ဝိုးတဝါးပါရီ သိန်းဖေမြင့် ရေးသည် ၁၉၅၇ ဇွန်လ ကြေးမုံ သတင်းစာ


 ဝိုးတဝါးပါရီ 

                                       သိန်းဖေမြင့် ရေးသည်

၁၉၅၇ ဇွန်လ ကြေးမုံ သတင်းစာ


ပြင်သစ်အမျိုးသားတို့က သူတို့၏ မြို့တော် ပဲရစ်ကို “ပါရီ" ဟု ချိုသာသောအသံထွက်ဖြင့် ခေါ်ကြသည်။ ကျွန်တော်တို့ကလည်း ထိုအတိုင်းသာ ခေါ်ကြပါစို့။ 

ပါရီတွင် ငါးရက်သာ နေနိုင်ခဲ့သည်။ အပြေးအဖြန်း ကြည့်ခဲ့ရ သည်။ ပါရီကို ဝိုးတိုးဝါးတား မြင်ခဲ့ရသည်။ ထို့ကြောင့် ဝိုးတဝါးပါရီဟု ရေးလိုက်ရပါသည်။ 

လန်ဒန်မြို့မှ မထွက်ခွာမှီညတွင် ပါလီမန်ကော်မွန်း လွှတ်တော်၏ ဥက္ကဋ္ဌက ကျွန်တော်တို့အတွက် နှုတ်ဆက်ညစာစားပွဲ တည်ခင်း လေသည်။ ထိုညစာ စားပွဲအပြီးတွင် ပြန်ရန် လက်ဆွဲနှုတ်ဆက်ကြ သောအခါ ကျွန်တော်တို့က ပါရီသို့ ဝင်မည့်အကြောင်း ပြောပြကြ သည်။ ပါရီဟူသေါစကားကို ကြားကာရှိသေး၊ မင်းယောက်ျားတို့၏ မျက်နှာသာမက မင်းမိန်းမတို့၏ မျက်နှာကလည်း ပြုံးစေ့စေ့ဖြစ် လာသည်။ မြို့စားကတော်လေလော၊ ဝန်ကတော်လေလော၊ ပါလီမန် အမတ်လေလော၊ ကျွန်တော်ခွဲခြားမသိ မှတ်ခဲ့ရသော အသက် လေးဆယ်တွင်းမှာရှိပြီး ဖက်ရှင်ကျကျ ဝတ်ဆင်ထားသည့် အမျိုးသ္မီး တဦးကမူ ပြုံးစေ့စေ့လုပ်ရုံမက မျက်စကလေးပစ်လျက် "အို-ပါရီ ရောက်မယ်လား၊ ပျော်လိုက်ကြအုံးပေါ့ရှင်"ဟု ပင့်ပြောလိုက်လေ သည်။ 

ပါရီကား လောကီစည်းစိမ်၏ နတ်နန်းတည်း။ ပါရီကားအပျော် အပါးအတွက် ကာလဝေါဟာရတည်း။ ပါရီကား အရင်းရှင် ယဉ်ကျေး မှု၏ မြို့တော်တည်း။ 

သို့ကလို ခုခေတ်မှာ အသိအမှတ် ပြုထားကြ၏။ 

ပြင်သစ် လေကြောင်းကုမ္ပဏီပိုင် ဗြိတိသျှလုပ် ဗိုင်းကောင့် လေယာဉ်ပျံသည် ကျွန်တော်တို့အား ဆောင်ယူလာသည်။ နေ့ခင်း စာကို လေယာဉ်ပျံပေါ်မှာ မြိန်ရှက်စွာ စားကြရလေသည်။ ကျွန်တော့မှာ အစာစားပြီး သွားကြားထိုးသေါအလေ့ စွဲနေသည်။ ဘိလပ်မှာ သွားကြားထိုးတံနှင့် မကြုံကြိုက်ခဲ့။ ခုပြင်သစ် လေယာဉ် ပျံပေါ်မှာမှ သွားကြားထိုးတံနှင့် ပြန်လည်တွေ့ဆုံရလေသည်။ ကျွန် တော့အဘို့ ဤအချက်ကလေးကပင် ထူးနေ၏။ သွားကြားထိုးနေဆဲ ပင်လေယာဉ်ပျံ ဆိုက်လေသည်။ 

လေဆိပ်အဆောက်အဦကား မကြီးကျယ် မခမ်းနားလှပါ။ သို့ သော် သန့်ရှင်းသပ်ယပ်၏။ 

ကျွန်တော်တို့အား သံအမတ် ဦးဝမ်ကိုဟောနှင့် အတွင်းဝန်က လေး ကိုဘိုးလုံတို့က ဆီးကြိုကြသည်။ သူများနိုင်ငံတွင် ကိုယ့်လူ အချင်းချင်း တွေ့ရခြင်းသည် ဝမ်းသာအယ်လဲ ရှိလှ၏။ အားတက် ဘွယ်လည်းဖြစ်၏။

ပါရီမှာ လန်ဒန်ကဲ့သို့ မချမ်းချေ။ ရာသီဥတုကပင် ကျွန်တော် တို့၏အလိုကို သိနေဘိသကဲ့သို့ ရှိတော့၏။ ကျွန်တော်တို့မှာ သံတမန် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ခဲ့ကြရ၍၎င်း၊ ဦးဝမ်ကိုဟောက ပါရီမြို့တော်ပုလိပ်မှ အရာရှိကြီးတဦးကို လာကြိုသူအဖြစ်ဖြင့် ခေါ်လာခဲ့သဖြင့်၎င်း။ အမေးအမြန်း အစစ်အဆေး လုံးဝမရှိဘဲ လေဆိပ်မှ ထွက်ခဲ့ကြရလေသည်။ ကားပေါ်တွင် ဦးဝမ်ကိုဟောက ပါရီနိဒါန်း ပြောပြ၏။ အထူး သိထားထိုက်သည့် အချက်မှာ ပြင်သစ်ပြည်၏ နိုင်ငံခြားဝင်ငွေ အားလုံး၏ ၄၀-ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများ အလည်အပတ်လာခြင်းမှ ဖြစ်လေသည်။ အ လည်အပတ် လုပ်ငန်းသည် အကြီးဆုံးသော စီပွားရေးလုပ်ငန်း ဖြစ် နေပေသည်။ ထို့ကြောင့် နိုင်ငံခြားသားတွေ လာနိုင်သမျှလာအောင် အားပေးနေသည်။ လာချင်အောင်လည်း အမျိုးမျိုးလုပ်ထားသည်။ 

သို့သော် ထိုခဏမှာပင် ထိုဟာနှင့်မကိုက်ညီတာတချက် တွေ့ ရ၏။ ကားလမ်းသည် အခြားလမ်းတခု၏ တံတားအောက်မှာ ဖြတ် သွားရ၏။ ထိုတံတား၏ နဖူးစီးပေါ်တွင် အမေရိကံတွေ အိမ်ပြန်ကြ ဟူသော စာတမ်းကြီး ရေးထားလေသည်။ ထိုစာတမ်းမှာ တနှစ်ကျော်ပြီဟုဆို၏။ အစုံတယောက်က ဖျက်ရန်ကြိုးစားထား လေသလော မိုးလေဝသကြောင့်လော မသိရ၊ ဖျက်ထားရာကတော့ ရှိနေသည်။ သို့သော် မပျက်ချေ။ 

အဆောက်အဦးကြီးတွေ များလှသော မြို့ပေတည်း။ အဆောက် အဦးများမှာ ထုထည်ရှိပြီး ခံညားတင့်တယ်ကြသည်။ အပြင်မှာ အင်္ဂတေသစ် မွမ်းခြင်း ဆေးသုတ်ခြင်းမရှိ။ ထို့ကြောင့် မှိုင်းနေသည် လွင်မနေဘဲ မှိုင်းနေအောင် တမင်ထားခြင်းဖြစ်သည်ဟု သိရ ပေသည်။ ဤကား ပါရီ၏ အစဉ်အလာတည်း။ 

လမ်းများမှာ ကျယ်ပြန့်၏။ များသောအားဖြင့် ဖြောင့်တန်းသည်။ အချို့လမ်းများတွင် ဘေးတဘက်တချက် သစ်ပင်နှစ်တန်းစီ စိုက် ထားသည့် အချို့လမ်းကြီးများမှာ ၂ လမ်းခွဲထားပြီး ၎င်းတို့ကြား၌ သစ်ပင်နှစ်တန်းနှင့် မြက်ခင်းများ စိုက်ထားသည်။ ပါရီလမ်းများသည် ကမ္ဘာမှာ အလှဆုံးဖြစ်သည်ဟု ဆိုကြ၏။ ယခင်က ဟုတ်ပေလိမ့်မည် ယခုတော့ ပီကင်းက ပါရီကို အမှီလိုက်နေဟန် ရှိသည်။ နောင် ငါးနှစ် လောက်ကြာလျှင် ပီကင်းလမ်းတွေက ပိုလှစရာအကြောင်း ရှိသည်ဟု အချို့က ခန့်မှန်းကြသည်။ ပါရီလမ်းများသည် လန်ဒန် ပီကင်းတို့ ကဲ့သို့ပင် သန့်လည်းသန့်ရှင်း၏။ လမ်းတွေ လှအောင်ပအောင် မီးထွန်းပုံမှာကား မည်သူမျှ လိုက်မှီမည်မဟုတ်ချေ။ မီးထွန်းပုံကို နောက်မှ ရေးဦးမည်။ 

ကားနှင့် ဖြတ်သွားရသော တခဏ၌ပင်လျင် လူရုပ်ထုတွေ များလှ သောမြို့ဖြစ်ပုံကို တွေ့မြင်နိုင်၏။ အဆောက်အဦကြီးတွေမှန်သမျှ လူရုပ်ထုတွေ ခိုင်း၍ထားသည်။ ၎င်းတို့အနက် ကိုယ်ကာယ အလှပြ ကိုယ်လုံးတည်း ရုပ်ထုများမှာ အပေါ်လွင်ဆုံးဖြစ်၏။ အလှပဆုံးသော ကိုယ်လုံးတည်း ရုပ်ထုများမှာ မိန်းမပျိုများ ဖြစ်၏။ ဤကား ပါရီ၏ အစဉ်အလာ တရပ်ပေတည်း။ 

ကျွန်တော်တို့သည် ဟိုတယ် ကွန်တီနင်တယ်သို့ ရောက်ကြလေ သည်။ ကိုယ့်စားရိတ်နှင့်ကိုယ် ဝင်ကြခြင်း ဖြစ်သဖြင့် ဒုတိယတန်း ဟိုတယ်မှာ တည်းခိုရ၏။ သည့်ထက် အောက်တန်းသို့ ဆင်းရလျှင် ဆင်းချင်သေးသော်လည်း ပါလီမန်အမတ်ဆိုသော ဂုဏ်ကိုထောံနေရ သဖြင့် ဒုတိယတန်းမှာပင် တည်းခိုနေကြရခြင်း ဖြစ်လေသည်။ 

ဒုတိယတန်းဟိုတယ် ဆိုသော်လည်း စရိတ်ကား မသက်သာလှ ပါ။ သူတို့ငွေယူပုံမှာ စိတ်ဝင်စားဘွယ် ကောင်းလှသည်။ နှစ်ယောံတွဲ နေရသော အခန်းနှစ်ခန်းကို တနေ့လျှင် ဖရင့်ပေါင် ၁၁ဝ၀၀။ ထို အပေါ်တွင် ပြုစုဆောင်ရွက်ခ (Service) ၂၄ ရာခိုင်နှုန်း ပေါင်းထည့် ပြီးတော့ စတာလင်ပေါင်နှင့်ပေးလျှင် ၁၅ ရာခိုင်နှုန်းလျှော့၊ ပြင်သစ်ငွေဈေး ကျဆင်းနေ၍ သို့ကလိုလုပ်ခြင်းဖြစ်၏။ အစိုးရ အသိအမှတ်ပြုထားသော ငွေလဲလှယ်ရေးနှုန်းမှာ စတာလင် တပေါင် လျှင် ပြင်သစ်ဖရင့် ၉၇၅ ဖြစ်လေသည်။ ပေါင်းလိုက်၊ နှုတ်လိုက်၊ စားလိုက် တွက်သော် လူတယောံလျှင် တနေ့ ၃ ပေါင်တသျှီလင်မျှ ကုန်ကျလေသည်။ နံနက် ကော်ဖီနှင့် ပေါင်မုန့်ကလွဲ၍ သည့်ပြင် ဘာစားစရာမှ မပါပါ။ နေ့စာညစာ ကိုယ့်ဘာသာကို ဝယ်စားပေရော့။ အပြင်ထွက် အစွမ်းကုန် ခြိုးခြံစားဦးတော့ နှစ်ပေါင်ကျော်ကျော် ကုန်မည်။ ကျွန်တော်တို့မှာ တနေ့ခြောက်ပေါင်လောက် ကုန်ကြရ လေသည်။ ဤကား ဒုတိယတန်း ဟော်တယ်ပေတည်း။ 

ဟိုတယ် ကွန်တီနင်တယ်ပေါ် ရောက်တော့ ဒိုချက်စ်တာဟိုတယ် ကို လွမ်းမိကြလေသည်။ ဟိုတယ်ကြီးကား ကြီးမား၏။ မှန်တွေက ပေါလှသဖြင့် ကြည့်လိုက်တိုင်း ကိုယ်ကွဲတွေ မြင်တွေ့နေရ၏။ သို့ သော် အတော်ဟောင်းနေသော “အထည်ကြီးပျက်” အိမ်နှင့်တူသည့် ကြေးကုတင်ကြီးတွေ ပွတ်လုံးတပ် ကုလားထိုင်ကြီးတွေ နန်းတော် ထဲက အလွန်ဟောင်း ပုံသဏ္ဌာန်ရှိသော ထိုင်ခုံကြီးတွေ ဖလ်ပန်းခိုင် ပဒေသာ မီးအိမ်တွေ ကတ္တီပါလိုက်ကာတွေ။ ရှေးကတော့ ပထမတန်း ဖြစ်ဟန်ရှိလေသည်။ 

ဦးဝမ်ကိုဟောမှာ သံရုံးတွင် အခြားကိစ္စရှိသဖြင့် ပြန်သွားပြီး တိုးလုံလက်သို့ ကျွန်တော်တို့အားအပ်ကာ ပြန်သွားလေသည်။ 

ကိုတိုးလုံကား . အသက်သုံးဆယ် ကျော်ကျော်လောက်သာရှိ ဦးမည့် လူချောကလေးတယောက် ဖြစ်၏။ ရုပ်ကိုက မွန်ရည် ဖျတ်လတ်သည်။ အသားဖြူပြီး နှုပ်ခမ်းနီသည်။ သူသည် ပြင်သစ်လို ကောင်းကောင်းပြောတတ်၏။ ၁၉၄၇နှစ်ကစပြီး နိုင်ငံခြား သံရုံးများ မှာ အလုပ်လုပ်နေခဲ့ရာ လန်ဒန်၊ မော်စကို၊ ပါရီ ဗဟုသုတတွေ့ စုံလှလေပြီ။ ဤလို ဗဟုသုတစုံပြီး လုပ်သက်ရှည်သော သူငယ် တယောက်မှာ ယခုထိ တတိယအတွင်းဝန် အဆင့်မှာသာ ရှိနေခြင်း အတွက် အံ့သြနေမိ၏။ သူနှင့်ပါရီတွင် ဘာတွေကြည့်မည်လဲ ဆိုသော ကိစ္စကို ဆွေးနွေးကြလေသည်။ လန်ဒန်တုံးက မြို့စားကတော် လေးလား၊ ဝန်ကတော်လေးလား၊ ပါလီမန် အမတ်လား၊ ကျွန်တော် ခွဲခြား မသိမှတ်ခဲ့ရသော အမျိုးသ္မီးက မျက်နှာ ပြုံးစေ့စေ့လုပ်ကာ ပြောလိုက်သော စကားများကို ပြေးသတိရလေသည်။ 

ပါရီသို့ရောက်ဖူးမှဖြင့် ပြသမျှကို မြင်ဘူးအောင် ကြည့်သွားမှ တော်မည်ဟု ကျွန်တော်တို့ ဆုံးဖြတ်ကြလေသည်။ သို့သော် ကျွန်တော်တို့မှာ ပါလီမန်အမတ်များ ဖြစ်လေရာ ကြည့်စရာတို့သည် အစိုးရက တရားဝင် အသိအမှတ် ပြုထားသော အရာတို့သာ ဖြစ်ရ မည်ဟုလည်း စဥ်းစားလိုက်ကြပေသည်။ ပြင်သစ်အစိုးရ ခွင့်ပြုချက် အရ ပြနေကြသော ပွဲတို့သည်ပင်လျှင် ဗမာ့ယဉ်ကျေးမှုနှင့် တိုင်း ထွာသော် ရိုင်းရာကျနေပေသည်။ 

ပဒေသါကပွဲပြသော ရုံတရုံသို့ လက်မှတ် ဝယ်စေလေသည်။ ဟော်တယ် အောက်ထပ်မှာပင် လက်မှတ်အမျိုးမျိုး ကြိုတင်ပြီး ရောင်းနေသော ဆိုင်ကလေးတခု ရှိသည်။ ပထမရုံမှာ ပြည့်နေလေပြီ၊ လက်မှတ်မရနိုင်တော့။ ဒုတိယရုံသို့ တယ်လီဖုံးဆက်၍ စီစဉ်ပြန် လေသည်။ ရ-မရ-မသေချာသေး၊ အတော်ကြာမှ ဒုတိယရုံမှာ ရနိုင် သေးကြောင်း သိရပေ၏။ ထိုရုံကို ပါရီ၏ကာဆီနိုဟု ခေါ်၏။ 

ထိုညတွင် ဦးဝမ်ကိုဟောက ကျွန်တော်တို့အား ထမင်းကျွေး လေသည်။ မြန်မာပြည်မှ ထွက်ကတည်းက ပထမဆုံး ငပိကြော်နှင့် ထမင်းစားရလေသည်။ ပါရီတွင် ငါးပိနှင့်ပုဇွန်ခြောက် အမျိုးမျိုးရ သည်ဟု သိရသည်။ အင်ဒိုနီးရှား အမျိုးသားများနှင့် ဗီယက်နမ် အမျိုး သားများသည် ပြင်သစ်နှင့် ဟောဟန်မှာ အများအပြားနေကြသည်။ သူတို့သည် ငါးပိနှင့်ပုဇွန်ခြောက်များကို ထုတ်လုပ်ပြီး စား သုံးကြသည်။ သူတို့ထံမှ ဥရောပရောက် မြန်မာများက ဝယ်ယူစား ကြရသည်။ 

