ညီသားနောင်မယ် ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည်



 ညီသားနောင်မယ်


ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည် 



သရေခေတ္တရာ ပျက်ပြီးနောက်ပိုင်း၌ ပရိသတ်သုံးစု ကွဲသွားခဲ့သည်။ ထိုမှတဆင့် သုပညာ နဂရဆိန္နမင်း၏ တူဖြစ်သော သမုဒ္ဒရာဇ်မင်းသည် ယုန်လွှတ်ကျွန်းအရပ်တွင် ကျေးရွာကြီး ၁၉ ရွာကို အခြေခံ၍ ပုဂံခေတ်ကို စတင်ထူထောင်ခဲ့သည်။ ပုဂံခေတ်၌ သမုဒ္ဒရာဇ်မင်း အစ - စောမွန်နတ်မင်း အဆုံး မင်းဆက်ပေါင်း ၅၅ ဆက် အုပ်ချုပ်စိုးစံခဲ့ပြီး၊ ထီးနန်းသက်တမ်းအားဖြင့် ၁၂၆၁ နှစ် ရှည်ကြာခဲ့သဖြင့် မြန်မာ့သမိုင်းတွင် မင်းဆက်အများဆုံးနှင့် မြို့သက်တမ်းအရှည်ကြာဆုံး ဖြစ်သည်။


သက္ကရာဇ် ၃၇၄ ခုနှစ်တွင် စုက္ကတေးမင်း ပုဂံထီးနန်းကို တက်ရောက်အုပ်ချုပ်စဉ် စုက္ကတေးမင်းထံ၌ အနော်ရထာ ဝင်ရောက်ခစားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် မိခင်ညီအစ်မအရင်းမှ မွေးဖွားလာသော ညီအစ်ကိုဝမ်းကွဲများ ဖြစ်ကြသည်။ စုက္ကတေး၏ဖခင်မှာ ညောင်ဦးစောရဟန်းမင်း ဖြစ်ပြီး၊ အနော်ရထာစော၏ဖခင်မှာ ကွမ်းဆော်ကျောင်းဖြူမင်း ဖြစ်သည်။


တနေ့တွင် အနော်ရထာစောသည် အခစားဝင်စဉ် ဘုရင်စုက္ကတေးက “ညီသားနောင်မယ်” ဟု ခေါ်ဆိုလိုက်သည်။ ထိုစကားကြောင့် အနော်ရထာစောသည် လွန်စွာရှက်ရရုံမက ဒေါသအမျက် အကြီးအကျယ် ထွက်ခဲ့ရသည်။ အကြောင်းမှာ “ညီသားနောင်မယ်” ဟု ပြောဆိုလိုက်ခြင်းသည် အနော်ရထာစော၏ မိခင်ကို စုက္ကတေးမင်းက မိဖုရားအဖြစ် သိမ်းပိုက်လိုသည့် သဘောကို သက်ရောက်သောကြောင့် ဖြစ်သည်။


များမကြာမီ ကာလ၌ အနော်ရထာစောသည် ပုပ္ပါးအရပ်သို့ တိတ်တဆိတ် ထွက်ခွာသွားပြီး လူသူနှင့် လက်နက်အင်အားများကို စုဆောင်းခဲ့သည်။ မိမိကိုယ်တိုင်လည်း စစ်ပညာရပ်များကို ပြင်းပြင်းထန်ထန် ဆည်းပူးလေ့ကျင့်ခဲ့သည်။


အင်အားတောင့်တင်းလာသောအခါ အနော်ရထာစောသည် ပုဂံသို့ ချီတက်လာပြီး “ထီးနန်းကိုအပ်နှင်းမည်လော၊ စစ်အင်ကျင်းမည်လော” ဟု စုက္ကတေးမင်းထံ သတင်းစကား ပေးပို့ခဲ့သည်။ စုက္ကတေးမင်းလည်း ဒေါသအမျက်ပြင်းစွာထွက်ကာ “သင်း ရဲလျှင် သမထီးချောင်းသို့ ထွက်ခဲ့၊ သင်းနှင့်ငါ တယောက်ချင်း မြင်းစီးချင်းတိုက်မည်။ မှူးမတ်များနှင့် စစ်သည်ဗိုလ်ပါများ ကြည့်ရုံသာကြည့်ကြ” ဟု ပြန်ကြားပြီး သမထီးချောင်းတွင် စောင့်ကြိုနေခဲ့သည်။


