် လုပ်လိုက်ရင် အဆန်းချည်းပဲခင်ဗျ။ ဘာပဲလုပ်လုပ် အဆန်းကိုသာ လုပ်တတ်တယ်။ သူကတော့ လုပ်ရိုးလုပ်စဉ် သမရိုးကျ လုပ်တာပါပဲ။ ဒါပေမဲ့ နေ့စဉ်နဲ့အမျှ မြင်နေရတဲ့ ကျနော့်မှာတော့ မရယ်၊ မပြုံးဘဲ မနေနိုင်ဘူး ခင်ဗျ။
သူ ဆန်းပုံက နေ့အချိန်မဟုတ်ဘဲ ညအချိန်မှာ ခေါင်းက ဆံပင်ကို ဖြီးတာတောင်မှ ပါးစပ်က အော်ကျယ်ဟစ်ကျယ်နဲ့ “ဟေ့- ကောင်မတို့ရေ.... ပွဲကြည့်လိုက်ကြအုံးမလား ပွဲကြည့်သွားမလို့ဟေ့” လို့ ဆိုပြီးမှ ခေါင်းဖြီးတတ်တယ်။ ဒါဟာ သူအဖို့ အမိန့်ပါမရှိဘဲ အကြောင်းမဲ့သက်သက် ဆိုတာ မဟုတ်ဘူးဗျ။ သူ့ရဲ့ အကြောင်းပြချက်က ညအချိန်ဆိုတာ အကြောင်းမရှိဘဲ ခေါင်းမဖြီးရဘူးတဲ့၊ ပွဲကြည့်သွားမှ ခေါင်းဖြီးရကောင်းတာတဲ့။ ဒါကြောင့် ယတြာချေပြီး ဆိုရတာတဲ့ဗျ။
နောက်တ ခုက တော့်ကျနော့် ဇနီး မိရွှေညွန့် ခေါင်းလျှော်တဲ့အခါ များကိုမပေါ့။ သူမ ခေါင်းလျှော်ပြီဆိုရင် ပါးစပ်က တတွတ်တွတ်နဲ့ မနားတမ်း ရွတ်တော့တာပဲ။ ဘယ်လိုရွတ်သလဲ ဆိုရင် - “ရေသူမရေ.... နင့်ခေါင်းနဲ့ ငါ့ခေါင်း လဲရအောင်”
ဒီလိုပဲ ရွတ်နေတတ်သဗျ။ ဒါလဲ သူအမိပွါယ်နဲ့ သူတဲ့ဗျ။ သူဖြေရှင်းချက်က ရှေ့လူကြီးတွေက ပြောကြတယ်တဲ့၊ ရေသူမဆိုတာ ရေထဲအမြဲနေလို့ ခေါင်းက သန့်ရှင်းနေသတဲ့။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ပါးစပ်က ဒီလိုဆိုပေးရင် ရေသူမက ဆံပင်ချင်း လဲပေးတတ်တယ်တဲ့ဗျား။
နောက်တ ခုကတော့ သီတင်းကျွတ် မီးထွန်းတဲ့အခါမှာပဲတဲ့ဗျ။ သီတင်းကျွတ် မီးထွန်းပြီးဆိုရင် မီးဖိုချောင်ထဲလဲ ဖယောင်းတိုင်တွေထွန်း၊ ဆန်အိုးထဲလဲထွန်း၊ ရေချိုးခန်းထဲထွန်း၊ လှေကားတက်လဲထွန်း၊ တအိမ်လုံးကို ဝင်းဝင်းထိန်နေတာပဲဗျို့။ ဒါထက် တ ခု ရယ်စရာကောင်းတာက အိမ်သာစောင့်နတ်ကို ပူဇော်တာဆိုပြီး အိမ်သာပေါ်မှာ ဖယောင်းတိုင် ထွန်းပါသတဲ့ဗျ။