ပါရီရှိ မြန်မာသံရုံး အဆောက်အဦမှာ သုံးထပ်ရှိပြီး အတော် အတန်ပင် ကျယ်ပြန့်သည်။ နောက်ဘေးတွင် သစ်ပင်ကြီး သုံးလေး ပင် ပေါက်နေသော ဝင်းခြံငယ်တခု ရှိ၏။ ပါရီမှာ ရှားသောအရာတခု ဖြစ်၏။ အပေါ်ဆုံးအထပ်မှာ ဦးဝမ်ကိုဟောနေထိုင်၏။ အောက် ထပ်နှစ်ထပ်မှာ ရုံးခန်းဧည့်ခန်း စသည်များဖြစ်၏။ ဤသံရုံးအဆောံ အဦမှာ မြန်မာအစိုးရပိုင်ဖြစ်၏။ ယနေ့တက်နေသာ အိမ်ဈေးများနှင့် စာသော် ယင်းသို့ အပိုင်ဝယ်ထားခြင်းသည် များစွာအမြော်အမြင် ကြီးသောအလုပ် ဖြစ်လေသည်။ 

ထမင်းစားပွဲတွင် ဒုတိယအတွင်းဝန် ဦးဘရီကို တွေ့ရ၏။ ဦးဘရီ ကား ကောလိပ်ကျောင်းသားဘဝတုန်းက ကျောင်းနေဘက် ဖြစ်ခဲ့ပြီး အဲဒီတုန်းကတည်းက ကွဲလာကြရာ ယခုမှ ပါရီတွင် ပြန်လည်တွေ့ဆုံ ကြရခြင်းဖြစ်သည်။ ထူးဆန်းပြီး ပျော်စရာကောင်းသော တိုက်ဆိုင် ခြင်း ဖြစ်ပေ၏။ ပါရီတွင် လေယာဉ်ပျံ (စစ်ဘက်နှင့် စက်မှုဆိုင်ရာ လုပ်ငန်း) ပြပွဲကြီးတခု ကျင်းပလျက်ရှိရာ လန်ဒန်မြို့ မြန်မာပြည် စစ်သံရုံးမှ အရာရှိ ၂ ဦး စေလွှက်ခဲ့လေသည်။ သူတို့နှင့်လည်း ထမင်းစားပွဲမှာပင် တွေ့ကြရ၏။ ထမင်းစားပွဲမှာ ပြင်သစ်ပြည်၏ လေယာဉ်စက်မှုလုပ်ငန်း ကြီးကျယ်ပုံ၊ အီဂျစ်ကိစ္စနှင့်ပတ်သက်၍ အီဂျစ်အစိုးရသည် စဉ်းစဉ်းစားစား မလုပ်ဘဲ စိတ်မာန်ဆွဲဆောင်ရာ လုပ်ခဲ့ပုံ။ အယ်လ်ဂျီးရီးယားမှာ ကိုလိုနီ ဖိနှိပ်ချုပ်ချယ်မှုတွေ ကျင့်သုံးနေပုံ၊ ပြင်သစ်ပြည်မှာ စစ်အပြီး ၂၃ကြိမ်မြောက် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်နေပုံတို့ကို ပြောဆိုကြလေသည်။ 

ထန်းတပင်အမတ် သခင်သိန်းအောင်ကား အစိုးရအဖွဲ့ အ ပြောင်းအလွှဲတွင် အစိုးရသစ် မဖွဲ့နိုင်သေးဘဲ အခက်အခဲ တွေ့နေရ စဉ် ပါရီမြို့မှာ အခြေမပျက် သွားလာလှုပ်ရှား ပျော်ပါးနေနိုင်ကြ သည်ကို အံ့သြနေလေသည်။ 

ထမင်းစားပြီးသောအခါ ပါရီ၏ ကာဆီနိုပွဲရုံသို့ သွားကြလေ သည်။ ပွဲမှာ ဂ နာရီခွဲမှ စမည်ဖြစ်သော်လည်း ကျွန်တော်တို့သည် နာရီဝက်စောပြီး ရောက်နေကြ၏။ ပွဲလက်မှတ် တစောင်လျှင် ဖရန့် ၁၈၈ဝဖြစ်ရာ ၂ ပေါင်နီးပါးမျှ ပေးရသည်။ မြန်မာငွေနှင့်တွက်သော် ၂ဝိ၊ ၂၅ိ ဖြစ်နေ၏။ ရုံရှေ့မှာ ပေါင်တချောင်း မိုးထိအောင်မြှောက်ပြီး ကားထားသော ယိမ်းကချေသည်မကလေးတွေကို ပိုစတာကြီးများ ရေးထားလေသည်။ မီးပဒေသာတွေလည်း မီးပွဲသဘွယ် ထွန်းထား၏။ ရုံထဲဝင်ရာတွင် အမျိုးသမီး အပေါက်စောင့်များက လက်မှတ်စစ်ကြ ၏။ အမျိုးသမီး ခပ်ငယ်ငယ်ချောချော တယောက်က လက်မှတ်ကို ယူပြီး ကျွန်တော်တို့၏ခုံများသို့ ခေါ်သွားလေသည်။ ယင်းသို့ ခေါ် သွားလေသည့် ကျေးဇူးအတွက် ဖရန့်၂၀၀ (မြန်မာငွေ ၃ ကျပ် ကျော် ကျော်) ဆုပေးရလေသည်။ ကိုတိုးလုံက ညွှန်ကြားလိုက်သဖြင့် ကျွန်တော်တို့ဘာသာအလျောက် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ကျွန်တော်တို့လို အလိုက်သိစွာ ထုတ်မပေးမိသော ပွဲ ကြည့်လာများ ကိုမူ ထိုမိန်းမသည် မပေးမခြင်း တောင်းခံနေသည်။ 

ဆုပေးခြင်းတွင် ဘိလပ်နှင့်ပြင်သစ် ကွဲခြားမှုရှိ၏။ ဘိလပ်တွင် ဆုပေးရ၏။ မပေးလျှင် အတင်းလိုက်မတောင်း၊ သို့သော် မပေးသူကို လူကြီးလူကောင်းဟု သိအမှတ်မပြု၊ အထင်သေးသည်။ ထို့ကြောင့် အထင်သေး မခံရအောင် ဆုကိုပေးကြရ၏။ ပြင်သစ်မှာကား ဆုမပေး သူကို အတင်းလိုက်တောင်း၏။ အခင်းကလေးသွားသွား အခင်းကြီး သွားသွား အမြင့်ဆုံး ၁ဝ ဖရန့်မျှတော့ ဆုပေးခဲ့ရ၏။ 

ထိုင်ခုံဟူသမျှကို ကတ္တီပါနီများ ဖုံးထားသည်။ ကြမ်းပြင်မှာ ကော်ဇောခင်းထားရာ အိစက်ညက်ညောနေ၏။ ဘိနပ်နင်းလို့မှ နင်းမှန်းမသိ၊ အသံမကြားရ။ လူတွေဝင်လာလျှင် တိတ်တိတ်ကလေး ဣန္ဒြေသမ္ပတ္တိနှင့် လာနေဟန် ပေါက်နေ၏။ မစူးရှသေါ ဧမြကြည် လင်သော လျှပ်စစ်မီးလုံးများနှင့် ဧနုသော အရောင်များရှိသည့် ညွှန် မီးချောင်း၊ (နိယွန်) များကိုသာ ထွန်းထားပေရာ မျက်စိပသာဒ ဖြစ်စေ ရုံမက စင်မြင့်ပေါ်က မြင်ကွင်းများကို ဝိုးတိုးဝါးတား ဖြစ်စေလေ သည်။ 

ဇာတ်စင်ပြင်၍ မပြီးတတ်သေး၊ အလုပ်သမားများသည် ပြင်ဆင်တုန်းပင် ဖြစ်၏။ တို့ဗမာတွေလိုဘဲ နောက်ကျတတ်တာဘဲ ထင်ပါရဲ့ဟု ထင်လိုက်သည်။ သို့သော် အပြစ်တင် မစောသင့်ပေ။ နာ ရီဝက်လောက် အချိန်ကျန်သေးသည်။ 

ကျွန်တော်တို့သာ စောပြီးရောက်သည်မဟုတ်၊ ကျွန်တော်တို့လို စောစောကြိုရောက်နေသူတွေ အများအပြားတွေ့ရ၏။ ဒီလိုပွဲမျိုးတွေ ကို မိန်းမတွေ မကြည့်ကြဟု ကျွန်တော်တို့ ထင်ဘူး၏။ ထိုကဲ့သို့ မဟုတ်ပါ၊ မိန်းမတွေလဲ အများအပြားလာကြသည်။ အထူးသဖြင့် ယောက်ျားမိန်းမ စုံတွဲ လာတတ်ကြသည်။ အဖွားကြီးတွေ အဖိုးကြီး တွေလဲ လာကြသည်။ လန်ဒန်ပါရီတို့တွင် ထူးခြားသော အချက် တရပ်မှာ အဖွားကြီးတွေများစွာ အပျိုလုပ်ခြင်း ဖြစ်သည်။ သူတို့အား ပျိုရွယ်သူ မိန်းမများနည်းတူပင် လူရှေ့ ပရိသတ်အလယ်တွင် နှုတ်ခမ်းဆိုးနေတါ မျက်ခုန်းဆွဲနေတာ ပေါင်ဒါမှုန်းနေတာ တွေ့ရတတ် သည်။ ကျွန်တော်ကား ဤကိစ္စမျိုးကို မကြုံမတွေ့ဘူး၍သာ ထူးခြား သည်ဟု ဆိုရသော်လည်း အပြစ်မတင်ပါ။ ဒါလဲ သူ့အယူအဆနှင့်သူ ကောင်းတာပါဘဲဟု နားလည်မိလေသည်။ ဇာတ်ခုံကား ကျယ်လည်း ကျယ် မြင့်လည်းမြင့်၏။ ထို့ပြင် ဇာတ်စင်ရှေ့မှာ ကွက်လပ်ချန်ပြီး ကပြင်ထိုးထား၏။ ထိုကပြင်မှာ ဘဲဥခြမ်းပုံသဏ္ဍာန် ရှိသည်။ ချန်လှပ်ထားသော ကွက်လပ်ထဲတွင် တီးဝိုင်းကနေရသည်။ ကပြင် ပေါ်တွင် တခါတရံ ထွက်လာပြီး ကပြနိုင်သည်။ ပရိသတ်ရှေ့မှာ ပို၍ မြင်ကွင်း ထင်းခနဲထင်းခနဲ ဖြစ်စေရန်ဖြစ်၏။ 

ပြင်သစ်ဘာသာနှင့် အစီအစဉ်စာအုပ်ငယ်ကို လိုက်ရောင်းသည်။ အစီအစဉ်ရောင်းသူ မိန်းမသည်။ ထိုစာအုပ်ကိုသာမက ကျက်ပေါင် စေးနှင့် လုပ်ထားသော ကိုယ်လုံးတည်း မိန်းမရုပ်ကိုလည်း ရောင်းနေ လေသည်၊ ထိုအရုပ်ကလေးသည် ကြိုးတချောင်းကို ဆွဲလိုက်လျှင် ပြဲကားကော့လန်ပြတတ်၏။ ထိုမိန်းမသည် အရုပ်ကို ကြိုးဆွဲပြရင်း ပါးစပ်ကလည်း သံကြောင်နှင့် အော်ဟစ်လေသည်။ ပရိသတ်ကား တ ဝါးဝါးရယ်နေကြ၏။ 

တဖြည်းဖြည်း ရုံပြည့်လာသည်။ ဇါတ်ခုံပြင်သော အလုပ်သမား များမှာ အလုပ်ပြီးသွား၏။ ကတ္တီပါကားလိင်ကြီးများလည်း ကျ လာလေသည်။ တီးသံမှုတ်သံတွေလည်း လွင့်လာ၏။ ကတ္တီပါ ကားလိပ်ကြီးများပေါ်သို့ မီးများကို တလိမ့်လိမ့် လှိုင်းထနေသည် ထင်ရအောင် ထိုးပေးနေသည်။ အဘက်ဘက်ကနေပြီး အာရုံငါး ပါးဖြင့် တအိအိ တငြိမ့်ငြိမ့် တလှိမ့်လှိမ့်နေအောင် လုပ်ပေးလိုက်လေ သည်။ အရက်ချို ( ဝိုင်) အရက်ချက်( ရှမ်ပိန်) အရက်ခါး (ဝှစ်စကီ) တွေမပါဘဲနှင့် မူးယစ်စေသော ကပွဲကြီးစပါပြီ။ 

ကားလိပ်ကို မတင်လိုက်လေပြီ။ နတ်ဘုံနတ်နန်းလက်ဝဲလက်ျာ မှ နှစ်မွှာသွယ်ဆင်းကာ လူ့ပြည်ရောက်မှ ပေါင်းမိပြီးဒလဟော စီးကျနေ သည်နှင့်တူသော ပန်းလှေကားကြီး။ 

ထိုပန်းလှေကားပေါ်မှ ထီးအလှကလေးတွေ ဆောင်းပြီးပန်း ရောင် ပိုးဂါဝန်တွေ တလွင့်လွင့်ဖြင့် ငှက်ကလေးများ ပျံဆင်းသလို ဝဲကာပျံကာဆင်းလာသော ယိမ်းသူမကလေးများ။ 

သူတို့ ခြေချပုံမှာ ပေါ့ပေါ့ရော့ရော့ကလေး ဖြစ်သည်။ သူတို့ ကိုယ်လက်လှုပ်ပုံမှာ ပြော့ပျောင်းလှသည်။ သူတို့ကပုံမှာ ညီညာလှ သည်။ 

သည်လိုတော့လဲ ယဉ်ပေသားဘဲဟု ထင်မိပေ၏။ အတော်ကြာ တော့ ဆိုင်းချက်ကသွက်လာသည် ပိုမြည်းဟီးလာသည်။ 

ယိမ်းသူမတို့သည် ဖွင့်ထားသော ထီးများကို ပိတ်လိုက်ကြလေ သည်။ သူမတို့၏ ခြေချပုံမှာ ကြွကြွရွရွ ဖြစ်လာလေသည်။ သူမတို့၏ ကိုယ်လက်လှုပ်ရှားပုံမှာ ဆပ်ခနဲဖြပ်ခနဲ ဖြစ်လာသည်။ အတီး အမှုတ်ကို ပိုမိုလှုပ်ရှား တက်ကြွလာပြန်သည်။ 

သူမတို့၏ ခြေများသည် ခုန်ပေါက်လာကြ၏။ ကိုယ်လက် တို့သည် လှည့်လည်လာကြ၏။ ပန်းရောင် ပိုးဂါဝန်တို့သည် ပျံဝဲ နေကြ၏။ ခြေတဘက်ကို မြှောက်၍မြောက်၍ ကကြ၏။ ပေါင်လုံး များမှာ ဖွေးကနဲ ဖွေးကနဲနေ၏။ 

ဆိုင်းသံသည် တဖြည်း ဖြည်း လေးသွား၏။ လေမုန်တိုင်းကျရာ က လေငြိမ်သွားသလို ဖြစ်၏။ နောက် လေညှင်းကလေးလာနေ သည် မီးရောင်ကလည်း တဖြည်းဖြည်းပြောင်းသွား၏။ ပန်းရောင်ဂါဝန်များ ပင် ဖက်ဖူးရောင်လိုလို ဖြစ်လာ၏။ ပန်လှေကားကြီးလည်း အရောင် ပြောင်းသွါး၏။ ဆလိုက်မီးမောင်းသည် လှေကား၏ လက်ျာထိပ်ဆီ သို့ ထိုးလိုက်၏။ ရွှေရောင်ငွေရောင်တို့ဖြင့် တလက်လက် တောက်ပ နေသော ယိမ်းခေါင်းဆောင်မင်းသ္မီးကို မြင်ကြရသည်။ သူမသည် ရွှေခြည်ငွေခြည် ရွှေပန်းငွေပန်းထိုးထားသော ဝတ်ရုံကြီးကို ဝတ်ထား သည့် သူမသည် ခြေကို တလှမ်းပြီးတလှမ်း ဖြေးညှင်းသက်သာ လှမ်းပြီး ဆင်းလာသည်။ ဘုရင်မ၏ ဣကိုန္ဒြေကိုလည်း ဆေါင်နေ သည့် ဝတ်ရုံနောက်တွဲ ပုဝါကြီးသည် လှေကားပေါ်မှာ သူမနောက်မှ ပန်းငွေလှိုင်း ရွှေလှိုင်း ထကြွနေသည့်သဘွယ် လိုက်လျက်နေပေ သည်။ 

သူမသည် ပန်းလှေကား ခြေရင်းနားသို့ ရောက်သောအခါ သီချင်းသီဆို၏။ လေပြေလေညှင်း ဆော်သွင်းနေရာမှ လှိုင်းတပို။ ထကြွပုံနှင့်တူသော သီချင်းသံ ဂီတသံတွေဖြစ်သည်။ ပြီးတော့ သံပြိုင်တွေ ရောရှက်လာသည်။ ဂီတသံစုံ မြူးခုန်လာသည်။ သာယာသော သူမ၏အသံသည် ဂီတသံစုံမြူးကြွသည့် အထဲမှာနစ် မြုပ်သွားလေ၏။ 

နောက် လှိုင်းတံပိုးတွေ ငြိမ်သွားသည် လေပြေလေညှင်း ဆော်သွင်းလာပြန်သည်။ သူမ၏ အသံအေးကလေး ပေါ်လာပြန် သည်။ သူမသည် ပေါ်လာစက ဆောင်လာခဲ့သော ဘုရင်မဣန္ဒြေ ဖြင့်ပင် နောက်လှည့်ပြီး လှေကားပေါ်သို့တက်သည်။ ဝတ်ရုံနောက် တွဲပုဝါကြီးမှာ စလွယ်သိုင်း လိပ်ခွေပြီး နွဲ့နှောင်းစွာ သူမနောက်မှ လိုက်ပါသွားလေသည်။ ယိမ်းသူမများသည်လည်း အေးမြညင်သာစွာ သံပြိုင်ဆိုပြီးနောက် ကလိုက်ကြ၏။ ဂီတသံစုံကား အဝေးကြီး ဟိုအဝေးကြီးမှ တီးနေသည်နှင့်တူအောင်အုပ်၍ တို့၍တီးကြ၏။ တဖြည်းဖြည်း မီးရောင်က မှိန်သွားသည် တဖြည်းဖြည်း ဂီတ သံစုံတို့က တိုးသွားသည်။

သည်လိုတော့ ယဉ်ပေသားဘဲ သည်လိုတော့ကဗျာ ဆန်သားဘဲ ဟု အောက်မေ့လိုက်လေသည်။ ခဏကလေး ဇာတ်ခုံမှောင် ကျသွား သည်။ 

