ဗေဒင်ဆရာလုပ်စားစဥ်က ရန်အောင်ရေးသည် သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
ဗေဒင်ဆရာလုပ်စားစဥ်က
ရန်အောင်ရေးသည်
အကြောင်း အမျိုးမျိုးကြောင့် လူတွေ ဆင်းရဲကြသည်။ ကြပ်တည်းကြသည်။ လင်မယား ပဋိပက္ခ ဖြစ်ကြသည်။ စိတ် မချမ်းသာ စရာတွေ နှင့် အလုပ် အကိုင် အ ကြံ အ စည် အ ပေါက်အလမ်း မတည့်ဖြစ်ကြသည်။ ထိုအခါမျိုးတွင် “ရွှေရင်လေးတော့ ဗေဒင်မေးသည်” ဟူသော စကားအတိုင်း၊ အလုပ် အကိုင် အောင်မြင်အောင်ဗေဒင်ဆရာထံ ပြေးကြသည်။ လင်မယား ချင်း သင့်တင့်အောင် ဓာတ်ရိုက် ယတြာ ချေချင်ကြသည်။ စိတ်ချမ်းသာအောင် ဘာသက်စေ့၊ ညာသက်စေ့၊ လုပ်ချင်ကြသည်။ စီးပွား လာဘ်လာဘ ရွှင်အောင် အဆောင်ကလေးလိုချင်သည်။ ထိုသို့ လိုရာဆန္ဒ ပြည့်ဝစေရန်အတွက် ဗေဒင်ဆရာ၏အိတ်ထဲသို့ ငွေတွေဖွေးကနဲ-ဖွေးကနဲ ဝင်လာပါ တော့သည်။
ဤအချက်ကို သတိ ထားမိသော၊ သိသော၊ မြော်မြင်ဆင်ပြင်တတ်သော ဗေဒင်ဆရာ လုပ်စားရန် ကြံမိသည်။
မခက်ပါ၊ “ဗေဒင်အဓိပတိ ပညာရှိ” ဟူသော ဆိုင်းဘုတ်ကြီးကို အိမ်တွင်ချိတ်ဆွဲကာ - “တိတိကျကျ မှန်အောင် ဟောမည်၊ မမှန်လျှင် ဇက်ဖြတ်” ဟု သတင်းစာတွင် ကြော်ငြာလိုက်ရာ၊ စာနှင့် ဗေဒင်မေးသည့်စာတွေ သောင်းခြောက်ထောင်ရောက်လာတော့သည်။
စာရေး၊ ကယောငံကိုငှားကာ ပါးစပ်ထဲတွင် တွေ့ရာပြောလျက် လိုက်ရေးစေကာ၊ ဗေဒင် မေးသူ များထံ စာတိုက်မှ ဗီ၊ပီ၊ လုပ်၍ပို့လိုက်ရာ၊ ငွေတွေ ဖြောကနဲ-ဖြောကနဲ ရောက်လာတော့၏။
အိမ်း.... တော်တော် စားသာတဲ့ အလုပ်ပါတကား... ။
ရော.... ခက်ကပြီ၊ မိန်းမကြီး တယောက် ကျွန်ုပ်၏အိမ်ပေါ်သို့ တက်လာ၏။ စိန်တွေ-ရွှေတွေ ဖိတ် ဖိတ်တောက် ဝတ်စား ဆင်ယင်ထား၏။ ကျွန်ုပ် ရင်ထိတ်လှတော့သည်။
မိန်းမကြီး။ “ဗေဒင် အဓိပတိ ကြီးပါလားရှင်.... ”
ကျွန်ုပ်။ “ဟုတ်.... ဟုတ်၊ ဟုတ်ပါတယ်” (ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်ပြီး ကြောက်ရွံ့ တုန်လှုပ်ကာ သတိလစ်မတတ် ဖြစ်နေသည်။)
မိန်းမကြီး။ “ကျမ ဗေဒင်မေးချင်လို့ပါ....”