ချိန်းဆိုသည့်နေ့တွင် အနော်ရထာစောသည် မြင်းစီးကာ ထွက်ခွာလာခဲ့ပြီး၊ စုက္ကတေးမင်းလည်း မြင်းစီးကာ အသင့်စောင့်ဆိုင်းနေခဲ့သည်။ ထိုအခါ အနော်ရထာစောက “နောင်တော်က ကြီးသူဖြစ်၍ အလျင်စ၍ တိုက်ခိုက်ပါလော့” ဟု အခွင့်အရေးပေးခဲ့သည်။


စုက္ကတေးမင်းသည် စီးတော်မြင်းကို အချက်ပေးစိုင်းနှင်ပြီး အနော်ရထာစော၏ ရင်ဝတည့်တည့်သို့ လှံကို အားကုန် ထိုးလွှတ်လိုက်သည်။ သို့သော် အနော်ရထာစောက မိမိလှံဖြင့် ကာကွယ်ဖယ်ရှားလိုက်သဖြင့် စုက္ကတေး၏လှံသည် မြင်း၏ကကြိုးတန်ဆာကိုသာ ထိမှန်သွားခဲ့သည်။ ဤတွင် စုက္ကတေးမင်းသည် တုန်လှုပ်ချောက်ချားကာ ချွေးများ ဖြိုင်ဖြိုင်ကျလာခဲ့သည်။


ထို့နောက် အနော်ရထာစောက “နောင်တော်အလှည့်ကုန်ပြီ၊ ညီတော် အလှည့်သာ ကျန်တော့သည်။ ခံနိုင်အောင် ခံပေတော့” ဟု သတိပေးကာ လှံဖြင့် ထိုးလွှတ်လိုက်ရာ စုက္ကတေးမင်း၏ ရင်ဝသို့ စူးဝင်ပြီး ကျောဘက်သို့ ထုတ်ချင်းခတ် ထွင်းဖောက်သွားလေသည်။


စုက္ကတေးမင်း၏ စီးတော်မြင်းသည် မိမိသခင် အရေးမလှသည်ကို သိသည့်အလား ဧရာဝတီမြစ်ဆိပ်ဘက်သို့ ရုတ်တရက် ပြေးသွားခဲ့သည်။ မှူးမတ်များက စုက္ကတေး၏အလောင်းကို ထိုမြစ်ဆိပ်တွင် ဆယ်ယူသင်္ဂြိုဟ်ခဲ့ကြရပြီး ထိုနေရာသည် ယနေ့တိုင် “မြင်းကပါ” ဟု အမည်တွင်ခဲ့သည်။


သက္ကရာဇ် ၃၇၉ ခုနှစ်တွင် အနော်ရထာမင်းစောသည် ပုဂံကို သိမ်းပိုက်အုပ်ချုပ်ခဲ့ပြီး ၄၂ နှစ်တိုင်တိုင် နန်းစံခဲ့သည်။ ၎င်းသည် နိုင်ငံတော်၊ ပြည်သူနှင့် သာသနာတော်အကျိုးကို ကြိုးပမ်းသယ်ပိုးခဲ့သော သမိုင်းဝင် ဘုရင်မင်းမြတ်တပါး ဖြစ်လာခဲ့ရပြီး ဤအဖြစ်အပျက်အားလုံးသည် “ညီသားနောင်မယ်” ဟူသော စကားတခွန်းကြောင့် ပြောင်းလဲဖြစ်ပေါ်လာရသည့် ကျိုးကြောင်းဆက် ဖြစ်ရပ်များ ဖြစ်ပေသည်။

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်