လင်းလာသည်နှင့် တပြိုင်နက် ဇာတ်ခုံပေါ်မှာ မြင်ကွင်းတမျိုး ပေါ်လာလေသည်။ ကျောက်ဆောင်များ၊ ရေတံခွန်များ၊ ရေပန်းများ ကျွန်တော်တို့တော့ တံခွန်မှာ တကယ်ရေတွေ စီးကျနေသည်ဟု ထင်သည်။ ရေပန်းတွေမှာ တကယ်ရေတဖွားဖွား ထွက်နေသည်ဟု ထင်သည်။ ဟုတ်မဟုတ် ယခုထိ မပြောနိုင်။ သို့သော် ဇာတ်စင် ဆင်ပြင်မှုကျွမ်းကျင် ကောင်းမွန်ပုံကား တအံ့တသြ ချီးကျူးလောက် ပေသည်။ တခန်းတခန်းကို ဆင်ပြင်ရာ၌ အပေါ်မှကားလိပ်တွေ ကျလာသည့် နေရာလို့၊ အောက်က ထိုးတက်လာသည့်နေရာလို၊ ဘေးမှ လှိမ့်ထွက်လာသည့် နေရာလို ဖြစ်ဟန်တူလေသည်။ အခန်း တခန်းနှင့် တခန်းကူးပုံမှာ ရုပ်ရှင်တွင်မစ်က်စ် ခေါ်တကွက်နှင့် တကွက် ထပ်ပြီး ကူးဆက်သည်နှင့်တူအောင် ကူးပြောင်းနိုင်လေသည်။ 

ကျောက်ဆောင်များပေါ်တွင်၎င်း။ ရေတံခွန်များပေါ်တွင်၎င်း။ မိန်းခလေးများ ထိုင်နေကြသည်။ ဝတ်ကောင်းစားလှနှင့် သိပ်သိပ် သည်းသည်းပင် ရှိကြသည်။ ဧဧလူလူ သီချင်းဆိုနေကြသည်။ ဂီတသံကလည်း တယောသံနှင့် တလုံးချင်းတလုံးချင်း ပေါ် လာသော စန္ဒယားသံလောက်သာရှိပေ၏။ 

အတန်ကြာတော့ ကျောက်ဆောင်တွေကြားမှာရှိသော ပန်းပွင့် ကြီးတပွင့်က လှုပ်ရှားလာသည်။ ပန်းချပ်တွေကွာကျသည်။ မင်းသ္မီး သည် ကော့ပျံနေသော ပန်းဝတ်ဆံတိုင်သဘွယ် ရပ်တည်လျှက် နေပေသည်။ ပါရီမှာ တွေ့ရတတ်သော ကိုယ်လုံးတည်း ကျောက်ရုပ် ထုကလေးနှင့် ဆင်ဆင်တူသည်။ သို့သော်မင်းသ္မီးမှာ ကိုယ်လုံးတည်း ဗလာသက်သက် မဟုတ်။ ဆံပင်မှာ ပန်းသရဖူ ဆောင်းထားသည်။ ရင်သားပေါ်မှာ ရင်ပတ်တန်ဆာ အုပ်လွှမ်းထားသည်။ ပြီးတော့ ရေကူး ဘောင်းဘီ ခါးပြတ် တိုကြပ်ကြပ်ကို ဝတ်ထားသည်။ ဘောင်းဘီမှာ ရွှေခြည်စိန်ပြောက်တို့ဖြင့် မွန်းမံထားသည်။ 

ပန်းထဲမှမင်းသ္မီးသည် တဖြည်းဖြည်း အသက်ဝင် လှုပ်ရှားလာပြီး သီချင်းညည်းလိုက်လေသည်။ ထိုအခါမှ ကျောက်ဆောင်များ၊ ရေတံခွန်များမှာ ထိုင်နေကြသော ယိမ်းသူမတို့သည် လှုပ်ရှားလာ ကြသည်။ ဆင်းထားသောခြေကို ရုပ်သူရုပ်။ ဒူးတုပ်သူတုပ်။ ထသူထ လုပ်ကြသည်။ မင်းသ္မီးသည် ပန်းထဲမှ ဆင်းထွက်လာသည်။ ဂီတသံကပိုမိုလှုပ်ရှားလာသည်။ သီချင်းလှိုင်းတံပိုး ထကြွလာလေပြီ။ ယိမ်းသူမအားလုံး ထကြသည်။ သံပြိုင် လိုက်ရမည့်နေရာ လိုက်ကြ သည်။ ယိမ်းသူမတို့သည် စည်းချက်နှင့်လှုပ်ရှားယင်း၊ ကခုန်ယင်း အဝတ်များကို ချွတ်ကြသည်။ 

သဘောမှာ ရေမှာပျော်ပါးရန် မင်းသ္မီးက ခေါ်လိုက်၍ သူတို့က ကူးမည်ခပ်မည် ရေမှာပျော်ပါးမည်ဟု ဖြေဆိုလိုဟန်တူသည်။ ယိမ်းသူမတိုင်း ရင်သားဖုံးသော ရင်ဝတ်လွှာနှင့် ရေကူးဘောင်းဘီတို ကြပ်ကြပ်သာ ရှိပေတော့သည်။ 

နောက်တော့ ကရင်း၊ မြူးရင်း မင်းသ္မီးကစပြီး ရင်ဝတ်လွှာကို ချွတ်လိုက်ပြန်သည် လှပသော ကိုယ်ကာယတွင် လှပသောရင်သား သည် အလှသရဖူ ဆောင်းသည်နှင့်တူ၏။ ` မင်းသ္မီးအား အတူလိုက် ပြီး ယိမ်းသူမတွေ့ကလည်း ရင်ဝတ်လွှာတွေ ချွတ်ကြ၏။ ချွတ်ရသည်မှာ ခက်ရာခဲဆစ်မဟုတ် ခလုပ်တချက်နှိပ်ရုံနှင့် ဖြတ်ခနဲ ကျွတ်သွားခြင်းဖြစ်သည်။ ဤပွဲများ၌ အဝတ်ချွတ်ခြင်းသည် လျှင်မြန် လှ၏။ ဘောင်းဘီရှည်ကြီးကိုပင်လျှင် တချက်ခလုပ်နှိပ်ရုံနှင့် ချွတ်ရ လေသည်။ ယိမ်းသူမတွေကား အချို့ကသာ ကိုယ်ကာယလှပပြီး အချို့ မှာ ပုံပျက်နေကြလေပြီ။ ကိုယ်ကာယ အလှပျက်ခြင်း၌ ရင်သား ပုံပျက်ခြင်းက အသိသာဆုံးဖြစ်သည်။ 

အရုပ်ဆိုးစရာရှိလျှင် သူက အဆိုးဆုံးဖြစ်ပြီး အထင်ရှား အပေါ် လွင်ဆုံး ဖြစ်နေပေသည်။ ထိုကြောင့် ကျွန်တော့မှာ မျက်စေ့နောက် လာသည်။ ကြည့်ရတာ အရသာပေါ့လာသည်။ 

နောက်ပြီးတော့ ရေကူးဘောင်းဘီကို ခလုပ်နှိပ်ပြီး ဆတ်ခနဲ ဖြုတ်လိုက်ကြပြန်သည်။ လန်ကွတ်တီလို ပိုးစွပ်ကျယ်ကလေးသာ ကျန်တော့၏။ တမင်လုပ်ထားသလားမသိ အလယ်မှာ ဖေါင်းကြွ နေသော နေရာသည် တခါတခါ ဒေါင်လိုက်ခွက်၍ခွက်၍ ဝင်သွား သေးသည်။ မီးတွေက ရောင်မျိုးစုံကို လျှပ်စစ်ပြစ်သလို ဖြတ်ခနဲ ဖြတ်ခနဲ ထိုးပေးနေ၏။ သူမတို့ကါး ပေါင်များကို ဖြဲကာကားကာ မြှောက်ကာချကာ ကကြ၏။ 

ထိုအတွင်း ဒိန်းကနဲ ဒိုင်းကနဲ အသံမျိုး ပေါ်ထွက်လာပြီး ဂီတသံက ပြောင်းလဲသွားသည်။ ယောက်ျားပျိုတွေ ဝင်လာကြသည်။ သူတို့သည်လည်း ရေကူးဘောင်းဘီဖြင့် ဖြစ်သည်။ ယိမ်းသူမတွေ့နှင့် အတွဲလိုက် ရေကူးကြဟန် မြူးတူ။ ပျော်ပါးကြဟန် ကကြလေသည်။

နောက်ဆုံးပြပုံကတော့ မိန်းမတို့သည် လန်ကွတ်တီလိုဟာကို ဖြုတ်ပစ်လိုက်ကြခြင်းဖြစ်သည်။ 

ယောက်ျားများကား ရေကူးဘောင်းဘီချွတ်ပြီး လန်ကွတ်တီ နှင့်ကကြ၏။ မိန်းမကိုယ် ရှေ့တည့်တည့်မှာတော့ ရွှေခြည်ထိုး ပန်း ကလေး တပွင့်သာရှိတော့၏။ နောက်မှာကား ဘာမျှမရှိ ဗလာ ဟင်းလင်း။ တကယ်ပင် ကြည့်လိုမကောင်း မြင်မကောင်း။ ထို့ပြင် တင်အချိုးကျသူချည်း သက်သက်လည်းမဟုတ်။ တချို့ကရှည်လ မြော။ တချို့ကချပ်ပြား။ တချို့က ကောက်ချိတ် စောစောက သယ် လာသမျှသော အရသာတွေ ဖိတ်စဉ်ပျက်ပြားသွားသည်ဟု ထင်၏။ 

ဘယ်နေရာမှာ ကျော်ခဲ့သည်မသိ အနုပညာနယ်နိမိတ်ကိုတော့ ကျော်ခဲ့ပြီး ဣဋ္ဌာရုံသည် အနိဋ္ဌာရုံ ဖြစ်ခဲ့လေပြီ သိဒ္ဓတ္တမင်းသားတော မထွက်မီ ယသော်ဒေဝီအား ဝင်အကြည့်မှာ အပျိုတော်တွေ အမြင် မတော် ဖြစ်နေပုံမြင်ရခြင်းနှင့် ဤမြင်ကွင်း တူသည်ဟု ဆိုသော် ရကောင်းလေသတည်း။

အခန်းများမှာ ဆက်၍ဆက်၍ ပေါ်လာလေသည်။ ဇာတ်ခုံ အခမ်းအနားမှာ ပို၍သာ အံ့သြစရာ ကောင်းလာ၏။ ဆန်းကျယ်သော မီးသည် ကျွန်တော်တို့အား အမျိုးမျိုးလှည့်စားနေ၏။ တခါတခါ ဇာတ်စင်နှင့်တကွ ဇာတ်ခုံပေါ်မှ မြင်ကွင်းတခုလုံးသည် အပေါ်သို့ တရိပ်ရိပ် တက်နေသည်ဟု ထင်မှတ်ရသည်။ ထိုးလိုက်သောမီးရောင် ပြောင်းသည်နှင့်အမျှ အဝတ်အစားများ အရောင်ပြောင်းသွားသည်၊ ကားလိပ်တလိပ် တက်သွားပြီး ကားလိပ်တလိပ် ကျကာမျှဖြင့် ချယ်ရီပန်းတွေ ဝေနေရာမှ ငုရွှေဝါတွေ ဝေလာသည် ငုရွှေဝါတွေ တဖြေးဖြေး ပျောက်ကွယ်သွားပြီး နှင်းဆီမြိုင်ကြီး ရောက်လာလေ သည်။ တခါတခါ ဇာတ်ခုံကြမ်းပြင်သည် ခုံးတက်လာပြီး လှိမ့်ကာလှိမ့် ကာဖြင့် အဆင့်တဆင့် ရောက်လာသည်။ ပထမဘုံတဆင့် ဒုတိယ ဘုံတဆင့် တတိယဘုံတဆင့် သန္ဓေဒဇမယ်များမှာ ပန်းအမျိုးမျိုး၊ သစ်သီးအမျိုးမျိုး၊ ဥအမျိုးမျိုးမှ ပေါက်ဖွားလာတတ်သည်။ သူရောင်မယ်များကိုလည်း မမျှော်လင့်ဘဲ တွေ့မြင်ရသည်။ 

နာနတ်သီးကြီးထဲမှ ထွက်လာသော သန္ဓေဒဇမယ်မှာ ဆန်းလည်း ဆန်းသည်၊ ရိုးလည်း ရိုးသည်၊ နာနတ်သီးကြီး အက်ကွဲလာပြီး နာနတ်သီးမယ် ပေါ်လာပုံ ဝတ်စားဆင်ယင်ထားပုံတို့မှာ ဆန်းသည်။ အဆိုအကတို့မှာ တောင်အမေရိကမှ ကျေးရွာဓလေ့ အကအဆိုများ ဖြစ်သဖြင့် ရိုးရိုးကလေးနှင့် အရသာရှိသည်။ ယိမ်းသူမတွေ၏ ခေါင်းမှာ ထိုးလိုးထောင်လောင် ကြက်တောင်စည်းတွေနှင့်ဖြစ်သည်။ ချက်ပေါ် ပေါင်ပေါ် ဝတ်ဆင်ထားပြီး မျက်စတွေချီကာပင့်ကာ ပစ်ကာနှင့် ကကြသော်လည်း ညစ်တီးညစ်ပတ် အမူအရာကို မပြကြ၊ ရိုးသားသော၊ ပွင့်လင်းသော၊ ဖျတ်လပ်သော တောဓလေ့ တောင်ဓလေ့၊ တောသံတောင်သံတွေကသာ လွှမ်းခြုံနေသည်။ 

တခါတော့ ဂျပန်နန်းတော်ကြီးပြပြီး ဂျပန်မင်းသ္မီး ဂျပန်မောင်း မမိဿများနှင့် ဂျပန်ဘုရင်ကြီးကိုပြသည်။ တခါသော် အာရေဗျ မင်းသ္မီး အာရေဗျမောင်းမမိဿ များနှင့် အာရေဗျဘုရင်ကို ပြသည်။ ထောင့်တည အာရေဗျ ပုံပြင်တွေထဲ ရောက်သွားသလား အောက်မေ့ ရသည်။ 

မျက်လှည့်လည်းပါသည်။ ဂျွန်းဘားလည်းပါသည်။ ကိုယ်အ ညွှတ်အပျောင်း လက်ခြေအတတ် တွေလည်းပါသည်။ 

သို့သော် အစီအစဉ်တွေ ဘယ်လိုပြောင်းပြောင်း၊ ပြဟန်တွေက ဟန်တွေဘယ်လိုပြောင်းပြောင်း၊ တလျှောက်လုံးမပြောင်းသောအ စီအစဉ်နှစ်ခုသာရှိ၏၊ တခုမှာ အနုပညာသက်သက်သို့ လုပြီးပြ၏။ အခြားတခုမှာ ကိုယ်လုံးတီးချွတ်ခြင်း၊ တဏှာရာဂ ဆွခြင်းပြခြင်း ဘက်သို့ လုပြီးပြ၏။ အစီအစဉ်အားလုံး၏ ထက်ဝက်မှာ အဝတ် ချွတ်ပြီး ကလိဆွသော အကအပြများ Striptease ဖြစ်ပေသည်။

တခါတော့ ဇာတ်ခုံနောက်ခံကားမှာ အနက်ကြီးဖြစ်သည်။ နှင်း ဆီပန်းခိုင်းကြီးသဘွယ် ပြုလုပ်ထားသော ဧရာမ စက္ကူပန်းကြီး သာလျှင် ဇာတ်ခုံအလယ်မှာရှိသည်။ ထိုပန်းခိုင်ကြီးကို ဆလိုက် မီးမောင်း ကွက်ပြီးထိုးထား၏။ အရောင်အသွေးရော ပွင့်ချပ်ပွင့်လွှာ ရော တကယ် လှပတင့်တယ်သည်။ ထိုပန်းထဲမှ ကာယဗလ မောင်မယ်နှစ်ဦး ထွက်လာသည်။ သူတို့ထွက်လာပြီး ပန်းခိုင်ကြီး သည် မူလအတိုင်း ပြန်တည်နေသည်။ ကာယဗလ မောင်မယ်တို့ကား တကယ်အချိုးကျ၍ တကယ်လှ၏။ မျက်နှာတွေကလည်း ချစ်စရာ ကောင်းသည်။ မိန်းခလေးခေါင်းမှာ နှင်းဆီပန်း ပန်ထားသည်။ ရင်ဝတ်လွှာဖုံးထားသော ရင်းသားမို့မို့တို့မှာ အလှသရဖူများ ဖြစ်သည်။ နှင်းဆီပန်းများ ထိုးထားသော ရေကူးဘောင်းဘီကို ဝတ်ထားသည်။ ကာယဗလမောင်မှာလည်း ရေကူးဘောင်းဘီနှင့်ပင် ဖြစ်သည်။ တောင့်တင်းရုံမက ကျော့ရှင်းသော ကာယအလှကို အပြည့်အဝ ပြလျက်ရှိသည်။ 

သူတို့နှစ်ယေါက်သည် ရောမ ရာဇဝင်တွင်ရစ်အောင် ကောင်းသော သုခုမပညာမြောက်သည့် ကျောက်ဖြူရုပ်ထုကလေး များမှ သက်ဝင်လှုပ်ရှားလာဘိသကဲ့သို့ရှိ၏။ 

သူတို့သည် ဘဲလေးအကဟန်ဖြင့် ကိုယ်ကာယအလှ ကပြကြ၏။ တယောက်စီက၏။ တွဲယှဉ်၍က၏။ မောင်သည်အားခွန်ကိုပြရန် မယ် ကိုပွေ့ချီက၏။ လက်နှစ်ဘက်တွင် လှပစွာ လျောင်းနေသော မယ်ကို တင်ကာ ဒိုးကဲ့သို့မွှေ့ပြ၏။ ကြည့်၍ အလွန်ကောင်းပါသည်။ လှပသော မြင်ကွင်းဖြစ်သည်။ 

ထိုနောက်မယ်သည် ရင်ဝတ်ကိုချွတ်သည်။ ရင်သားများမှာ ဘာ မျှ ပြောစရာမရှိ လှနေသည်။ နောက်မယ်သည် ရေကူးဘောင်ဘီကို ချွတ်လိုက်သည်။ နှင်းဆီးပွင့်တပွင့်သာ ရှေ့မှာရှိတော့သည်။ မယ်နှင့် မောင်သည် ဤအနေမှာ တွဲကာဘက်ကာ ကကြ၏။ ကာမရာဂ စပ်ရှက်ပုံတွေကို သရုပ်ဆောင်သလိုလို ထင်ရအောင်ကကြ၏၊ တဖြည်းဖြည်း အနုပညာ နယ်နိမိတ်သည် ပျောက်ကွယ်သွားလေ သည်။ ထိုအခါ ကာယဗလ မောင်မယ်တို့အား ပြည်ဖုံးကား ချလိုက်သည်။ 