ကျွန်ုပ်။ “ကျုပ်က စာနဲ့သာ ဟောတာ၊ လူကိုယ်တိုင်မဟောဘူး”
မိန်းမကြီး။ “ဒီလိုမလုပ်ပါနဲ့ဆရာရယ်၊ ကျမမှာ သေရေးရှင်ရေးထက် အရေးကြီးနေတဲ့ ကိစ္စပေါ်နေလို့ပါရှင်....၊ ဆရာ ဟောစာတမ်းရေးပြီး ဟောတဲ့လူတွေက ဆရာအင်မတန် မှန်တယ်လို့ ပြောကြလွန်းလို့၊ လာ မေး တာ ပါ ဆရာရယ်....”
ကျွန်ုပ် ဝမ်းမြောက် အားတက်သွားသည်။ ကျွန်ုပ် ဖြီး၍၊ ညာ၍ထင်ရာဟောလိုက်သည်ကို မှန်လှချည်ဟူပြောကြခြင်းမှာ ထိုသူများပင် ရူးသလော၊ ကျွန်ုပ်ပင် ရူးသလော မပြောတတ်တော့ပေ။
“ကိုင်းဗျာ.... ခင်ဗျား မေးချင်တဲ့ မေးခွန်း သုံးခုဘဲမေး.... ကျုပ်ဟောမယ်၊ ဟောခကတော့”
ကျွန်ုပ်သည် ဗေဒင်တတ်၍ ဟောခြင်းမဟုတ်၊ ငွေငတ်၍ ဟောခြင်းဖြစ်ရာ၊ ငွေစကားကို အ ရင် ဆို လိုက်သည်။
မိန်းမကြီး။ “ဟောခ အတွက်ကတော့ ဆရာ တောင်းသလောက် ပေးခဲ့ပါမယ်။ ကျမအကြံအောင်မြင်ရင် ဟောဒီ စိန်လက်စွပ်ကို ဆုချကန်တော့ပါမယ်ဆရာရယ်”
နိတ်ဟ....။ ကျွန်ုပ် ဟော၍မှန်လျှင် စိန် လက်စွပ်ကြီး ရပေတော့မည်။ မမှန်လျှင်ကျွန်ုပ်က ပြန်၍ လျော်ရမည်မဟုတ်။ ဤမျှ ကောင်းသော အရေး အခွင့်ကို အဘယ်သူသည် လက်လွတ်ပါအံ့နည်း။
ကျွန်ုပ်။ “ကျုပ်က အသိအမြင်ပေါက်နေတဲ့ ဗေဒင်ဆရာဗျ။ တခြားဗေဒင်ဆရာတွေလို မွေးနေ့-မွေးရက် တွေကို သိဖို့မလိုဘူး။ လက္ခဏာ ဆရာတွေလိုလဲ လက္ခဏာတွေ-ခြေခဏာတွေကို ကြည့်မနေဘူး။ လူကို ကြည့်လိုက်ရင် အဲ့ဒီလူအကြောင်းအားလုံးသိတယ်”
ကျွန်ုပ်က စိန် လက်စွပ် ကြီးကို လိုချင်သည့်လောဘဇောနှင့် အထင်ကြီးအောင် ဖြီးလိုက်-ညာလိုက်သည်။
မိန်းမကြီး။ “ဒီလိုဆိုရင်.... လူကိုမမြင်ဘဲ စာနဲ့ပေးတဲ့ လူတွေကျတော့ ဘယ်လိုဟောသလဲ”
ကျွန်ုပ်။ “လူကို မမြင်ရပေမဲ့ ဒီလူ့ဆီကလာတဲ့စာကို ကိုင်ကြည့်လိုက်တာနဲ့၊ တ ပြိုင် နက်.... အဲ ဒီ လူ အ ကြောင်း ကောင်းကောင်းကြီးသိသဗျ....၊ စကားရှည်မနေပါနဲ့လေ...၊ ခင်ဗျား မေးချင်တဲ့ မေးခွန်း သုံးခုကိုသာ မြန်မြန်မေးပါတော့.... ”
နောက်ထပ် ဆက်၍ မေးမြန်း စုံစမ်းနေလျှင် ကျွန်ုပ်၏ အလိမ်တွေ ပေါ်ကုန်မည် စိုးသည့်အတွက် တိုတိုနှင့်ဖြတ်လိုက်၏။
မိန်းမကြီး။ “ကျမ ဘာကိစ္စဆရာဆီ ရောက်လာသလဲ.... ၊ ဟောစမ်းဆရာ.... ကျမဘယ်လိုကိစ္စမျိုးကြီးကြုံနေသလဲ”
ကျွန်ုပ်။ “ခင်ဗျားလင်မယားငယ်ယူသွားလို့” (စိတ်ရမ်းရမ်း ရှိသဖြင့် ပြောလိုက်၏။)
