မောင်းမကန် ဇာတ်ကြောင်း ခင်ဂွမ်းဂွိ ရေးသည် (သောကြာ စာစောင်၊ ၁၉၆၂ ခုနှစ် မေလ)
မောင်းမကန် ဇာတ်ကြောင်း
ခင်ဂွမ်းဂွိ ရေးသည်
(သောကြာ စာစောင်၊ ၁၉၆၂ ခုနှစ် မေလ)
သာမောဖွယ် ဖန်သည့် မောင်းမကန် ပင်လယ်ကမ်းကို ရောက်ဖူးပါစ၊ စာဖတ်သူ...။
အဲ... မရောက်ဖူးပေမဲ့ သိကြားဖူးတယ်... ဟုတ်စ။
ထားဝယ်မြို့ပေါ်ကနေ မြင်းလှည်းနဲ့ဖြစ်ဖြစ်၊ မော်တော်ကားနဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် စက်ဘီး၊ ခြေလျင်ပဲဖြစ်ဖြစ် ကမြောကင်းရွာအထိ ရောက်အောင်သွား။ အဲဒီကမှ အဆင်သင့်စောင့်နေကြတဲ့ ကြုံရာသမ္ဗာန်နဲ့ မြစ်ကိုဖြတ်ကူး၊ ဟိုဘက်ကမ်းရောက် ကူးတို့ဆိပ်မှာ ဖင်ထိုးခေါင်းဆိုက် ကန့်လန့်ဖြတ် ကြိုဆိုနေကြတဲ့ ကြိုက်ရာဘတ်စ်ကားတစီးပေါ်တက်၊ ကမ္ဘောဇမှာ အသာယာဆုံး ဆိပ်ကမ်းလို့ ဆရာဦးတင့်တယ် ချီးကျူးခန်းဖွင့်ထားတဲ့ ကိုလေးတို့ မောင်းမကန်အရောက် ပို့ပေးလိမ့်မယ်။
ရင်တသိမ့်သိမ့်နဲ့ တကယ်ကို စိတ်ရောကိုယ်ပါ ချမ်းမြေ့လောက်စရာ ရှာမှရှား ကမ်းခြေမျိုးပဲ။ ရေစပ်နဲ့ ကိုက်နှစ်ရာကွာလောက် မားမားမတ်မတ်၊ ခိုင်ခိုင်ခန့်ခန့်၊ သပ်သပ်ယပ်ယပ် ဆောက်လုပ်ထားတဲ့ ထင်းရှူးပင်များရိပ်သာကြားက တည်းခိုရာ (ဘန်ဂလို) ဗိုလ်တဲများဟာလည်း အစီအရီ ပင်လယ်ဘက်လှည့်ပြီး မျက်နှာမူလို့...။
စိမ်းညှို့ပြာ ဧရာမ လှိုင်းလုံးကြီးတွေရဲ့ အလုအယက် ကမ်းစပ်ကို တလိမ့်လိမ့်လာနေဟန်တွေ၊ ဝုန်းကနဲ-ဝေါကနဲ မြည်သံနဲ့ လှိုင်းလုံးကွဲပြီး နေရောင်မှာ စိန်မှုန့်တွေ ဖြန့်ကြဲလိုက်သလို တဖြတ်ဖြတ် တလက်လက် ရေမွှာ-ရေပန်းတွေ လွင့်စင်ထွက်သွားပုံများ၊ ရှုလိုက်တိုင်း ဂျီးညှော်ယနံ့ ကင်းကင်းနဲ့ အားအင်ဓာတ် ပြည့်ဝစေတဲ့လေ၊ ပြီးတော့ အန္တရာယ်သင့်စေတတ်တဲ့ ကျောက်ဆောင်ကျောက်ထုံးမရှိ မျက်စိတဆုံး မိုးကုတ်စက်ဝိုင်းအထိ ဟင်းလင်းကြီး မြင်နေရတဲ့ သဘာဝ မြင်ကွင်းကျယ်ကြီးကဖြင့် ရှုမဝမဆုံးပါပဲကလား။
ပင်လယ်ပြင်ထဲ ဝင်လုဆဲ နေမင်းရောင်နဲ့ လှိုင်းလုံးကြီးတို့ ဝပ်စင်းလျှောင်းရာ သဲသောင်တန်းပေါ်မှာ တင်ကျန်နေတဲ့ ရောင်စုံခရုခွံလေးများကလည်း အပြေးအလွှား လုယက်ကောက်ချင်စရာ၊ ဝမ်းစာရေး ရှာဖွေထွက်ကြတဲ့ တံငါလှေကလေးတွေကလည်း... အဲလေ... မောင်းမကန် ဇာတ်ကြောင်း သိချင်ဇော လောကြီးနေပြီဖြစ်တဲ့ စာဖတ်သူက "ဂွိ လေကြောရှည်နေမိတာနဲ့ ကျွဲမြီးတို အမြင်ကပ်နေပါပြီလား"။