အဝတ်ချွတ်ရအောင် နည်းအမျိုးမျိုး ကြံစီစိတ်ကူးပြီး ဇာတ် ကွက်တကွက် ပြကွက်ဆင်ကြသည်။ လင်လုပ်သူမှာ စာဂျပိုးကြီး ဖြစ်၏။ သတင်းစာကိုသာ ဖတ်နေသည်။ စုံတွဲ အပြင်ထွက်ရမည်မို့ မိန်းမလုပ်သူက အဝတ်လဲနေသည်။ ဒီအဝတ်နှင့် ကောင်းရဲ့လား ဟု မေးပြီး ဝတ်ပြသည်။ လင်တော်မောင်က စာသာဖတ်နေသည်။ နောက်ထပ် အဝတ်လဲပြပြန်သည်။ လင်တော်မောင်က စာကိုသာ ဖတ်နေသည်။ နောက်ဆုံးကျတော့ မယားလုပ်သူသည် မိန်းမကိုယ်ရှေ့ က ပန်းပွင့်ကလေး တပွင့်မှလွဲပြီး ဘာမျှမဝတ်တော့ဘဲ လင့်ရှေ့မှာ သွားပြီး ကုန်းပြတော့သည်။ သည်တော့မှ လင်တော်မောင်သည် သတင်းစာလွှတ်ပစ်ပြီး မဖြစ်ဘူးမဖြစ်ဘူး အဝတ်ဝတ်ပါအုံးဟု ဆိုကာ အဝတ်ဝတ်ခိုင်းပြီး ထွက်သွားကြလေသည်။ မိန်းမ၏ ကိုယ်ခန္ဓာတွင် ရင်သားကလျော့ခွေ၊ တင်သားက ရှည်လမြော ချပ်ပြား၊ ဖြစ်သမို့ အတော်အရုပ်ဆိုးသည်။ ဟာသရသာကိုသာ ပေးသေါ အချက်ဖြစ်သည်။ 

အလုပ်လက်မဲ့ ယောက်ျားတယောက် ထွက်လာသည်။ ပန်း ချီဆရာမထံသို့သွါး၍ ကိုယ်လုံးတီး ဆွဲရန်နမူနာပြရသည်။ ပန်းချီဆရာမသည် ဆန်းကျယ်လော်လီသော စိတ်ကူးဉာဏ် ရှိသည် ဖြစ်၍ မြောက်နှင့်ကိုယ်တုံးလုံး မိန်းမနှစ်ယောက် ဆေါ့ကြပုံကို ရေးရလျှင် ကျော်ကြားမည်ဟု ယူဆလေသည်။ ထိုသူနှင့် မိန်းမနှစ်ယောက်တို့သည် အဝတ်ချွတ်ကြရသည်။ ထိုသူကား ရှက် တက်တက်ဖြစ်၏။ မိန်းမနှစ်ယောက်ကား မရှက်ချေ။ ရှေ့မှာ ပန်းပွင့် တပွင့်သာ ဖုံးထားသည်အထိ ချွတ်လိုက်ကြသည်။ ထိုသူကား မနဲကြီးပြောမှ လန်ကွတ်တီသာရှိသည့်အထိ အဝတ်ချွတ်သည်။ အား လုံးသော ကိုယ်ခန္ဓာများမှာ ရုပ်ဆိုးကြသည်။ ထိုသူသည် ရင်ဘတ်မှာ အမွှေးတွေနှင့် ဖြစ်၏။ အမြီးကောက်ကောက်လည်း တတ်ထါးရ၏။ ပန်းချီဆရာမသည် သူတို့အါးအမျိုးမျိုး နမူနာပြစေ၏။ မိန်းမ နှစ်ယောက်ကြားမူ ထိုသူက ဘယ်လိုမျက်နှာမျိုးနှင့် နေရမည်။ ဘယ်ဟာကို ကြည့်နေရမည်။ ဘယ်ဟာကိုင်ရမည် စသည်ဖြင့် ညွှန် ကြား၏။ နောက်ဆုံး ဘယ်ဟာမှ စိတ်တိုင်းမကျနိုင်သဖြင့် ညာလက် ဖြင့် မိန်းမတယောက်၏ သားမြတ်ကို ကိုင်စွဲစေပြီး ဘယ်လက်ဖြင့် အခြားမိန်းမ၏ ကိုယ်ရှေ့မှာကွယ်ပေးထား ပန်းပွင့်ကို ကိုင်စေလေ သည်။ တောင်ကိုင်မြောက်ကိုင်နှင့် တဝါးဝါးနေသည်။ ပန်းချီဆရာမ ကား စိတ်တိုင်းမကျသဖြင့် ကြိမ်းမောင်းသည်။ ထိုအခါ ထိုသူသည် ပန်းချီဆရာမထံပြေးပြီး သည်လိုကိုင်ရမလါးဟုမေး၍ ဆရာမအား ကိုင်လေရာ တဝါးဝါးပွဲကျနေပြန်သည်။ နောက်ဆုံးတွင် မိန်းမနှစ် ယောက် အလည်မှာ အကိုင်ခိုင်းတာကိုင်ရင်း ရပ်နေရာ ပန်းချီဆရာမ သည် စိတ်တိုင်ကျပြီး ဆွဲတော့မည် လုပ်လေ၏။ ထိုအခါ ထိုသူသည် အနည်းငယ် လှုပ်လိုက်ရာ အမြီးကောက်ကောက်ကြီးသည် မိန်းမတယောက်၏၊ နောက်ပေါက်ထဲ ဝင်သွားလေရာ ထိုမိန်း မစိတ်ဆိုပြီး နမူနာပြခြင်း ပျက်သွားလေသည်။ ပန်းချီဆရာမလည်း စိတ်ပျက်ပြီး ပန်းချီဆေးခွက်များ စွန့်ပစ်ကာ ထွက်ခွါသွားလေသည်။ တရုံလုံး တအုံးအုံးညံနေ၏။ 

ကျွန်တော်တို့ အငြိမ့်ပွဲ ပျက်လုံးများ ညစ်ညမ်းလှသည်ဟု ကျွန် တော်ထင်ခဲ့သည်။ သည်ပါရီ၏ ကာဆီနို့ပျက်လုံးနှင့်စာသော် အ ငြိမ့်ပျက်လုံးများကို ထီးသုံးနန်းသုံးဟု မှတ်ယူသင့်ပေတော့၏။ 

ဤဇာတ်ကလေးကား ဟာသရသကို အခြေခံသည်။ ထိုမျှမက ကိုယ်တုံးလုံး ပန်းချီဆွဲလိုသူတွေကိုလည်း သရော်ထားသည်။ ကျွန်တော်တို့မှာ ပြင်သစ်ဘာသာစကားကို မတတ်။ ဘာသာပြန် ပြမည့် သူများလည်းမရှိ။ သို့မဟုတ်ပါက သည့်ထက်ပြည့်စုံစွာ ဖေါ်ပြနိုင်ပေမည်။ 

ကြာတော့ ကျွန်တော်သည် ငြီးငွေ့လာသည်။ ထပ်ခါတလဲ ချွတ်ပြသာချည်း ဖြစ်ပေရာ၊ စိတ်မဝင်စားတော့ပေ။ အမှန်ပြောရ သော် တခါနှစ်ခါပင် အိပ်ငိုက်လိုက်သေး၏။ မနဲကြီး ကြိုးစားကာ ပြီးအောင်နေရသည် များလွန်းတော့ အီခြင်းပင်ဖြစ်မည်။ နောက်တည တွင် သည့်ထက်ကဲသော ပွဲမျိုးကြည့်ရန် မူလက အစီအစဉ်ရှိ၏။ မကြည့်ချင်တော့ပေ။ ဘာ့ကြောင့် သည်လိုဖြစ်သလဲဟု စဉ်းစားကြည့် သည်။ ဖိုမသဘာဝသည် လျှို့ဝှက်သောသဘောရှိ၏။ သဘာဝ တရားသည် ပန်းတို့၏ဖိုမသဘာဝကို လျှို့ဝှက်ထားကြ၏။ တိရစ္ဆာန်တို့လည်း ထိုနည်းပင် အခါခပ်သိမ်း ရာသီဥတု အချိန်မရွေး ဖိုမဆက်ဆံရေး သြဇာဓါတ်သည် ပေါ်ထွက်သည်မဟုတ်။ ပါရီ၏ ကာဆီနိုပြပွဲမှာ ဖိုမသဘာဝ၏ လျှို့ဝှက်ချက်ကို အထိမ်းအမှတ်မရှိ ဖွင့်လှစ်တင်ပြရန် အားထုတ်၏။ သဘာဝအားဖြင့် ရံဖန်ရံခါသာ ဖြစ်ပေါ်သော ဖိုမဆက်ဆံရေး သြဇာဓါတ်ကို အမြဲထာဝစဉ် နိုးကြား ထက်မျက်အောင် ဖန်တီး၏။ အားလုံးမှာ သဘာဝမကျသော အားထုတ်မှုများဖြစ်သည်။ အနုပညာဟူသည် ချယ်မှုံးမှု၊ ဖွဲ့နွဲ့မှု၊ စိတ်ကူးဥာဏ်ကွန့်မှုစသော အပိုင်းအပိုင်း အဆေါင်အယောင်များဖြင့် တကဲ့အဖြစ် တကဲ့ကိစ္စ၊ တကဲ့အမှန်တွေကို ပိုလှပအောင် ထင်မှတ်ရခြင်း ဖြစ်သည်။ ပါရီ၏ကာဆီနိုပြပွဲမှာတ ဖြည်းဖြည်း အနုပညာနယ်နိမိတ်ကို လွန်လာသည်။ ရမ်းလာသည်။ ကြမ်းလာ သည်။ ကြာတော့ စက်ဆုပ်စရာကောင်းလာပေသည်။ သို့သော်ပါရီမှာ သော်၎င်း အခြားအနောက်နိုင်ငံများမှာသော်၎င်း ကိုယ်လုံးတည်း ဝတ်လစ်စလစ်အလှကို အမွန်အမြတ် ထားတတ်ပေရာ တခါတခါ ဇာတ်စင်ပေါ်မှာ ကိုယ်လုံးတည်းအလှကို ပြကာမျှဖြင့် ကျွန်တော် အပြစ်မဆိုရဲချေ၊ အလှသည်အလှနယ်မှာ ရပ်တန်းကမရပ်ဘဲ လွန်ကဲသွားခြင်း အမြဲတမ်းထကြွအောင် လှုံ့ဆော်ခြင်း အီသွားအောင် ပြခြင်း၊ အနုပညာပျက်သွားအောင် လုပ်ခြင်းတို့ကိုသာ ကျွန်တော် မနှစ်မြို့နိုင်ခြင်း ဖြစ်ပေ၏။ 

ပါရီမှာ ကိုယ်လုံးတည်း ကိုယ်ကာယအလှကို အမွန်တမြတ် ထားခြင်းသည် အမျိုးသား အစဉ်အလာဖြစ်နေ၏၊ ပြင်သစ် ယဉ် ကျေးမှုတွင် တစိတ်တပိုင်းတကဏ္ဍ ဖြစ်နေ၏။ ဗါးဆေးနန်းတော် တွင်းသို့ သွားကြည့်သောအခါ ညီလာခံ ခန်းမဆောင်ထဲမှာ ယောက်ျားကျောက်ရုပ်ထုကို မြင်ရသည့် ဝတ်လစ်စလစ်မှ တကဲ့ ဝတ်လစ်စလစ် ဖြစ်၏၊ ဘွားဘက်တော်ကိုပင် မဖုံး၊ နန်းတော်ဝင်း ဘုတ်တလုပ်ကန် အနီး၌ ကိုယ်လုံးတည်းမိန်းမ ရုပ်ထုကို တွေ့ရ၏။ 

နောက်တနေ့မှာ တနင်္ဂနွေနေ့ ဖြစ်လေသည်။ တနင်္ဂနွေနေ့ ဆိုလျှင် ဆိုင်တွေရုံးတွေ အလုပ်ရုံတွေ အားလုံး ပိတ်သည်။ မပိတ်သော အရာကား ပြတိုက်များနှင့် ပျော်ပွဲရုံများသာ ဖြစ်ပေ၏။ 

ပါရီမြို့တွင် ပြတိုက်တွေက ပေါများလှပေသည်။ အထူးဆောက် လုပ်ထားသော ပြတိုက်များသာမက ရှေးဟောင်းအဆောက်အဦ ကြီးများမှာလည်း ပြတိုက်တွေ ဖြစ်နေ၏။ လူ (ဗ) နန်းတော်၊ ဗာဆေး နန်းတော်၊ စိန်ပေါ ဘုရားရှိခိုးကျောင်း၊ နော်တာဒန် ဘုရားရှိခိုးကျောင်း၊ ပင်သီယံ၊ နပိုလီယံသင်္ချိုင်း၊ အီဖေးမျှော်စင်ကြီး၊ ကင်းဝန်မင်းကြီးက အောင်မုခ်ဟု ခေါ်ဆိုခဲ့သော အာ့ခ်ဒီထရီးယမ့်ဖ် စသည်တို့မှာ ပြတိုက်တွေ ဖြစ်နေ၏။ အားလုံးလို ဝင်ကြေးပေးရ၏။ 

လိုက်ကြည့်ရန် အစီအစဉ်လုပ်ပေးနေသော ကုမ္ပဏီများရှိ၏။ ကျွန်တော်တို့တည်းခိုသော ဟေါ်တယ်တွင် ယင်းကုမ္ပဏီများ၏ ကိုယ်စားလှယ်ဖြစ်သော ဆိုင်တဆိုင်ရှိသည်။ ရာဇဝင် မြင်ကွင်း များကို ကြည့်လိုလျှင် တယောက် ဖရန့် ဂဝဝ ပေးရသည်။ ပါရီ၏ ခေတ်သစ် အဆောက်အဦများကို ကြည့်လိုလျှင် ဖရန့် ၈၀၀၊ ဗါဆေး နန်းတော်သို့ သွားကြည့်လိုလျှင် ဖရန့်၁၆ဝဝ၊ ပါရီ၏ညဘဝတွေ ကြည့်လိုလျှင် ဖရန့် ၂၈၀၀ စသည်ဖြင့် သတ်မှတ်ထားလေသည်။ ဇိမ် ရှိသော ဘတ်စ်ကားကြီးနှင့် ခေါ်သွားသည်။ အင်္ဂလိပ်၊ စပိန်၊ အီတလီစသော ဘာသာခြားများဖြင့် ပြောပြနိုင်သော လမ်းပြများက လိုက်ပြသသည်။ တနေကုန် လိုက်ကြည့်ခြင်းဆိုလျှင် အကျွေး အမွေးပါ ထည့်ပေးသည်။ 

ကျွန်တော်တို့သည် ဖရန့် ၈၀၀ တန် ပါရီ၏ ရာဇဝင် အစီအစဉ်ကို လိုက်ကြည့်ကြလေသည်။ 

နေ့ ၂နာရီ၃ဝတွင် ဘတ်စ်ကားကြီး ဟော်တယ်သို့ ရောက် လာသည်၊ ရန်ကုန် ပြည်တော်သာကားကြီးတွေလို ဇိမ်ကားကြီးများ ဖြစ်၏။ ဘတ်စ်ကားသည် ကျွန်တော်တို့အား ပီရမစ်စကွဲယားခေါ် သော နေရာသို့ သယ်ယူသွား၏။ ပီရမစ်စကွဲယားအနီးတွင် ဂျုံးအော့ဖ်အာ့ခ် ကြေးနီရုပ်ရှိသည်။ ဂျုံးအော့ဖ်အာ့ခ်မှာ လွန်လေပြီးသော အနှစ် ၄ဝဝ ကျော်လောက်ကုန်က ပြင်သစ် အမျိုးသားများကို ကယ်တင်သွားသော အာဇာနည်မကသေး ဖြစ် သည်။ ထိုအာဇာနည်မကလေးကို ပြင်သစ်အမျိုးသားတို့သည် နည်း အမျိုးမျိုးဖြင့် ဂုဏ်ပြုကြ၏။ ကြေးနီရုပ်မှာ မြင်းစီးလျက်ဖြစ်သည်။ ချပ်ဝတ်တန်ဆာ ဝတ်ထားသော မိန်းခလေးသည် မြင်းပေါ်မှာ ခံ့ ညားနေ၏။ သို့သော် မျက်နှာသွင်ပြင်နှင့် ကိုယ်ဟန်မှာ မိန်းမတို့၏ စန်းသည် ပွင့်လျက်သာရှိ၏။ 

ဂျုံးအော့ဖ်အာ့ဒ်အနီးတွင် အခြားဘတ်စ်ကားသို့ ပြောင်းကြရ မည်ဖြစ်ရာ ထိုဘတ်စ်ကားအလာကို စောင့်နေကြလေသည်။ လိပ်လို ပြောသော လမ်းပြပါသော ဘတ်စ်ကားကို စောင့်ရသည်ဖြစ်ရာ အနည်းငယ် ကြာသွားလေသည်။ ထိုအခါ အသက်နှစ်ဆယ်ကျော် အရွယ်ရှိသော ဂါဝန်နက်ဝတ်ဆင်ထားသည့် မိန်းခလေးတယောက် သည် ကျွန်တော်တို့အနီးသို့ ရောက်လာလေသည်။ သူလဲဘဲ အင်္ဂလိပ် လို စကားပြန်ပါသော ဘတ်စ်ကားကို စောင့်သည်ဟုဆိုလေသည်။ ကျွန်တော်က သူမ၏ ဇာတိဋ္ဌာနေကိုမေးကြည့်ရာ အမေရိကန်ဖြစ် သည်ဟု ဆိုလေသည်။ တယောက်ထဲ ပါရီသို့ လျှောက်လည်ရန် လာ ခဲ့သည်။ သူမနှင့် စကားပြောနေစဉ် ကျောင်းသူကျောင်းသားတွေ စီတန်းချီတက်လာသည်ကို တွေ့မြင်ရလေသည်။ အတန်းကြီးမှာ မဆုံးနိုင်၊ အင်အါးပြတါများလါး။ 

အမေရိကန်မကလေးအား ကျွန်တော်က- 

“ဒီ သူငယ်မတွေက ဘာလို့ချီတက်လာကြတာလဲ၊ မင်းမသိဘူး လား”

“ကျမလဲ မသိဘူး”

သူမသည် ပုလိပ်တယောက်ကို သွားမေးပြီး ကျွန်တော့အား ပြန်ပြောသည်။

“သူတို့ ကျောင်းသူကျောင်းသားတွေအတွက် လု(ဗ)ဥယျာဥ်ကြီး ထဲမှာ အထူးအစီအစဥ် ရှိတယ်။”

“မင်း ပုလိပ်နှင့် ဘာ ဘာသာနှင့် စကားပြောသလဲ”

“ဒီလောက်တော့ ပြင်သစ်စကား တတ်ပါတယ်”