မိန်းမကြီး။ “မှန်လိုက်လေဆရာရယ်....၊ ဒါကြောင့် ဆရာနာမယ် ဒီလောက်ကြီးတာကိုး.... ”
မိန်းမကြီး။ “ကျမလင် ဘယ်တော့ပြန်လာမလဲ”
ကျွန်ုပ်။ “ဘယ်တော့နဲ့ ပြန်မလာဘူး” (မယားငယ် ယူသွားသူများမှာ သမီးကြီးမယားကြီးထံသို့ ဘယ်တော့ နှင့် ပြန်လာရိုးထုံးစံမရှိသဖြင့် ဟောလိုက်ခြင်းဖြစ်သည်။)
မိန်းမကြီး။ “ကျမ လင် ပြန်လာအောင်ဘယ် လိုဓာတ်ရိုက်ရမလဲ ဆရာရယ်”
ကျွန်ုပ်။ “တနင်္ဂနွေနေ့ အရှေ့ဘက် တဲ့တဲ့ လှဲ့၊ ဆောင့်ကြောင့်ထိုင်၊ ဆီထမင်း နဲ့ ဝက်သားကြော်အဝစား” (ကျွန်ုပ် ပြောချင်တာတွေလျှောက် ပြောလိုက်ခြင်းဖြစ်၏။)
မိန်းမကြီး။ “ကျမလင် အခု ဘယ်အရပ်မှာ နေပါသလဲဆရာ”
ကျွန်ုပ်။ “တော်ဘော့.... ခင်ဗျားကို ကျုပ် ပြော ထား တယ်မဟုတ်လား။ မေးခွန်းသုံးခုသာ မေးရမယ်လို့။ အခု မေးခွန်း သုံးခု မေးပြီးပြီ။ နောက်ထပ်မမေးနဲ့တော့။ နောက်ထပ်မေးရင် ကျုပ် ဓာတ်ရိုက် ပေးတာပါ ပြယ်သွားမယ်သိလား” (အာဏာသံနှင့် ခပ်ထန်ထန်ဖြင့် ဟန့်တားလိုက်၏။)
မိန်းမကြီးသည် တစုံတရာ ဘာမျှ မပြောဝတော့ဘဲ ကျွန်ုပ်ကို ငွေ ၅ဝိ/ ကန်တော့ကာပြန်သွား၏။
တနေ့တွင် မိန်းကလေးတယောံ ရောက်လာပြန်သည်။ ဗေဒင် ဟော ရန်တောင်းပန်၏။ ကျွန်ုပ်က မကြောက် တော့ပေ။ လူကဲကို ခတ်ကာ ဗေဒင် ဟောလို့ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည် ပြီးဖြစ်၏။
ကျွန်ုပ်။ “ကလေးမ အိမ်ထောင်ဘက်ရှာ နေတယ်မဟုတ်လား” (ဤအပျိုအရွယ် မိန်းကလေးမျိုး သည် အိမ်ထောင်ဘက်ရှာနေတတ် ကြောင်း သိပြီးဖြစ်သဖြင့် ဟောလိုက် ခြင်းဖြစ်၏။)
မိန်းကလေး။ “ကျမမှာယောက်ျားရှိပါတယ်ရှင်”
ကျွန်ုပ်။ “ဟုတ်တယ်လေ ယောက်ျားရှိတာကော့ ဆရာလဲ အသိသားပေါ့။ သို့ပေမဲ့ အဲဒီ ယောက်ျားကို မနှစ်သက်ဘူး။ ဒါကြောင့် ဒီယောက်ျားနဲ့ ကွာရှင်းပြီး နောက်ထပ် လင်ကောင်းသားကောင်း ရှာဖို့ ကြံစည်နေတယ်မဟုတ်လား.... ”
မိန်းကလေး။ “မှန်လိုက်တာ ဆရာရယ်.... ”
မိန်းကလေး။ “အဲဒီလိုကျမ မနှစ်သက်တဲ့လူနဲ့ ကင်းရှင်းအောင် ဘယ်လိုလုပ်ရမလဲ ဆရာ.... ”
ကျွန်ုပ်။ “ဟာ.... အလွယ်သားဘဲ။ စနေနေ့မှာ အိပ်ရာထဲ မှောက်ရက်အိပ်ပြီး မင့်လင်ကို စိတ်ထဲမှာဆဲ၊ နောက်ပြီးတော့ - ‘နင်သွား.... နင်သွား၊ နင်သွား’ လို့ ၃၇-အုပ်ရွတ်၊ မကြာပါဘူး မင့်အလိုဆန္ဒပြည့်ပါလိမ့်မယ်...”