ဟုတ်ကဲ့... သည်းခံပါ။ ဂွိက ရှည်တတ်တဲ့ ဝါသနာလေး မဖျောက်နိုင်လို့ပါ။ လိုရင်းကို ဆက်ပါတော့မယ်...။
ဟိုး... နှောင်းကျန်ခဲ့တဲ့ ရာစုခေတ် တခါတုန်းက တိုင်းပြည်ရှင် ဘုရင်တပါးဟာ အဲဒီကမ်းခြေ (မောင်းမကန်ဟု မခေါ်တွင်သေး) မနီးမဝေးက တောင်မြိုင်ခြေ တနေရာမှာ ခေတ္တယာယီ သစ်ခက်တဲနန်း စိုက်ပြီး လာရောက်မွေ့လျော်နေသတဲ့...။
အဲဒီ ဘုရင်ကြီးက စားသောက်ဖွယ် ဟင်းလျာနဲ့ပတ်သက်ပြီး အင်မတန် လွန်ကဲသူဆိုဘဲ။ ဒါပေမဲ့ သူ့အကြိုက် ဟင်းလျာက အမဲ၊ ဝက်၊ ကြက်၊ ဘဲ သတ္တဝါမျိုး မဟုတ်ဘဲ ရေသတ္တဝါ အသားကိုမှ ထူးထူးကဲကဲ ပိုမိုခုံမင်ပြီး မြိန်ရေယှက်ရေ ပွဲတော်တည်လေ့ ရှိတတ်သတဲ့။
စားတော်ကဲ နေ့စဉ် ဆက်သရတဲ့ ပွဲတော်အုပ်ဟာ ငါးအမျိုးမျိုးနဲ့ ပုစွန်၊ ခရု၊ ဂဏန်း၊ ငါးရှဥ့်၊ ကနုကမာကောင်တွေနဲ့ စားလို့ဖြစ်တဲ့ အခြားသော အကောင်အလှောင် ပေါင်းစုံကို အကြော်၊ အလှော်၊ အချက်၊ အပြုတ် နည်းအမျိုးမျိုးနဲ့ အခါမပြတ် မလစ်လပ်ရအောင် လုံးပန်းစီမံရသတဲ့။ (မျှော့မဲမဲကြီးတို့၊ ဖားလောင်းကလေးတို့၊ မိကျောင်းသားတို့လည်း စားသလား မဆိုနိုင်ပါဘူးတော်...)
ဘယ်လောက် အစားမငမ်းတဲ့ ဘုရင်လဲဆိုတာ အခြားအခြားသော ဘုရင်များဟာ ဝါသနာအလျောက် အချိန်ကာလအလိုက် တောကစားထွက်တတ်သလို အဲဒီဘုရင်ဟာ ငါးလှိုင်လှိုင်ပေါ်တတ်တဲ့ ရာသီမျိုးမှာ ငါးဖမ်းကျွမ်းကျင်တဲ့ တံငါသည်တွေကို ဆင့်ခေါ်စေပြီး မောင်းမမိဿံ ချွေရံသင်းပင်း အပြည့်အစုံနဲ့ နေပြည်တော်မှ ထွက်လာသတဲ့။
ထွက်လာတော်မူရာက ပင်လယ်ကမ်းခြေနဲ့ အလှမ်းမဝေးတဲ့ စခန်းတနေရာရာမှာ ယာယီတဲနန်းစိုက်ပြီး အတူပါ တံငါသည်တွေ အဖမ်းထွက်ရာက ရလာတဲ့ သားငါးပေါင်းစုံကို ချက်နည်းမျိုးစုံလင်စွာနဲ့ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး အရသာခံ ပွဲတော်တည်တယ်ဆိုဘဲ။