ဘတ်စ်ကားရောက်လာသဖြင့် ကားပေါ်သို့ တက်ကြရလေသည်။ အင်္ဂလိပ်နှင့်စပိန် နှစ်ဘာသာ ပြောနိုင်သော လမ်းပြပါသည့် ဘတ်စ် ကားပေတည်း။ 

“ဟောဒါက လုပ်နန်းတော်ကြီး” ခမ်းနားကြီးကျယ်သော အဆောက်အဦကြီးများသို့ သွားလေသည်။ ကားပေါ်မှ ခဏဆင်းပြီး အပြေးအဖျန်း ကြည့်ကြရ၏။ အတွင်းမဝင်ရပါ။ အပြင်ကသာ ရင်သပ် အံ့သြကြရသည်။ 

ထိုအခိုက် ကျွန်တော်တို့အုပ်ထဲတွင် မြန်မာနှင့်တူသော လူကြီး တယောက်နှင့် မိန်းမကြီးတယောက်ကို တွေ့ရလေသည်။ အသက် ငါးဆယ်ကျော်များဖြစ်၏။ 

ကျွန်တော်တို့ထဲတွင် မြန်မာလိုဝတ်ထားသူများ ပါလေရာ မြန် မာဆိုလျှင် သူကစ၍ နှုတ်ဆက်မည်ကားမလွဲချေ။ ထိုလူကြီးနှင့် မိန်းမကြီးတို့သည် ကျွန်တော်တို့အား ကြောင်ကြည့်နေကြ၏။ 

ကျွန်တော်ကစ၍ ဘယ်တိုင်းပြည်ကလဲခင်ဗျာဟု စ၍မေးလိုက် ရာ ဖစ်လစ်ပိုင်မှ ဖြစ်နေလေသည်။ ပါရီ၌ ကြီးကြီးကျယ်ပုံ နန်းတော် ကြီးခမ်းနားပုံတို့ကို ပြောကြပြီး။ နောက် ထိုလူကြီးက- 

“သူတို့အနောက်နိုင်ငံတွေ ကြီးကျယ်တာ၊ သူတို့လူနေရေးအဆင့် အတန်း မြင့်တာတွေဟာ တို့အရှေ့နိုင်ငံတွေကို အုပ်စိုးခဲ့ပြီး အ မြတ်ထုတ်နိုင်လို့ပါ”ပြောလေရာ ကျွန်တော်တို့အားလုံးက ဝမ်းသာ အားရ ထောက်ခံကြလေသည်။ လူချင်းကဆင်တူနေကြသည့်အထဲ ထိုကါးကို ပြောလိုက်လေရာ ကျွန်တော်တို့သည် ဆွေမျိုးသားချင်း များသဘွယ် ရင်းနှီးသွားလေသည်။ 

လု (ဗ်) နန်းတော်တွင်းတွင် ရှေ့ဟောင်းပစ္စည်းများ ပြတိုက် ရှိလေသည်။ ဗြိတိသျှပြတိုက်ကြီး တမျှပင် အဖိုးတန် သမိုင်းဝင် ပစ္စည်းများ စုံလင်သည်ဟု သိရလေသည်။ သို့သော် အထဲမဝင်ခဲ့ရ ကြချေ။ 

ထိုအနားမှာပင် ပန်းချီပြခန်းကြီး ရှိသည်ဟုဆို၏။ လီယွန်နာဒို ဒီဗင်ချီ၏ မိုနာလီဇါပင်လျှင် မူရင်းအတိုင်းရှိသည်ဟု ဆို၏။ အခြား ကမ္ဘာကျော် ပန်းချီဆရာကြီးများ၏ မူရင်းကားများလည်း ရှိသေး၏။ တခါက ပြင်သစ်သည် ဥရောပ၏ ခေါင်းဆောင်နိုင်ငံ ဖြစ်သဖြင့် ယဉ်ကျေးမှု အဖိုးတန်ရတနာတို့သည် ရတနာရှိရာ ပါရီမှာ စုနေခဲ့ လေသည်။ အင်္ဂါနေ့မှ သတ်သတ် လာကြည့်တော့မည်ဟု စိတ်ပိုင်း ဖြတ်ပြီး ဘတ်စ်ကားပေါ်သို့ ပြန်တက်ခဲ့ရလေသည်။ အင်္ဂါနေ့တွင် ထိုပြတိုက်သို့ သွားသောအခါ ပိတ်ထားသည်နှင့် ကြုံရလေသဖြင့် မကြည့်ခဲ့ရချေ။ အခွင့်ကောင်းတခု ဆုံးရှုံးလေသည်တကား။ 

ဘတ်စ်ကားသည် ကျွန်တော်တို့အား လှည့်ခေါ်သွားသည်။ နတ် လမ်းညွှန် ဆရာကလည်း ပြောဟော ရှင်းပြသွားသည်။ မှက်စုလည်း မရေးနိုင်၊ စေ့စေ့စပ်စပ်လည်း မကြည့်ရ။ ရှပ်တိုက်၍သာ ကြည့်သွားရ လေသည်။ 

ဘေးနှစ်ဘက်တွင် သွားလမ်းလာလမ်းရှိသော ဥယျာဉ်တန်းကြီး ဗူးလီပါတ်ခေါ် ဥယျာဉ်လမ်းကြီးဖြစ်၏။ လန်ဒန်မြို့အနီး ဂရီးန်နစ်ချ် မျဉ်းနှင့် မျဉ်းပြိုင် သားထားသည်ဟု ဆိုသလိုလို ကြားလိုက် ရလေသည်။ 

ခဏလေးကြာသောအခါ နေတာဒိန်းဆိုသော အဆောက်အဦကြီး သို့ ရောက်ကြလေသည်။ ခါးကုန်းကြီးဟု မြန်မာလို ဘာသာပြန်ထား သော ဗစ်တာဟူဂိုး၏ ဟန့်ခ်ျဘက်အော့ဖို့ နော်တာဒိန်းကို သတိရစရာပင်ဖြစ်၏။ ဤဘုရားရှိခိုးကျောင်းကြီးကို နောက်ခံ ထားပြီး ဝတ္ထုရေးသားခဲ့လေသည်။ 

တကယ်ကြီးသော ဘုရားရှိခိုးကျောင်းကြီးပေတည်း၊ လန်ဒန်က ဘုရားရှိခိုးကျောင်းတွေထက် ကြီး၏။ ပုံသဏ္ဌာန်မှာလည်း ပြင်သစ် အမျိုးသားပုံဖြစ်၏။ ရုပ်ထုရုပ်လုံး ပန်းခက်ပန်းနွယ် ဘုံအဆင့် အ ဆောင်၏ အချွန်းအတက်တွေမှာလည်း များလှ၏။ အံ့ဩစရာ ကောင်းသည်မှာ ရုပ်ထုများဖြစ်၏။ တရုပ်နှင့်တရုပ် ထပ်မနေ လူရုပ်ထု၊ တိရစ္ဆာန်ရုပ်ထု၊ လူအမျိုးမျိုး၊ တိရစ္ဆာန် အမျိုးမျိုး၊ စရိုက်သွင်ပြင် အမျိုးမျိုး။ 

နော်တာဒိန်းက အရှေ့မှာ ဘတ်စ်ကားရပ်ပေးသည်။ ကျွန်တော်တို့ အား အထဲဝင်ကြည့်ခွင့် ပေးလေသည်။ ဘတ်စ်ကားသို့ပြန် ရောက်ရ မည့် အချိန်ကိုသာ မေးလိုက်လေသည်။ 

အပြင်မှာနေပူနေ၏။ ပါရီနေမှာ ကျွန်တော်တို့ နေလို့မခက်ထန် သော်လည်း အတော်ကလေးတော့ အပူသားပင်။ နော်ဘာဒိန်း အတွင်းသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် စိမ့်ခနဲ အေးသွား၏။ အဆောက်အဦ ထုထည်၏ အရိပ်အာဝါသကား သိသာလှပေသည်။ 

လန်ဒန်မြို့ ဝက်စ်မင်စ်တာ ဘုရားရှိခိုးကျောင်းကြီးထက် ပို ကြီးပြီး ပိုမြင့်မားလေသည်။ ခေါင်မိုးများတွင် ထုပ်ယောက်မပါဘဲ ပေါင်းကူးထားပုံမှာ အံ့သြစရာ။ ရှေးဟောင်း အဆောက်အဦတို့၏ ထုံးစံအတိုင်း အလင်းရောင်ဝင်စရာ ခေါင်မိုးပေါက်များ နဲလှသဖြင့် မှောင်နေပေသည်။ အမှောင်ကိုခွင်းရန် လျှပ်စစ်မီးရောင်တွေ ဝင်းထိန်စွာ ပေးထားမည်ဆိုက ဖြစ်နိုင်ပေ၏။ သို့သော် ချမ်းစိမ့် ခြင်းနှင့် မှုန်ဝါးဝါးထားခြင်းပင်လျှင် ဘုရာရှိခိုးကျောင်းတို့၏ ထူးခြားချက် ဖြစ်ပေရာ ဖယောင်းတိုင်များကိုသာ ထွန်းထား၏။ တနည်းအားဖြင့်ဆိုသော် ပြင်ပပတ်ဝန်းကျင်နှင့် ခြားနားအောင် ထားခြင်းသည်ပင်လျှင် ဘုရားရှိခိုးကျောင်းသို့ ဝင်သည်နှင့်တပြိုင်နက် လူ့စိတ်ကိုပြောင်းလဲစေ၏။ ချောက်ချားစေ၏။ ရိုသေကိုင်းရှိုင်းစေ၏။ 

ဆည်းကပ်ကိုးကွယ်ရာ အာရုံညွှတ် နော်ဘာဒိန်းတွင် ဘုရားဝတ်ပြု စရာ ဗဟိုခန်းမဆောင်ကြီးရှိ၏၊ ဘုရားစင်ရှိ၏။ တရားနာရန် ထိုင်ခုံ များရှိ၏။ ပုတီးစိပ်စရာ ဘုရားရှိ၏။ ဗဟိုခန်းမဆောင်ကြီး၏ ဘေးတွင် ဘုရားရှိခိုးရာ တရားနာရာ အခန်းငယ်များ ရှိပေသေးသည်။ လာရောက်ကြည့်ရှုကြသူများထဲမှ ခရစ်ယံ ဘာသာဝင်တို့သည် တ ထောက်တနား ထိုနေရာများမှာဝင်၍ ဘုရာဝတ်ပြုသူ ပြု၊ တရားနာသူ နာ၊ ပုတီးစိပ်သူ စိပ် လုပ်ကြလေသည်။ အချင်းချင်း စကားကိုပင် ကျယ်စွာ မပြောကြ၊ ရိုသေကိုင်းရှိုင်းမှုဖြင့် အားလုံးပင် ခါးကုန်း ကြီးများ ဖြစ်နေကြလေသည်။ သူတို့သည် သီလရှင်များ ရောင်းချ နေသာ ဖယောင်းတိုင်များကို ဝယ်၍ မီးပူဇော်ကြသည်။ အလှူခံ သေတ္တာများလည်း အများအပြားတွေ့ရ၏၊ နော်တာဒိန်းထဲမှာ တွေ့ရသော ပရိသတ်ကား ကာဆီနိုကပွဲ လီဗိုကပွဲ စသည်များမှာ တွေ့ရသော ပရိသတ်နှင့် လုံးဝခြားနား၏။ သို့သော် ခြားနားပုံမှာ လူတွေခြားနားခြင်း မဟုတ်၊ အချို့ဆိုယင် ကျွန်တော်တို့နှင့်အတူ ဘတ်စ်ကား စီးလာကြသူမျာ ဖြစ်လေသည်၊ အချို့ဆိုလျှင် ယမန်နေ့ ညက ကျွန်တော်တို့ ရောက်ခဲ့သော ကာဆီနိုကပွဲသို့ရောက်ခဲ့ သူများပင် ဖြစ်လိမ့်မည်။ ထို့ကြောင့် များသောအားဖြင့် ဆိုသော် သည်လူသည်လူပင် ဖြစ်သည်ဟု ဆိုရပေမည်။ သို့သော် အပျော်အပါး စိတ်နှင့် ဘာသာရေးစိတ် လောကီနှင့် လောကုတ် အားထုတ်မှု နှစ်မျိုး နှစ်ဌာနတွင် နှစ်လုပ်ခွဲ၍ လုပ်နေကြရန် မဟုတ်ပါလား။ ပရိသတ် နှစ်မျိုးဖြစ်သည် မဟုတ်ပါလား။ ဘုရားရှိခိုးကျောင်းထဲမှာ ဗဟို ခန်းမဆောင်ဝင်လျှင် အခတမျိုး၊ ပုတီးစိပ်လိုလျှင် အခတမျိုး ချောင်ကျသော ကျောင်းဆောင်သို့ ဝင်လိုလျှင် အခတမျိုး၊ အ ပေါ်တက် ကြည့်လိုလျှင် အခတမျိုး၊ အမျိုးမျိုး ပေးရဟန်တူသည်။ လှူရဟန်တူလေသည်။ အလှူခံ သီလရှင်နှင့် ဘုန်းကြီးများ အဆင်သင့် ငံ့လင့်နေကြ၏၊ ပါရီ၏ အခြားနေရာများမှာတော့ အသပြာအလှူ ပေးရသည်။

နော်တာဒိန်းမှ ထွက်လာကြပြီး ကျွန်တော်တို့လူစုသည် ဘတ်စ်ကားကို လိုက်ရှာကြသည်။ ချိန်းသောနေရာ ကျွန်တော်တို့ ကောင်းစွာမသိ၊ အတော်ကြာမှ ဘတ်စ်ကားကိုတွေ့ရာအားလုံး လူစုံနေနှင့်ပြီကို တွေ့ရသည်။ အချို့က ကျွန်တော်တို့အား “ခင် ဗျားတို့ကို လိုက်ရှာဘို့ ပုလိပ်လွှတ်တော့မယ်လို့” ဟု ရယ်စရာ ပြောကြလေသည်။ 

ဘတ်စ်ကားသည် လက်တင်ရပ်ကွက်ဆိုသော နေရာကို ဖြတ် သွား၏။ ကျောင်းသားတွေ၊ ဆရာတွေ၊ စာရေးဆရာတွေ၊ ပန်းချီ ဆရာတွေ၊ အနုပညာသမားတွေ၊ ကျက်စားသော ရပ်ကွက်ပေတည်း။ ပါရီ၏ ယဉ်ကျေးမှုရပ်ကွက်ဟု ဆိုလိုကဆိုနိုင်လေသည်။ ကျောင်းသား စာသင်နေပုံကို အကဲခတ်လိုသလား၊ ပန်တျာသမားများ အတီးအမှုတ် ကျင့်နေပုံ၊ ဇာတ်တိုက်နေပုံ၊ စာစီကုံးနေပုံ စသည်တို့ကို ကြည့်လိုသလား၊ ပန်းချီဆရာ စုတ်ကြောင်းစုတ်ချက် ထွင်နေပုံ၊ ဆေးစမ်းနေပုံ၊ ဝတ်လစ်စလစ် စံနမူနာ ရွေးချယ်နေပုံ စသည်တို့ကို လေ့လာလိုပါသလား၊ စာရေးဆရာများ နေပုံထိုင်ပုံ စသည်တို့ကို သိမြင်လိုသလား၊ လက်တင်ရပ်ကွက်ထဲသို့ ဝင်ကြည့်ပါ။ 

သည်ရပ်ကွက်မှာ ပညာရှင်တို့သည် အတွေးအခေါ် အမျိုးမျိုး ရှိပြီး ကိုယ့်အတွေးအခေါ်အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်သည် ဟုဆို၏။ ကိုယ့်အယူ ကိုယ့်အဆကို အကောင်အထည်ဖြင့် လက်စွမ်း ပြနိုင်ကြသည်။ ကိုယ့်အတွေးအခေါ်နှင့် တိုက်ဆိုင်သူတွေ့လျှင် ကြိုက်သလိုဘဲ ဆက်ဆံနိုင်သည်။ ဘယ်သူကမျှ မနှောင့်ယှက် မတားဆီးဟု ဆိုလေသည်။ ထိုရပ်ကွက်၌ ပညါရှင်အချို့သည် အတွေး အခေါ်များစွာ လွတ်လပ်ကြသည်။ အချုတ်အချယ်ဟူသမျှ မင်းထံမှလာလာ၊ အရင်းရှင်ထံမှလာလာ၊ လူ့ဓလေ့ထုံးစံမှလာလာ၊ ဘာသာရေးမှလာလာ၊ အားလုံးပစ်ပယ်ကြသည်။ မည်မျှထိ အစွမ်း ကုန် လွတ်လပ်ပါသနည်းဆိုသော် မိန်းမနှင့်ယောက်ျား ဆက်ဆံ ရေးတွင် ရှိသမျှသော လောကဓလေ့ထုံးစံ အချုပ်အနှောင် ဟူသမျှကို ပင် ပယ်ဖျက်ကြကုန်၏။ လက်ထပ်မင်္ဂလာ အလုပ်သည် အပိုအလုပ်။ ထုံးတမ်းအရဖြစ်နေသော အချုပ်အနှောင်၊ လက်မထပ်ဘဲလည်း လင်မယားလို ဘာ့ကြောင့်မနေနိုင်ရအံ့နည်း။ ဖိုမဆက်ဆံလိုစိတ် ဖြစ် လာခဲ့သော လူ့လောက ဓလေ့ထုံးစံတွေ ဘာသာရေးအယူသည်းမှု တွေ၊ ဟိရိသြတ္တပ္ပတွေ၊ ယင်းတို့တွေက ချုပ်နှောင်ထားခြင်းကြောင့် ဖိုမသဘာဝစိတ်ကို ချုပ်တည်းထားရသည်။ ထိုအ ချပ်အနှောင်တို့ကို ဖျက်ကြစို့၊ သဘာဝစိတ်လာလျှင် လာသလို နေကြစို့။ ဤသို့ အယူအဆရှိသော လွတ်လပ်စွာ တွေးခေါ်ရေးသမား ပညာရှင်များ သည် ဤရပ်ကွက်ထဲတွင် ထင်သလို နေနိုင်ကြသည်။ ဘယ်သူ၏ တားမြစ်ခြင်းကိုမျှ မခံရဟုကြားသိရလေသည်။ 

ဤရပ်ကွက်၏ အသေးစိတ်ကို လေ့လာလိုလျှင် "ပါရီ၏ညဘဝ” အစီအစဉ်တွင် ပါဝင်သဖြင့် ဖရန့် ၂၈o၀ ပေးလျှင် လိုက်နိုင်ကြလေသည်။ ညဘ၀အစီအစဉ်တွင် လီဒိုပွဲပါ ထည့်ထား ပါက ဖရန် ၃၈ဝဝ လောက် ပေးရသည်။ ရှန်ပိန်ခေါ် အရက်ချိုလည်း သောက်ရမည်။ ထိုအစီအစဉ်ကို ကျွန်တော်တို့ မလိုက်နိုင်ကြပါ။ ထို့ကြောင့် လက်တင်ရပ်ကွက် ပညာရှင်တို့၏ ဘဝကို အသေးစိတ် လေ့လာခွင့်မရခဲ့ပါ။