ပြီးတော့ ရှိလေသေးရဲ့၊ ဘုရားဝတ်တက်ပြီးတဲ့ အခါမှာပေါ့ဗျာ၊ အနောက်လှည့်ပြီး ဦးချလိုက်၊ မြောက်လှည့်ပြီး ဦးချလိုက်၊ အရှေ့လှည့်ပြီး ဦးချလိုက်နဲ့ ချာချာလည်နေတော့တာပဲ။ အဲဒီကို ကျနော်က မေးကြည့်တော့ အနောက်လှည့်ပြီး ဦးချတာက အနေပဲ့ အမေကြီးနတ်ကို ကန်တော့တာတဲ့၊ မြောက်လှည့်ပြီး ဦးချတာက မြောက်ဘိုးတော်ကြီးနတ်ကို ကန်တော့တာတဲ့၊ အရှေ့လှည့်ပြီး ချတာကတော့ မနှဲလေးနတ်ကို ကန်တော့တာတဲ့။ ကိုင်း.... နတ်များ စားသာလိုက်တာ။
မနှဲလေးနတ် သူငယ်ကို ကန်တော့တာကလဲ အကြောင်းတ ခုနဲ့ ဆက်စပ်နေတယ်ဗျ။ ဘယ်လိုလဲဆိုရင် ကျနော့်သမီးလေး ကျောက်ခဲမဟာ အဖော်ကလေး ငိုတတ်တယ်။ အဲ.... ကလေးများ ငိုပြီဆိုရင် မိရွှေညွန့်ဟာ ပါးစပ်က တတွတ်တွတ်နဲ့ “မနှဲလေးတော့- ကျမသမီးလေးကို မဆိတ်ပါနဲ့၊ မဆွပါနဲ့” ဒီလိုပဲ ဆိုနေတတ်တယ်ဗျ။ ဒါတင် မကသေးဘူး၊ မနက် မိုးလင်းတယ်ဆိုရင် ကလေးပုခက်ထဲမှာ မနှဲလေးနတ်ကို တင်တာဆိုပြီး မုန့်တ ခုတ ခု အမြဲရောက်နေတော့တာပဲ။
အဲ- အဲ- နောက်ဆုံးတ ခုကတော့ မိရွှေညွန့်ရဲ့ ဆုတောင်းကလေးတဲ့ဗျ။
တနေ့တော့ ကျနော်တို့အိမ်က အဝတ်အစားအချို့ကို လူဝင်ပြီး ခိုးသွားတယ်ဗျ။ ကျနော်တို့လဲ ပစ္စည်းဆိုတော့ နည်းနည်းနှမြောသေးတာပေါ့လေ။ ဒါနဲ့ နောက်တ ညကျတော့ မိရွှေညွန့်ဟာ ဘုရားဝတ်တက်နေလိုက်တာ အကြာကြီးပဲ။ ရွတ်လိုက်ဖတ်လိုက်တာလဲ စုံလို့ပဲ။ နောက်တော့ ဘုရားလဲ ဝတ်တက်ပြီးရော သူဆုတောင်းလိုက်တာက - “ပစ္စည်းခိုးသူ၊ မတရားသူ၊ ထိုလူ ချမ်းသာပါစေ....” ဒီလို ဆုတောင်းနေတာကိုးဗျ။ ဒါနဲ့ ကျနော်လဲ မနေနိုင်တာနဲ့ ဘာလို့ ဒီလိုဆုတောင်းရတာလဲလို့ မေးကြည့်တော့ သူ့အဖြေက -
“ဟင်.... မောင် ဘာသိလို့တုန်း၊ ဒီပစ္စည်းခိုးတဲ့သူကို ချမ်းသာပါစေလို့ ဆုတောင်းရတယ်။ သူချမ်းသာလာမှ နောက်ထပ် မခိုးမှာ၊ သိလား” တဲ့ဗျား။ ။
တင့်ထူး
Comments
Post a Comment