ကျွန်ုပ် တော်ရမ်း မယ်ဘွဲ့ ဟောလိုက်သည်အတွက် ကျေနပ်သွားကာ၊ ဉာဏ်ပူဇော်ခ ကန်တော့သွား၏။
ထို့နောက် ရက်အနည်းငယ်ကြာသောအခါ ကျွန်ုပ် ရတနာပုံ ဆိုက်လေတော့သည်။ လင်ပစ်မကြီး၏လင်သည် မယားငယ်နှင့်ဘောက်ကျကာ မယားကြီးထံ ပြန်လာသဖြင့်၊ ကျွန်ုပ်အား စိန်လက်စွပ်တရံ လာ၍ကန်တော့၏။
ထိုမှ နောက်တွင် သော်ကား....၊ ကျွန်ုပ်၏ နာမည်သတင်းသည် ဟိုးလေးတကျော်ဖြစ်ကာ ဗေဒင်မေးသူများ တန်းစီ၍ ဝင်ရတော့သည်။
သို့သော်.... တညတွင်ချောချောလှလှ သဘောကျစရာ မိန်းကလေးတယောက် ကျွန်ုပ်ထံရောက်လာကာ ဗေဒင်မေး၏။ ကျွန်ုပ်က လက္ခဏာပညာလည်း တတ်သည်ဟု ဖြီးကာ ထိုမိန်းကလေး၏ လက်ကို ပယ်ပယ်နယ်နယ်ကိုင်လျက် လက္ခဏာ ဟောလေတော့သည်။
ကျွန်ုပ်၏ဟောချက်များမှာကား - ဖြီးလုံး - ညာလုံးတွေ ချည်း ဖြစ်၏။ အမှားတွေ ချည်း သာတည်း။ သို့သော် ကျွန်ုပ်မှာ ဗေဒင် ပရိယာယ် တတ်ထားသဖြင့် ကျအောင် ညာနိုင်၏။ ကျွန်ုပ်က မိန်းကလေးကိုအပျိုဟု ဟော၏။ သူက အိမ်ထောင် ကျဖူးသည်ဟုပြော၏။ ကျွန်ုပ်က ထိုအိမ်ထောင်နှင့်လွဲနေသဖြင့် ယခုအပျိုဖြစ်နေပြီဟု ဖြီးလိုက်ရာ၊ ကျွန်ုပ် ဟောသည်မှာ မှန်သည်ဟု မိန်းကလေး ထောက်ခံရလေတော့၏။
ကျွန်ုပ်သည် မိန်းကလေး၏လက်ကို ဆွဲမြဲဆွဲကာ လက္ခဏာ ကြည့်ယောင်ဆောင်ရင်း -
“မိန်းကလေးဟာ ဆရာကတော်ဖြစ်မဲ့ လက္ခဏာပဲ... ဟဲ... ဟဲ... ။ ဆရာကတော်ဆိုတာ ကျောင်းဆရာ၊ ဆေးဆရာ... ၊ ဗေဒင်ဆရာလဲ ပါသပေါ့ကွယ်....”
“ဗြန်း....”
ကျွန်ုပ်၏ပါးပေါ်သို့ မိန်းကလေး၏ လက်တံဆိပ် ခတ်လိုက်သည်။ ထို့နောက် မိန်းကလေးကဆို၏။
“နင်ပေါ့.... ငါ့လင်ကိုဟိုကောင်မကြီး လက်ထဲ ပြန်ရောက်အောင် ဓာတ်ရိုက်ပေးတဲ့ ခွေးကောင်ကြီး။”
(ရေးသူ - ရန်အောင်)
Comments
Post a Comment