 ဘတ်စ်ကားသည် ပန်းသီယွန်ခေါ်သော ဘုရားရှိခိုးကျောင်း သို့ ခေါ်သွားပြန်လေသည်။ ပါရီ၏ အမြင့်ဆုံးသော ကုန်းပေါ်မှာ တည်ဆောက်ထားလေသည်။ ထိုကုန်းပေါ်မှ ကြည့်လိုက်သောအခါ ပါရီမြို့ကြီးကို တမျှော်တခေါ် မြင်နိုင်လေသည်။ ရှုမြင်ကွင်း အင်မတန်လှပ၏။ 

“ပန်သီယွန်” အဆောက်အဦကြီးမှာ ပြင်သစ်စတိုင် မဟုတ် ပြသဒ်အချွန်အတက်တို့ဖြင့် ဆောက်လုပ်ခြင်းမဟုတ်။ အုပ်ဆောင်း လို ကုန်းကုန်းကြီး ဆောက်ထားသည်။ ဂေါသစ်စတိုင်ဟု ခေါ်ကြသည်။ သူ့နည်းနှင့်သူလှပပြီး ခံညားလေသည်။ ပြင်သစ်စတိုင် ထက်ရှင်းပြီး အပေါ်ရံ အမွမ်းအမံ တန်းဆာဗလာ နဲလေသည်။ 

ကျွန်တော်တို့သည် အတွင်းမှာကြာကြာ ကြည့်မနေကြပါ။ အပြင်သို့ ထွက်လာသောအခါ ကသာအမတ် ဗိုလ်အေးမောင်နှင့် အမေရိကန်မကလေးတို့သည် ပန်သီယွန် ဝင်းခြံမှာရပ်ပြီး စကားပြော နေကြသည်ကို တွေ့ရလေသည်။ ဝင်းခြံသံတိုင်များကိုမှီပြီး အောက်သို့ ကြည့်လိုက်သော် ပါရီ မြို့ကြီးကို တမျှော်တခေါ် မြင်ရ၏။ တိုက်တာအိမ်ခြေ စည်ကားရုံမက အားလုံးတပြေးတည်း ကြီးမား ခံညားသော အဆောက်အဦများသာ ဖြစ်လေသည်။ 

ကျွန်တော်က ဗိုလ်အေးမောင်နှင့် အမေရိကန်မကလေးတို့ အနားသွားပြီ စကားဝင်ပြောသောအခါ ကျွန်တော်နှင့် အမေရိကန်မ ကလေး စကားလက်ဆုံ ကျသွားပြန်လေသည်။ ထိုအခါ ဗိုလ်အေးမောင်က ကျွန်တော်တို့အား ဓါတ်ပုံရိုက်ယူလေသည်။ အမေရိကန်မကလေးအား ကျွန်တော်က မင်းတယောက်ထဲ အိမ်က ထွက်လာပြီး အခုလို ရှောက်လယ်နေတာ အတော် သတ္တိကောင်းတယ် လို့ ဆိုရမှာပေါ့ဟု ပြောလိုက်လေသည်။ ထိုအခါသူမ၏ အဖြစ်မှန် သည် ပေါ်လာလေ၏။ သူမ၏မိဘများက သူမသည်ပါရီမှာ ပန်း ချီကျောင်း တက်လိုပါသည်ဆို၍ ခွင့်ပြုလိုက်လေသည်။ ပါရီရောက် တော့ ကျောင်းနေတာထက် ရောက်လှည့်ကြည့်နေတာ ပိုစိတ် ဝင်စားလာသည်။ ခုကျောင်းမနေသေးဘဲ ဆွီဒင်၊ နော်ဝေ၊ ဒင်းမတ် စသော နိုင်ငံများသို့ လှည့်လည်ခဲ့ပြီ။ 

ကျမကတော့ လှည့်လည်ကြည့်တာ ပိုစိတ်ဝင်စားတာ အ မှန်ဘဲ၊ ဒါပေမဲ တနေ့တော့ ကျောင်းနေရမှာ အမှန်ဘဲ”ဟုဆို လေသည်။ 

ကျွန်တော်စိတ်ထဲမှာ ဒီခလေးမတော့ တနေ့ လက်တင် ရပ်ကွက်ထဲ ရောက်သွားဦးမှာဘဲ။ လွတ်လပ်စွာ တွေးခေါပြီး လွတ် လပ်စွာ ရွေ့ရှားနေဦးမှာဘဲဟု ခန့်မှန်းကြည့်နေမိလေသည်။ 

အမေရိကန်မကလေးသည် ပီရမစ်ရင်ပြင်အနီး ဂျုံအောဖ်အား ကြေးနီရုပ်ထုရှေ့မှာ ကျွန်တော်တို့နှင့် ကွဲသွားလေသည်။ ရောမ စသော အခြားအရပ်များသို့ လွှင့်လေမည်လား။ မိဘရပ်ထံ အမေရိကန်သို့ပင် ပြန်လေမည်လား။ လက်တင်ရပ်ကွက် ပန်းချီ ကျောင်းသို့ ရောက်လေမည်လား မတွေးတတ်ချေ။ 

* * *

 တနင်းလာနေ့တွင် ဗာဆေးနန်းတော်သို့ သွားကြည့်ကြလေ သည်။ 

အတွင်းဝန်ကလေး ကိုကိုးလုံကလိုက်ပို့၏။ 

ဗာဆေးနန်းတော်မှာ ပြင်သစ်တော်လှန်ရေး မတိုင်မီက ဘုရင် များ နေထိုင်ခဲ့လေသည်။ တကြိမ်က ဥရောပမှာ အလှဆုံးအခံညား ဆုံး တန်ခိုးရောင်ဝါ အထိန်ဆုံး နန်းတော်ကြီး ဖြစ်ခဲ့ပေသည်။ 

ဗာဆေးမြို့ ကလေးမှာ ပါရီ၏ အပြင်ဘက်မှာရှိသော်လည်းယခု အခါ လူနေအိမ်ခြေတွေက ဆက်နေလေပြီ။ ဗါဆေးနန်းတော်အနီးသို့ ရောက်သောအခါ ရှေးဘုရင်တို့၏ မြင်းစေါင်းကို တွေ့ရ၏။ မြင်းစေါင်းကိုပင် တခမ်းတနား တည်ဆောက်ထားရာ ယခုအခါ ဒေသဆိုင်ရာ အစိုးရတို့ အသုံးပြုနေသော ရုံးတရုံးဖြစ်နေပေ၏။ 

နန်းတော်ရင်ပြင်ကြီးမှာ ကျယ်ပြန့်လှ၏။ ကျောက်ပြားတွေ စီထားပြီး ကျောက်လှေကား အဆင့်ဆင့်ဖြင့် တက်သွားသည်။ ရှေး တုန်းက စစ်သည်ဗိုလ်ပါတို့ကို ဗိုလ်ရှုခံသောနေရာ ဖြစ်ခဲ့ပေလိမ့်မည်။ 

နန်းတော် အဆောက်အဦကြီးမှာ တမျှော်တခေါ်ကြီးဖြစ်၏။ ကျွန်တော်တော့ တခါမျှ ဤမျှကြီးမားသော အဆောက်အဦကို မ တွေ့မြင်ဘူးသေးချေ။ 

နန်းတော် အဝင်ဝမှာ ကားပေါ်မှဆင်းကြရာ လူတွေဝိုင်း ကြည့်နေကြလေ၏။ ကျွန်တော်တို့ထဲမှာ သထုံမှဦးဘဇံမှာ ရှူးဘိနပ် ပေါက်နေသဖြင့် မြန်မာဘိနပ်နှင့် မြန်မာအဝတ်ကို ဝတ်ရသည်။ ဦးနန်းနွယ်ကား မြန်မာမှန်းသိအောင် မြန်မာလို ဝတ်ခဲ့လေသည်။ 

ဝင်ကြေး တယောက်လျှင် ဖရန့် ၅ဝ ပေးရသည်။ အင်္ဂလိပ်လို ပြောပြတတ်သော နတ်လမ်းညွှန် တယောက်ကို ငှါးကြရသည်။ မည် မျှပေးရသည်ဟုကား မမှတ်မိတော့ချေ။ အနင့်သားတော့ ပေးရ၏။ ထိုသူသည် အဖိုးအိုရုပ် ပြီသသော အဖိုးအိုဖြစ်၏။ ကျောင်း ဆရာ အမူအရာကို ဆောင်၏။ 

လာရောက် ကြည့်ရှုကြသူတွေ များလှပေသည်။ ကျွန်တော်တို့၏ နတ်လမ်းညွှန်သည် ကျွန်တော်တို့လူစုအား အခြားလူစုနှင့် မရော သွားအောင် ထိန်းကျောင်း၏။ အခြားလူ တစုံတယောက် ကျွန်တော် တို့ထဲ ဝင်မရောအောင်လည်း ဂရုစိုက်၏။ ပိုက်ဆံမပေးဘဲ အချောင်လိုက် နားထောင်သူကို လိုလားဟန် မတူချေ။ 

ပထမဦးဆုံးဝင်ကြသေါနေရာမှာ လူဝီဘုရင် ၁၄၏ (၁၄ကြိမ် မြောက် လူဝီဘုရင်ဟု ဆိုလိုသည်) နန်းတွင်း ဘုရားရှိခိုးကျောင်း ဖြစ် လေသည်။ အနှစ်၅၀၀ကျော်တုန်းက လုပ်ခဲ့သော ကတ္တီပါ၏ မူရင်း အတိုင်း အတိအကျ ရက်လုပ်ထားသော တတ္တီပါများကို ဤနေရာမှာ တွေ့ရသည်။ 

နောက်ပြီး ဘုရင်မင်းမြတ်အား ဖူးမျှော်ဘို့စောင့်ရန်အခန်း၊ ထို အ ခန်းမှနေပြီး အပြင်သို့ မျှော်ကြည့်လိုက်သောအခါ ၁၆၈၃ တုန်းက ပြုစုခဲ့သော ဥယျာဉ်ကို မြင်ရသည်။ အကွက်အကွင်း ကောင်းသည့် အလယ်ခေါင်မှာ အလှနတ်သမီးဖြစ်သော ဗီနစ်၏ပုံကို တွေ့မြင် နိုင်သည်။ အမည်သညာနှင့် ညီညွတ်အောင် လက်မြောက်စွာ ထုလုပ် ထားသော ရုပ်ထုဖြစ်၏။ သစ်ပင်ပန်းပင်များကို ကျကျနန ထားသို ပြုပြင်ခြင်း မရှိသဖြင့် မစည်ကား မသာယာတော့ချေ။ 

အခန်းတိုင်းတွင် ပန်းချီကားများကို တွေ့ရ၏။ အင်္ဂတေ ပန်းချီ (ဖရက်စကို) ဖြစ်ချင်ဖြစ်မည်။ ကောဇောပန်းချီ (တက်ဖက် စဘီ) ဖြစ်လိုက ဖြစ်မည်။ ဆေးရေးပန်းချီ (ပိန်းတင်း) ဖြစ်ကောင်းဖြစ်မည်။ 

ရှေးဟောင်း ပန်းချီကားများမှာ ခရစ္စယန်ဘာသာမှ ဇာတ် ကွက်များနှင့် ရောမခေါမဒဏ္ဍာရီ ပုံပြင်များကို အကြောင်းအရာ အဖြစ်ဖြင့် ဖေါ်ပြကြလေသည်။ ဆေးရေးပန်းချီကားတကားမှာ ခပ်လှမ်းလှမ်းကကြည့်လျှင် တတိယ ဒိုင်မင်းရှင်းခေါ် ရုပ်လုံး ပေါ်ထွက်နေလေသည်။ အတော်ထူးခြားသော လက်ရာဖြစ်၏။ လွန် ခဲ့သော အနှစ် ၃ဝဝ မျှက လက်ရာဖြစ်လေရာ တအံ့တဩ ချီးကျုး ပြောစားစရာဖြစ်ပေသည်။ 

ဘုရင်မင်းမြတ် ကျိန်းစက်ရာ အခန်း၏ခေါင်မိုး၌ အင်္ဂတေပန်း ချီ(ဖရက်စကို) ကားချပ်တခုကို ငေးကြည့်နေမိသည်။ အပိုလိုနတ် သည် တိမ်တောင် တိမ်တိုက်တို့ကြားတွင် နတ်မြင်းပျံရထားကိုစီး နေလေသည်။ ကားတကားထဲတွင် နွေ-ဆောင်း နှင့် ဆောင်းကုန် နွေကူး ( စပရင်း ) ဥတုသုံးလီ ကူးပြောင်းနေပုံကို တွေ့ဟန်ရလေ သည်။ 

ပြင်သစ်တော်လှန်ရေး ကာလတုန်းက တော်လှန်ရေးသမားတို့ အာဏာသိမ်းပိုက်ကြသောအခါ အစိုးရဘဏ္ဍာတော် လိုနေသဖြင့် ဤနန်းတော်တွင်းက ကော်ဇောပန်းချီ-အိမ်ထောင်ပရိဘောဂ စသည် များကို ရောင်းချခဲ့သေးသည်ဟု သိရလေသည်။ ဘုရင်တွေ စည်းစိမ်ခံသည်ကိုလည်းမုန်း အသုံးကလည်းလိုနေသဖြင့် လုပ်ခဲ့ကြ ခြင်းဖြစ်ရာ အပြစ်ဆိုစရာ မရှိချေ။ အနုပညာ အမွေအနှစ် အဖြစ်ဖြင့် နှမြောစရာတော့ ကောင်း၏။ 

ဘုရင့်စက်ရာခန်းမှ အပြင်ကြည့်လိုက်သော် .. တိုက်ကြီး တတိုက် ကို တွေ့ရ၏။ ဘုရင်လူဝီ ၁၄ ၏ ကြင်ရာ အငယ်အနှောင်းဖြစ်သော မဒမ်ဒီပွန်ပီဒိုအတွက် ဆောက်လုပ်ပေးသော စံအိမ်ဖြစ်လေသည်။ ထိုစံအိမ်ကလည်း တခန်းတနားပါဘဲ။ 

ပွတ်သဘင်ခမ်းမဆောင် ကြီးကား အခမ်းနား အကြီးအကျယ် ဆုံးဖြစ်၏။ 

ပန်းချီကားများကလည်း အချင်းချင်းပြိုင်နေကြသည်။ ပန်းချီဆ ရာ ၁ဝ ယောက် ၁ဝ-နှစ်ဆွဲမှ ပြီးသည်ဟုဆိုသည်။ ဟုတ်စရာရှိ၏။ 

ယောက်ျား ကျောက်ရုပ်ထု မိန်းမကျောက်ရုပ်ထုများရှိသည်။ 

အထူးခြားဆုံးမှာ ယောက်ျား ကျောက်ရုပ်ထုဖြစ်၏၊ ကာယဗ လကို သရုပ်ဆောင်နေသည့် ဗလာလုံးတီး စစ်စစ်ဖြစ်ရာ ဖွားဘက် တော်ကိုပင် ဖုံးမထားချေ။ 

ဤပွတ်သဘင် ခမ်းမကြီးကို ၁၆၇၂ ခုနှစ်မှာ ဆောက်ခဲ့လေသည်။ 

ဤခန်းမထဲမှာ ရာဇဝင်တွင်သော အစည်းအဝေးများ ကျင်းပခဲ့ ဘူးသည်။ ပထမကမ္ဘာစစ် အပြီးတုန်းက ပြင်သစ်ပြည်မှ ကလင်မင်စိုး၊ အင်္ဂလန်မှ လွိုက်ဂျော့ စသော မဟာမိတ် ခေါင်းဆောင် များ တွေ့ဆုံစည်းဝေးကြသည်။ ဂျာမန်အပေါ် စစ်နိုင်ခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်လိုက်သော ဗါဆေးစာချုပ်ကို ဤအခန်းထဲမှာ လက်မှတ်ရေးထိုးကြလေသည်။ (၂၆-၁-၁၉) 

ဒုတိယကမ္ဘာစစ် အပြီးတွင် ဆိုဗီယက်မှ မိုလိုတော့ဖ်၊ အင်္ဂလန်မှ အီဒင် စသော နိုင်ငံခြားရေးဝန်ကြီး ၂၇ ဦးတို့ စည်းဝေးကြသည့် နေရာ မှာလည်း ဤအခန်းဖြစ်လေသည်။ 

ဤမျှကြီးကျယ်ခမ်းနားသော အခန်းကြီးသည်ယခုအခါ ဟေါင်း နွမ်းသောအသွင်ကိုဆောင်လျက် ရှိလေသည်။ ကြမ်းပြင်တွင် အ ရောင်မှိန်နေ၏။ ကျကျနန ပြုပြင်ထိန်းသိမ်းမှု မရှိဟု ကျွန်တော် ဆိုချင်သည်။ ဤနေရာတွင် တရုပ်နှင့်အင်္ဂလိပ်တို့က ပြင်သစ်ထက် များစွာသာသည်။ ရာဇဝင် အမွှေအနှစ်နှင့် ယဉ်ကျေးမှု ပစ္စည်းများကို တရုပ်နှင့် အင်္ဂလိပ်တို့သည် ပြုပြင်မွမ်းမံပြီး တသသနှင့် နေကြသည်။ သို့သော် ပြင်သစ်ကား ထိုဟာတွေအတွက် ပိုက်ဆံအများဆုံးယူ၏။ ဝင်ကြေး၊ ညွှန်ပြကြေး၊ ဆုလာဘ်များသာမက နန်းတော် အထဲရောက် မှလည်း ဟိုအခန်းအတွက် ဘယ်၍ ဘယ်မျှ၊ ဟိုနေရာကြည့်လိုက မည်သည့် ကိစ္စအတွက်အလှူ စသည်ဖြင့် ယူကြသည်။ 

နန်းတော်၏ အဟောင်းဆုံး ရှေးအကျဆုံးသော အပိုင်းသို့ ရောက်ကြလေသည်။ 

လူဝီ ၁၃၏ အဆောင်များမှာ ပါရီမြို့သို့ တည့်တည့် မျက်နှာမူ ထားသည်။ ထိုနေရာမှ လှမ်းကြည့်သော် နန်းတော် ရင်ပြင်ကြီးနှင့် မင်းလမ်းမကြီးကို မြင်ရသည်၊ ပြီးတော့ ပါရီမြို့တော်ရှိ မြက်ခင်းနှင့် ဆက်သွား၏။ ပြင်သစ်တော်လှန်ရေး အချိန်က တောလှန်ရေး သွေးဘက်ပြီး ဒေါသူပုန်ထနေသော လူထုသည် နန်းတော်ရင်ပြင်သို့ တက်လာကြရာ၊ ထိုနေရာမှ မိဖုရား အင်တွိုင်နက်သည် မတ်တတ် ရပ်၍ ကြည့်နေလေသည်။ ထိုနေရာမှနေပြီး ခေါင်းဖြတ်ခံရာ ဂစ်လိုဘာသို့ လိုက်ပါသွားရခြင်း ဖြစ်လေသည်။ 