ဘုရင်ကြီးဟာ အစားကြူးသလောက် အပျော်အပါးဘက်မှာလည်း မြူးထူးတတ်သူ ဖြစ်လေတော့ ကြံရာနော ပုလင်းတုတ် မိဖုရား မောင်းမမိဿံများနှင့် အတူ ပျော်ပျော်ပါးပါး ရေကစားဖို့ ရောက်လေရာဒေသမှာ ရေကန်ကြီးတကန်လည်း တူးခိုင်းလေ့ ရှိသတဲ့။ အဲသဟာကို အစွဲပြုပြီး "မောင်းမကန်" လို့ ခေါ်စမှတ်ပြုတယ်လို့ ယူဆနေပါပြီလား စာဖတ်သူ... မဟုတ်သေးပါဘူး။
အခါတပါး ညတည၏ သန်းခေါင်ယံလောက်မှာ ဘုရင်ကြီးဟာ စက်ရာက တရေးနိုးပြီး အင်မတန် ဆာလောင်မွတ်သိပ်စိတ် ပေါ်ပေါက်လာတာနဲ့ သလွန်နဲ့ မနီးမဝေးမှာ အစဉ်မပြတ် အရန်သင့် ထားလေ့ရှိတဲ့ ပွဲတော်အုပ်ဆီ ကိုယ်တော်တိုင် မသောင်မသာ ထသွားပြီး ငါးကြော်-ငါးကင်တွေကို အားပါတရ မြိန်ရေယှက်ရေ ပွဲတော်တည်ကောင်းနေတုန်း...
**“ ဘူ... ”**
မမျှော်လင့်ဘဲ အသံတသံကို ရုတ်တရက် ကြားလိုက်ရတော့ ထိတ်လန့်တကြားနဲ့ ဘုရင်ကြီးဟာ ကိုင်ရက်တန်းလန်း ငါးကြော်တကောင် ပါးစပ်ထဲက လွတ်ကျသွားသတဲ့။
အသံလာရာဘက်ကို ကျီးကန်းတောင်းမှောက် မျက်လုံးနဲ့ အကဲခတ်ပြီး စနဲနာလိုက်တော့ သလွန်ဘေးမှာ တုံးလုံးပက်လက် အိပ်မောကျနေကြတဲ့ မောင်းမတွေထဲက တယောက်ယောက် လေပုန်းခုတ်လိုက်တာ ဖြစ်နေတော့တာကိုး။ အိပ်နေသူတွေက အများအပြားဆိုတော့ ဘယ်သူဘယ်ဝါလို့ တပ်အပ်သေချာတော့ ဘယ်သိပါ့မလဲ။
အဲသည်တော့ ဘုရင်ကြီးဟာ "ငါကိုယ်တော်မြတ် ပွဲတော်တည်နေခိုက်မှာ အလန့်တကြားဖြစ်ပြီး ရာဇဣန္ဒြေ ပဲ့လောက်အောင် မဖွယ်မရာ အသံပေးရကောင်းလား" ဆိုပြီး မျက်မာန်တော်ရှရှနဲ့ အိပ်မောကျနေကြတဲ့ မောင်းမတွေကို အကုန်လုံး ပိတ်ပိတ်ပြီး ကန်လိုက်တာ သစ်ခက်တဲနန်းတခုလုံး ပွက်လောရိုက်သွားဆိုဘဲ။
အဲသလို ဘုရင်ကြီးက **မောင်းမတွေကို ကန်တာ**ကို အစွဲပြုပြီး နောက်တော့ အဲဒီဒေသဟာ **“မောင်းမကန်ရွာ”** လို့ တွင်လာခဲ့တယ်။ အဲဒီရွာနဲ့ မနီးမဝေး ကမ်းခြေကိုလည်း **“မောင်းမကန်ကမ်းခြေ”** လို့ပဲ ခေါ်ဝေါ်ကြသတဲ့။ ကိုင်း... ဒီတွင် ပြီးရော...။
*(မနှစ်က နွေရာသီ ရုံးခွင့်တလယူပြီး မောင်းမကန် လေညှင်းခံအသွား တကူးတက လိုက်ပို့ဖော်ရတဲ့ သတင်းထောက် ကိုကြင်စိန်ထံမှာ ဂွိ စပ်စုမေးမိတာနဲ့ သူပြောပြလို့ သိရတာကို ဘဆင့် ဖောက်သည်ချရတာပါ။ ဒီပုံပြင် တကယ်ဟုတ်-မဟုတ် မယုံချင်ရင် သူထံ စုံစမ်းကြည့်ပါတော့ အရပ်ကတို့...။)*
Comments
Post a Comment