မိဖုရား အင်တွိုင်နက်၊ ကျော်ကြားသော ထက်မြက်သော မိန်းမဖျက်တော့ ပြည်ပျက်ဟု ပြောစမှတ်ပြုခြင်း ခံရသော မိဖုရား တပါးပေတည်း။ 

မိဖုရား အင်ဘွိုင်နက် ဝါ မေရီအင်တွိုင်နက်၏ ဂီတဆောင်။ 

မေရီအင်တွိုင်နက် ၁၅-နှင်မျှ “သင်းပြန့်အေးကြည် အီစတန် ပက်ပါလို့ ယံဘီကထက်မှာ လစက်ပါသော်" လုပ်သွားသော စိန်ခြူးကြာညောင် အိပ်ခန်းဆောင်။ 

ပိုး-ဖဲဇာများ၊ ကတ္တီပါများ၊ ပိုးဆိုးပန်းချီကားများ၊ ကော် ဇောပန်းချီကားများ- ဝတ်ရုံတော်များ- 

ထိုအခန်းတွေလွန်ပြီး အခြားအခန်းတခုသို့ကူးမည် လုပ်ကြသော အခါ ထိုတံခါးစောင့်သည် တံခါးကို ဆီးပိတ်လိုက်လေသည်။ 

ထိုအခါ နတ်လမ်းညွှန် အဖိုးကြီးက သူ့တာဝန် ကုန်ပြီဖြစ် ကြောင်း ထိုအခန်းကိုကြည့်လိုက တံခါးစောင့်အား ဆုလာဘ်ပေးရ လိမ့်မည် ဖြစ်ကြောင်းပြောပြီး ထွက်သွားလေသည်။ ကျွန်တော် တို့သည် အောင့်သက်သက်နှင့် ထိုလူအား ဖရန့် ၄၀၀ ထုတ်ပေး ကြရလေသည်။ 

ဝင်သွားသောအခါ တကဲ့ရတနာသိုက်ကြီးကို တွေ့ရလေသည်။ ပန်းချီရတနာသိုက်ကြီးပေတည်း။ 

ပထမသော် လိုဏ်ဂူကြီးထဲဝင်ရသလို ဖြစ်၏။ နံရံတွင် ဘာမျှ ကောင်းစွာမမြင်ရ။ 

ပန်းချီ ရတနာသိုက်ကြီးထဲတွင် တဖြည်းဖြည်း မျက်စိကျင့် သားရလာလေသည်။ နံရံတွင် အပြည့်ဖြစ်သော ပန်းချီကားကြီးများ ကို ဝိုးတိုးဝါးတား မြင်ရလေသည်။ နောက် သေသေချာချာ ကြည့်တော့ ညမြင်ကွင်းကားများ ဖြစ်နေသည်ကို တွေ့ရ၏။ ဆေးဖြင့် ခြယ်ထားသော ကြယ်ရောင် လရောင် မီးရောင်တို့သည် တဖြေးဖြေး တောက်လာသည် ထင်ရ၏။ လူများ၊ မြင်းများ၊ ရထားများသည် တဖြေးဖြေး လှုပ်ရှားလာသလား ထင်မှတ်ရသည်။ 

ခန်းမကြီးတွင် ရှေ့ဆက် ရှောက်သွားကြသောအခါ နေ့လင်းရောင် ကားကြီးများသို့ ရောက်သွားလေသည်။ စစ်တိုက်နေသော ကားကြီး များ၊ နပိုလီယံ အီဂျစ်မှာ စစ်တိုက်နေပုံ၊ စစ်မြေပြင်မှာ သေသူသေ ဒဏ်ရာရသူရ ကုသသူက ကုသနေပုံ။ 

ပန်းချီ ကားများတွင် လူစုလူဝေးပါသောပုံကို ဆွဲရခြင်းသည် အခက်ဆုံးဖြစ်၏။ အပြုအမူ ဟန်ပန်အမျိုးမျိုး၊ မျက်နှာပေး အမျိုး မျိုးတို့ကို အသေးစိတ် ဂရုစိုက်၍ ဖေါ်ပြရသည်။ သို့မှ အသက်ပါ သော ပန်းချီဖြစ်နိုင်သည်။ ဗါဆေး နန်းတော်တွင်း ဤကား များကား လူစုလူဝေးပါအေါင် ဆွဲရသောပန်းချီတွင် စံပြများဖြစ်သည်။ ပြင်သစ် တော်လှန်ရေးအပြီး တိုးတက်လာသော ပြင်သစ် အရင်းရှင်စံနစ်၏ လက်ထက်တွင် ထင်ရှားထွန်းကားလာကြသော ဒေးဗစ်၊ ပီဂိုး၊ ဟောရေ့စ်ဗါးနက်၊ စသောပန်းချီပညာရှင် အကျော်အမော်များ၏ လက်ရာများဖြစ်၏။ 

ဟောရေ့စ်ဗါးနက်၏ စစ်မြေပြင်တွင် ခဏတဖြုတ် စစ်အမှုထမ်း သားအဖ မမျှော်လင့်ဘဲ တွေ့ဆုံပုံကို ရေးထားသော ပန်းချီကား ကြီးမှာ ကျွန်တော်အား အဆွဲဆောင်ဆုံး ဖြစ်ပေသည်။ သူတို့ သားအဖ လည်ပင်းဖက်နေကြသည်ကို ဘေးကစစ်သားများက ကြည့်ပြီး ကြည်နူးနေကြပုံမှာ ကျွန်တော့်မျက်စေ့ထဲက မထွက်ပေ။ ခပ်လှမ်းလှမ်းမှာတော့ ဒဏ်ရာရသူကို ထမ်းစင်ပေါ်, တင်နေကြ သည်။ 

ပန်းချီရတနာသိုက်ကြီးမှ ထွက်ခဲ့ကြပြီး နန်းတော်အောက်ထပ် သို့ဆင်းကြသည်။ 

ဥယျာဉ်ထဲ ဝင်ကြည့်လိုသောအခါ ဝင်ကြေးသက်သက် ပေးကြ ရပြန်၏။ တယောက်ဖရန့် ၁ဝ၀၊ ဥယျာဉ်မှာ အထက်တနေရာတွင် ရေးသားခဲ့သည့်အတိုင်း ကွက်ချထားပုံ လှပသော်လည်း ပန်းသစ် စိုက်ခြင်း ပြုပြင်ထိန်းသိမ်းခြင်း ချွတ်ယွင်းသဖြင့် မစည်ကားချေ။ နက်ပ်ကျွန်းဖေါင်တိန်ခေါ် “ရေပန်းတိုင်” ရှိ၏။ ပုတ်တလုပ် ရေကန်လည်းရှိ၏။ သမင်ကိုကျားက အုပ်နေသေါကြေးရုပ်၊ သမင်ဖိုမ ဆော့ကစားနေသောကြေးရုပ် ယောက်ျားမိန်းမ ကာယအလှပြ ကြေးရုပ်များ၊ နတ်သားနတ်သမီး ရုပ်ထုများ၊ သားမြတ်အလှပြထား သော မိခင်ပျိုနှင့် ခြေရင်းမှာဆော့ကစားနေသော ကလေး။

 ကျွန်တော်တို့သည် ဥယျာဉ်မှ ထွက်ခဲ့ကြပြီး နန်းတော်ရင်ပြင်သို့ လာခဲ့ကြသည်။ နောက် ပါရီသို့ ပြန်ကြ၏။ 

လမ်းမှာ နေ့လယ်စာဝင်စားကြရာ ပါရီမြို့တွင်းမှာထက် ဈေး ကြီးနေသည်ကို တွေ့ရ၏။ နိုင်ငံခြား ဧည်သည်တွေထံမှ ငွေခြစ်ယူဘို့ သက်သက် ထားဟန်ရှိသည်။ ကျွန်တော်တို့က ရေတောင်းသော အခါ တပုလင်း ယူလာသည်။ ချက်ထားသောရေဟု ဆို၏။ ထိုရေအတွက် ဖရန့် ၁၀ဝ ပေးရသည်။ ဘီရာတပုလင်း ( ရေပုလင်းထက်ငယ်သည်) ကိုဖရန့် ၁၂ဝ, ဝိုင်တပုလင်း (အသေးစား) ဖရန့် ၈၅ နှင့် နှိုင်းယှဉ် ကြည့်ရန် ဖြစ်လေသည်။ 

ပါရီသို့ ရောက်သောအခါ နပိုလီယန် အလေါင်းမြှုပ်ရာဖြစ်သော အာဇာနည်မာန်သို့ ဝင်ကြလေသည်။ ကျောက်ဖြူတိုက်ကြီး ဖြစ်၏။ အတွင်းဝင်သွားလျှင်ပင် စိမ့်ခနဲဧသွားသည်။ သို့သော် ဘုရားရှိခိုး ကျောင်းများမှာလို မှောင်ချမထားချေ။

 ပြင်သစ်ပြည်သားတို့သည်၊ နပိုလီယံအား ထူးချွန်သော သားရ တနာတယောက် အနေနှင့် မြှောက်စားဂုဏ်ပြုထားကြလေသည်။ 

ဗိမာန်ကြီး၏ အလယ်တည့်တည့်တွင် ကျောက်ဖြူတွင်းကြီးရှိ သည်။ ထိုကျောက်ဖြူတွင်းကြီး၏ အလယ်ခေါင်တွင် ပရပိုက် ကျောက်နီတလားကြီးရှိသည်။ တလား၏ပုံသဏ္ဌာန်မှာ သလွန်ပေါ်မှာ တင်ထားသော ခေါင်းနှင့်တူ၏။ ဤသည်ပင် နပိုလီယန်၏ ရုပ်ကြွင်း တည်ရာပေတည်း။ 

ထိုနေရာကို ဗဟိုပြု၍ အဆောင်အခန်း အမျိုးမျိုး ဖွဲ့ထားသည်။ အချို့အဆောင်များမှာ နပိုလီယန် အတ္ထုပ္ပတ္တိ ပြတိုက်ဖြစ်၏။ အချို့  အခန်းအဆောင်များကား၊ အခြားသောပြစ်သစ် အမျိုးသါး အာဇါနည် တို့၏ ရုပ်ကြွင်းတည်ရာများဖြစ်၏။ 

အာဇာနည်ဗိမာန်မှနေပြီး အီဖယ်လ်မျှော်စင်ကြီးသို့ သွားကြလေ သည်။ ကမ္ဘာ့အံ့ဘွယ်ရာ ခုနှစ်ခုတွင် တခုအပါအဝင်ဟု အ မွှန်းတင်ခြင်းခံရ၏၊ ပေတထောင်မျှ မြင့်သော မျှော်စင်ကြီးဖြစ်သည်။ 

ပြင်သစ်အင်ဂျင်နီယာ ဆရာကြီး အီဖယ်လ်သည် အင်ဂျင်နီယာ အတတ်တွင် သမားဂုဏ်ပြ တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ဘာလက်တွေ့ အသုံးလို၍မျှ . တည်ဆောက်ခဲ့သည် ဟုတ်ပေ။ 

လွန်ခဲ့သော ခြောက်ဆယ်ကျော် (၇)ဆယ်လောက်တုန်းက ဤကဲ့သို့သော သံမဏိအဆောက်အဦကြီးကို တည်ဆောက်နိုင်ခဲ့ သည် ဆိုခြင်းမှာ တကယ်ပင် အံ့ဩလောက်ပေသည်။ 

ခပ်လှမ်းလှမ်းကကြည့်တော့ သိပ်ကြီးသည်ဟု မထင်ရ၊ သူ့အောက် ကားထိုးဆိုက်ပြီး မော့ကြည့်လိုက်တော့မှ သူ၏ထုထည် နှင့်အမြင့်ကို အံ့သြငေးမောမိပေသည်။ 

မျှော်စင်ကြီးပေါ်သို့ ဓါတ်လှေကားများဖြင့် တက်ကြရ၏။ လူငါးဆယ်မျှ စီးနိုင်သော ဓါတ်လှေကားသည် ပထမတဆင့်တွင် စောင်း၍ တက်သွား၏။ နောက်တဆင့်တွင် အခြားဓါတ်လှေကားသို့ ပြောင်းစီးပြီး တည့်တည့် အပေါ်သို့ တက်သွား၏။ မျှော်စင်ကြီး ပေါ်သို့ ဓါတ်လှေကားများဖြင့် တက်ကြရ၏။ လူငါးဆမျှ စီးနိုင်သော ဓါတ် လှေကားသည် ပထမတဆင့်တွင် စောင်း၍ တက်သွား၏။ နောက် တဆင့်တွင် အခြားဓါတ်လှေကားသို့ ပြောင်းစီးပြီး တည့်တည့် အပေါ်သို့ တက်သွား၏။ 

ဒုတိယအဆင့်တွင် ဓါတ်လှေကားမှဆင်းပြီး လှည့်ကြည့်ကြ၏။ စားဆိုင်သောက်ဆိုင်နှင့် အထိမ်းအမှတ် ပစ္စည်းဆိုင်များ ရှိလေသည်။ အိမ်သာလည်းရှိသည်။ အိမ်သာဝင်လျှင် အောက်မှာထက်ပို၍ ပေးရ၏။ ထိုအဆင့်မှ ပါရီမြို့ကြီးကိုကြည့်လျှင် အကောင်းဆုံး ဖြစ်၏။ မနီးလွန်းမဝေးလွန်း မြင်ရ၏။ ပါရီမြို့တမြို့လုံးကိုလည်း မြင်နိုင်သည်။ သည်ပေါ်ကနေကြည့်မှ ပါရီသည် တကယ်လှသောမြို့ ဖြစ်ကြောင်း သိသာ၏။ ကင်းဝန်မင်းကြီးက အောင်မုခ်ဟု ခေါ်ထား သော အာ့စ်ဒီထရိုင်းယမ့်ဖ်မှနေပြီး လမ်းကြီးတွေ ဖြာထွက်သွားပုံ။ နော်တာဒိန်း ဘုရားရှိခိုးကျောင်းကြီးက အခြား အဆောက်အဦ ကြီးများအလယ်မှာ ခံညားတင့်တယ်စွာ ရပ်တည်နေပုံ၊ ပန်သီယွန်က ပါရီမြို့ကို မိုး၍စီး၍ တင့်တယ်စံပယ်နေပုံ၊ ဆိန်းမြစ်သည် ရစ်ကာ ဝိုက်ကာ၊ မြွှာကာပတ်ကာ စီးသွားနေပုံ ဆိုန်းပေါ်တွင် အလှအပရုပ်ထု ကနုပ်တို့ဖြင့် တန်ဆာဆင်ထားသော တံတားများသည် ခါးပတ် ပတ်သလိုနေကြပုံ။ ညာဥယျာဉ်ကြီး ကျယ်ပြန့်ပုံ မြင်ကွင်းအကွင်း အဖုံဖုံကို မြင်လေသည်။ ပါရီတခုလုံးမှာ ဘုရင်လုပ်နေသော အဆောက်အဦကား အီဖယ်လ်မျှော်စင်ကြီးပေတည်း။ 

တတိယအဆင့်သို့ ဓါတ်လှေကားဖြင့် ထပ်တက်ကြသည်။ ယခင်က မြင်ကွင်းများကိုပင် ထပ်မြင်ရသည်။ သို့သော် အနီးငယ် ဝါးသွားလေပြီ၊ ပါရီဘေးရှိ တောတောင်ရေမြေတို့ကိုလည်း ဝိုးတဝါးမြင်ရသေး၏။ 

မြှော်စင်ကြီး တတိယထပ်တွင်လည်း စားသောက်ဆိုင်နှင့် အ ထိမ်းအမှတ်ပစ္စည်း အထူးအဆန်းဆိုင်များ ရှိလေသည်။ ထိုဆိုင်များ တွင် အီဖယ်လ်မျှော်စင် ဓါတ်ပုံပါသော ပိုစ်ကပ်များရောင်းသည်။ သူတို့ဆီမှာ ခေါင်းဝယ်ပြီး မျှော်စင်ပေါ်ရောက်ခဲ့သည့် အထိမ်းအမှတ် အဖြစ်ဖြင့် စာထည့်နိုင်သည်။ ကျွန်တော် ခရီးမထွက်မီ သားမောင် ဟင်္သာမြင့်အား ပါရီသို့ဝင်မည့်အကြောင်း ပြောပြလေရာ၊ အဖေ-ဒီလိုဆိုယင် အီဖယ်လ်မျှော်စင်ကြီး တက်ခဲ့ပေါ့-ဟု မှာလိုက်ခဲ့ လေသည်။ (ခလေး ဂျာနယ်ကျေးဇူးကြောင့် ကိုးနှစ်သား မောင်ဟင်္သာ သည် အီဖယ်လ်မျှော်စင်ကြီး အကြောင်း သိနေလေသည်) ထိုဟာကို အမှတ်ရပြီး ကျွန်တော်သည် ပို့စ်ကပ်ဝယ်ပြီး သားမောင်ထံသို့ စာရေးလိုက်လေသည်။ 

အောက်သို့လည်း ဓါတ်လှေကားဖြင့်ပင် ဆင်းခဲ့ကြ၏။ အချို့ ကား လှေကားရိုးရိုးဖြင့်ပင် ဆင်းကြ၏။

အီဖယ်လ်မျှော်စင်ပေါ်တက်လျှင် မူးမည်စိုးပြီး မလိုက်ခဲ့သော ဦးနန်းနွယ်အား ကျွန်တော်တို့က မှားသည်ဟု ပြောကြသည်။ တ ကယ်ပင် ပါရီရောက်လျှင် အီဖယ်လ်မျှော်စင်ပေါ်သို့ တက်ဖြစ်အောင် တက်ဘို့ ကောင်းသည်ဟု ကျွန်တော်ယူဆသည်။ 

အပြန်လမ်းတွင် အာခ်ဒီထရိုင်းယမ်ဖ် ခေါ် အောင်မုခ်ကိုဝင် ကြည့်ကြလေသည်။ နပိုလီယန် တန်ခိုးကြီးစဉ်က တည်ဆောက်ခဲ့ သော မုခ်ကြီးဖြစ်၏။ အောင်မုခ်ဆိုသော အမည်နှင့်လိုက်အောင် ဝင့်ကြွား ခံညားပါပေသည်။ ပေရှစ်ဆယ်-တရာမျှ မြင့်လိမ့်မည် ထင်သည်။ 

မုခ်တိုင်ကြီးနှစ်တိုင်မှာ ထုထည် ကြီးမားလှ၏။ သို့သော် ကြီးပြီး အ,မနေ၊ ကြီးပြီး လှနေအောင် ဆင်ပြင်ထားသည်။ တိုင်ကြီးများ ပေါ်တွင်၎င်း၊ နဖူးစီးတွင်၎င်း နပိုလီယန် နိုင်ခဲ့သော စစ်ပွဲများ၏ ပုံများကို ရုပ်ထုထွင်း လုပ်ထားလေသည်။ 

မုခ်အောက်တွင် အညတြ ပြင်သစ် စစ်သားကလေး၏ ဂူရှိသည်။ ထိုဂူအနီးတွင် အမြဲထာဝစဉ် တောက်နေသော ဓါတ်ငွေ့ မီးတောက် သည် ရှိ၏။ မုခ်ကြီး ဆောက်ကတည်းက ယခုထိ ဤနေရာတွင် ဤ မီးတောက်သည် မငြိမ်းဟုဆို၏။ ဘုံးတန်ခိုး မီးတောက်မငြိမ်းဟု ဆိုလိုသသော အညတြ စစ်သားကလေး၏ ဂုဏ်မီးတောက် မငြိမ်းဟု ဆိုလိုသလော၊ အညတြ စစ်သါးကလေးအပေါ်ပြင်သစ် အမျိုးသား တို့၏ မြတ်နိုးမှုမီးတောက် မငြိမ်းဟု ဆိုလိုသလော-မသိရချေ။ 

အော်မုခ်မှနေပြီး လမ်းပေါင်းများစွာသည် ဖြာထွက်သွား၏။ လမ်းကျယ် လမ်းသာယာတို့သာလျှင် ဖြစ်သတည်း။ ဟော်တယ်သို့ ညနေအတော်စောင်းမှ ပြန်ရောက်ကြလေသည်။ 

ထိုနေ့ညတွင် ဘိုးထင်ကြီးတို့အိမ်မှာ ထမင်းစားကြရလေသည်။ ကိုထင်ကြီး တက္ကသိုလ်ထင်ကြီး စာပေဗိမာန်မဂ္ဂဇင်း အယ်ဒီတာ ထင်ကြီး။ သူသည်ယခုအခါ ပါရီတွင် ရုံးစိုက်သော ယူနက်စ်ကို (ကုလသမဂ္ဂ ပညာရေး လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့) တွင် အလုပ်လုပ် လျက်ရှိသည်။ ဇနီးသည်ကလည်း သူ့နောက် လိုက် လာသည်မှာ မကြာသေး။ သူတို့သည်ပါရီရှိ လူလတ်တန်းစားများ နေသော ရပ်ကွက်တခုတွင် တိုက်ခန်းငှား၍ နေကြ၏။ ဧည့်ခန်း၊ အိပ် ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ ပေါင်း လေးခန်းကို အဆင်ပြေအောင် ထိုး သွင်းထားသော တိုက်ခန်းတွဲကလေး ဖြစ်ပေ၏။ လခမှာ အဆမတန် ကြီးလေးလေသည်။ 

ပါရီမှာ အရာရှိဖြစ်စေ။ အလုပ် သမားဖြစ်စေ၊ ကုန်သည် ဖြစ်စေ၊ ဝင်ငွေ၏ သုံးပုံတပုံ အိမ်ခန်းအဖြစ်ဖြင့် ကုန်ကျရ၏။ ကျန်နှစ်ပုံဖြင့် စားရ ဝတ်ရ သားသ္မီးပညာသင်ရ သွားရလာရ ဖြစ်နေပေရာ အ ခန်းခပြဿနာကို မရှင်းနိုင်မခြင်း စါးဝတ်နေစရိတ် မချောင်ချိနိုင်ပေ၊ ကိုထင်ကြီးမှာ ကုလသမဂ္ဂ အလုပ်သမားဖြစ်သဖြင့် လခကြီးကြီး ရ၍ တော်ပေသေး၏။ 

အစက-ကျွန်တော်သည်။ ကိုထင်ကြီး မိန်းမအား ဟင်းချက် ထမင်းချက်ကောင်းဟု မထင်ခဲ့ချေ။ ထိုနေ့ည ချက်ပြုတ်သော ဟင်းလျာများမှာ မြန်မာပြီသသော ပထမတန်း လက်ရာများ ဖြစ်နေ ၏။ ကျွန်တော်သည် ဟင်းတွေအများကြီးထဲမှ မုံလာဥချဉ်ရေ၊ အမဲသား-နှပ်၊ ငပိကောင်တို့ကိုသာ စူးစိုက်၍ စားနေမိလေ သည်။ အနောက်နိုင်ငံစာတွေ စားရပြီး အီစပြုချိန်တွင် ဤလို မြန်မာ ပြီသသည့် ထမင်းဟင်း စားရသည်မှာ ကိုယ့်ပြည်-ကိုယ့်ရွာ-ကိုယ့် အိမ် ပြန်ရောက်ရသော အရသာလိုပင် လေးနက်ပေသည်။ 

ထမင်းစားရင်း ကျွန်တော်တို့သည် အင်္ဂလန်-ပြင်သစ်တို့၌ အစစအရာရာ ရှားပါးပုံ၊ အားနာမှု၊ အလိုက်သိမှု မရှိပုံ၊ စည်းကြီး ကမ်းကြီး ထုံးတမ်းကြီးတွေကြောင့် အပေါင်းအသင်း အနေအထိုင် ကြုံ့ပုံ စသည်များကို ပြောကြလေသည်။ ကျွန်တော်တို့ပြည်မှာ ယနေ့ ဆင်းရဲဒုက္ခ ကြီးမားလှပါသည်၊ စားဝတ်နေ စရိတ်စခ ကြီးလှပါသည် ဆိုသော အချိန်မှာပင် သူတို့နှင့်စာလျှင် တော်သေး၏ဟု ထင်ကြ သည်။ 

ကိုထင်ကြီး၏ဇနီးက။ 

“သူများနိုင်ငံရောက်မှ ကိုယ့်နိုင်ငံ ကောင်းကြောင်း သိရတယ်ရှင့်။ ကျမတို့ပြည်မှာ ချစ်စရာတွေက ပြည့်နေတာပါဘဲရှင်” 

ဟုပြောလိုက်လေသည်။ 

ကျွန်တော်တို့အားလုံး၏ ထောက်ခံမှုကို ရရှိသွားလေသည်။ ကိုထင်ကြီးတို့အိမ်မှ အပြန်တွင် ပါရီ၏ အကြီးဆုံးသော အော်ပရာရုံ ကြီးသို့ ဝင်ကြသည်။ ယဉ်ကျေးမှုရေးရာနှင့် ပတ်သက်လာလျှင် ပြင်သစ် အမျိုးသားတိုင်း ဂုဏ်ယူဝံ့စားပြီး လက်ညှိုးထိုးပြ လောက် အောင် ဆောက်လုပ်ထားသော အဆောက်ဦးကြီးဖြစ်၏။ ပြင်သစ်အ မျိုးသားတို့၏ အော်ပရာ၊ ဘဲလေးပြဇာတ် စသည်တို့ကိုသာမက ဗြိတိသျှ၊ ရုရှား၊ အီတလီစသော ယဥ်ကျေးသော နိုင်ငံကြီးများမှ ထင် ရှားသော အော်ပရာ၊ ဘဲလေး၊ ပြဇာတ်များကိုလည်း ရုံတင်ပြသသော နေရာဖြစ်လေသည်။ ကျွန်တော်တို့ ပါရီရောက်နေစဉ်က ဆိုဗီယက် ဘဲ လေး အဖွဲ့တဖွဲ့ အင်္ဂလန်မှ လောရင့်အော်လီဗီးယား ဦးစီးပါဝင်သော ရှိတ်စပီးယား ပြဇာတ်အဖွဲ့နှင့် မင်းသ္မီး အင်းဂျရစ်မင်း ဘာခိုမင်း ဦးစီး ပါဝင်သော ပြဇါတ်အဖွဲ့များလည်း ပါရီမှာရှိနေသည် ဟု သိရသော ကြောင့် တခုခုကို ကျွန်တော် ကြည့်ချင်သည့်နောက် တညကြည့်ရန် စီစဉ်ဘို့ အော်ပရာရုံသို့ ဝင်ကြခြင်း ဖြစ်လေသည်။ 

အပြင်ကျောက်လှေကားမှ တက်သွားပြီး ရုံအတွင်းသို့ ဝင် သွားကြလေသည်။ အတွင်းမှာ ရုံတထပ်ရှိနေပြန်သည်ကို တွေ့ရ၏။ အတွင်းမှာ ကော်ဇော အပြည့်ခင်းထားသော လှေကားကြီးကို တွေ့ရသည်။ လှေကားခြေရင်းမှာ ရပ်ကြရ၏။ အပေါ်တက်လိုက ပွဲကြည့်လက်မှတ်ပါလျှင် ပါရမည်။ ရုံကြည့်ဘို့လက်မှတ် ပါလျှင် ပါရမည်ဟု လှေကားစောင့် ဆိုလေသည်။ 

အတွင်းလှေကား၏ ညာဘက်တွင်ရှိသော လက်မှတ်ရောင်းခန်း တွင် လက်မှတ်သွားပေးသောအခါ . နောက်ညတွင် (အင်္ဂါနေ့ည) ပွဲမရှိကြောင်း၊ ယခု ရုံပေါ်တက်ကြည့်လိုလျှင် တယောက် ဖရင့် ၂ဝဝ- ပေးရမည် ဖြစ်ကြောင်း သိရလေသည်။ ကြည့်ရုံသက်သက် ဖရင့် ၂၀၁- မပေးချင်သဖြင့် ပြန်လာခဲ့ကြလေသည်။ 

အပြင်လှေကား အဆင်းတွင် ကျွန်တော်က “တနေ့ပြင်သစ် အ စိုးရက ကျွန်တော်တို့ကို ဘိတ်ရလိမ့်ဦးမှာပေါ့ အဲဒီကျတော့မှ အော်ပရာရုံကြီးကို လာကြည့်မယ်။ ပြင်သစ် ပြဇာတ်ကောင်းကောင်း လဲ အဲဒီကျတော့မှ ကြည့်ရတော့မှာဘဲ”ဟု ကျုံးဝါးသံဖြင့် အဖေါ်များ အား ပြောပြလိုက်လေသည်။ 

ကျွန်တော်တို့သည် … Foiredes Paris ခေါ်သော စက်မှုလုပ်ငန်း ပြပွဲကြီးနှင့်လည်း ကြုံကြိုက်နေလေသည်။ 

ထိုပြပွဲကြီးမှာ ပြင်သစ် စက်မှုလုပ်ငန်းများမှသာ ခင်းကျင်းပြသ ကြသည်မဟုတ်။ ဂျာမနီ၊ ဟော်လန်၊ အီတလီ၊ ချက်ကိုစလိုဗေး ကီးယား၊ ပိုလန်၊ မက္ကဆီကို၊ ဗီယက်နမ် စသော အခြားနိုင်ငံများ ကလည်း မိမိတို့စက်မှုလက်မှုလုပ်ငန်း ကုန်ပစ္စည်းများကို ခင်းကျင်း ပြသကြလေသည်။ ယူအက်စ်အေ (အမေရိကန်)မှမူ အခြားစက်မှု လုပ်ငန်း ကုန်ပစ္စည်းများကို မပြဘဲ ငြိမ်းချမ်းရေးအတွက် အနုမြူအား ကို အသုံးပြုပုံနှင့် ပတ်သက်သော ပစ္စည်းကြိယာများကိုသာ ခင်း ကျင်းသပြထားလေသည်။ 

ကမ္ဘာအရပ်ရပ်မှ ကုန်သည်များနှင့် စက်မှုလုပ်ငန်းသမားများ သည် ဤပြပွဲသို့လာပြီး ကြည့်ရှုကြသည်။ ပစ္စည်းများကို ကြည့်ပြီး နောက် ဝယ်လိုလျှင် အထူးသီးသန့်ထားသော ကုန်သွယ်ရေးအ ခန်းများမှာ သက်ဆိုင်ရာတို့နှင့် ဈေးဆစ်ပြောဆို၍ အော်ဒါပေး နိုင်လေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ စက်မှုလုပ်ငန်း တိုးတက် ဖွံ့ဖြိုးရေးဋ္ဌာနမှ အရာရှိတယောက်လာပြီး ကြည့်လိမ့်ဦးမည်ဟု ကြားခဲ့ရလေသည်။ 

ကျွန်တော်တို့ မြန်မာနိုင်ငံ စက်မှုလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး ဋ္ဌာနမှ အရာရှိတယောက်လာပြီး ကြည့်လိမ့်ဦးမည် ဟု ကြားခဲ့ရလေ သည်။ 

ယခုနှစ်တွင် ပြပွဲသို့ လာရောက်ကြည့်ရှု ကြသူများ၏ ဦးရေသည် နှစ်သန်းကျော်လိမ့်မည်ဟု ခန့်မှန်ကြလေသည်။ အရောင်းအဝယ် အော်ဒါတန်ဘိုးများလည်း ယခင်နှစ်များထက် သာလွန်လိမ့်မည်ဟု ဆို၏။ 

ကျွန်တော်တို့သည် ပထမတနေ့မှာ ၂ နာရီမျှ ကြည့်ကြ၏။ ကြည့်စရာတွေ အများကြီးကျန်နေပြီး ကျွန်တော်တို့ကလည်း ကြည့် ချင်သေးသဖြင့် နောက်နေ့တွင် သွားကြည့်ကြ၏။ ၅နာရီကြာလေ သည်။ ပေါင်း ၇နာရီ ကြာသော်လည်း ကြည့်စရာတွေ မကုန်သေး၊ ကျွန်တော်တို့ မရောက်သေးသော မဏ္ဍပ်တွေ ကျန်သေး၏။ မဏ္ဍပ် တခုလျှင် ကျကျနန မကြည့်နိုင်ပါ။ ရှောက်သွားပြီး တစေ့တစောင်း ကြည့်ရခြင်းသာဖြစ်၏။ တကယ်ဆိုသော် တနင်္ဂနွေ တပတ်လောက် ကြည့်လျှင် စေ့စေ့ကြည့်နိုင်ပါလိမ့်မည်။ 

ယူအက်စ်အေ၏ ငြိမ်းချမ်းရေးအတွက် အနုမြူအား အသုံး ချနည်း မဏ္ဍပ်မှာ ဝါဒဖြန့်ရုံသာ ခင်ကျင်းပြသထားခြင်း ဖြစ်သည် ဟုထင်ပေသည်။ 

အနုမြူအင်အား ထုတ်ယူရသော ယူရေနီယံဆိုသော သတ္တု (ဒြပ်စင်) ကိုပြထားသည်။ အနုမြူမှထွက်သော မီးအားအနေဖြင့် တွက်သော် ယူရေနီယံ (၁) ကီလိုဂရမ်သည် ကာဘွန် (မီးသွေးဓါတ်) (ကီလိုဂရမ်ပေါင်း ၂,၆ဝဝ,၀၀၀ နှင့် ညီမျှလေသည်။ 

ယခု မြန်မာသိပ္ပံပညာ ဆရာတွေက အနုမြူပေါင်းဖိုဟု ခေါ်နေ ကြသော (Reaetor) အနုမြူ ခွဲစက်၏ နမူနာပုံစံတခု တည်ဆောက် ထားသည်။ 

အနုမြူပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော လူကိုကြီးစွာအန္တရာယ် ပေးနိုင်သော ရေဒီယိုဓါတ်လိုက်ခြင်းနှင့် (Radioacity) ကို ထိန်းကြောင်း ကာကွယ်ရန် အစီအမံများကိုလည်း တွေ့ရသည်။ ရေဒီ ယိုဓါတ်လိုက်နေသော ပစ္စည်းတခုအနီးသို့ လူမကပ်ရဘဲ အထူး စီစဉ်ထားသော စက်လက်ကြီးဖြင့် ကိုင်တွယ်နေပုံမှာ အံ့သြစရာ အကောင်းဆုံးဖြစ်၏။ ဘေးကင်းသောနေရာမှ လူကနေပြီး သူ၏ လက် လှုပ်ရှားသလို စက်လက်ကြီးက လိုက်လှုပ်ရှား နေရလေသည်။ 

အာလူးစသော ဟင်းသီးဟင်းရွက်များ၊ အမဲသား၊ ပေါင်မုံ့စသော အစားအသောက်များကို မသိုးမပုပ်အောင် အနုမြူအားထုတ်ရာမှ ရသော ရေဒီယိုအိုက်ဆိုတုပ်နှင့် ပြုပြင်စီရင်ပုံကိုလည်း ပြသထား သည်၊ ရေဒီယိုအိုက်ဆိုတုပ်ဖြင့် လူ့ခန္ဓာကိုယ်တွင်းမှာ အောင်းနေ သော ရောဂါရှာပုံကိုလည်း ကွင်းကွင်းကွက်ကွက် တွေ့မြင်ရပေ၏။ 

ထိုမဏ္ဍပ်မှနေပြီး သစ်စက်များပြထားသော မဏ္ဍပ်သို့ရောက် သွားကြ၏။ စရွေးထိုးစက်များ၊ သစ်ခေါက်ခွါသော စက်များ၊ သစ်သားကို ဥတုနှင့် ပိုးမွှားရန်ကို ခုခံနိုင်အောင် ဓါဟုဗေဒနည်းဖြင့် စီရင်ပေးသောစက်များ စုံနေပေသည်။ 

မီးဖိုချောင်ပစ္စည်းများပြသော မဏ္ဍပ်မှာ မီးဖိုအမျိုးမျိုး၊ မီးသွေး မီးဖို၊ ဂက်စ်မီးဖို၊ လျှပ်စစ်မီးဖို၊ ပေါင်းဖိုများ၊ ကင်ဖိုများ၊ ဘဲသား ဝက်သား ဆိတ်သား စသည်တို့ကို ခလုပ်နှိပ်ရုံဖြင့် အလိုအလျောက် ကင်နိုင်သော စက်များ၊ ရေခဲသေတ္တာအမျိုးမျိုး၊ ပန်းကန် ခွက် ယောက်ဆေးသော စက်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်လှီးသော စက်ဓါးများ၊ အာလူး အခွံသင်သော စက်ဓါးများ။ 

ထရက်ဘာများ၊ ဘူလ်ဒိုဇာများ ကရိန်းများ၊ ထရပ်ကားများ စသည်တို့ကို လဟာပြင် ကွင်းကြီးထဲမှာပြထားသည်။ 

အိမ်တွင်း အသုံးအဆောင် ပစ္စည်းများ ပြထားသော မဏ္ဍပ် မှာဆိုလျှင် အဝတ်ကို ရေမဖျန်းရဘဲ တိုက်၍ရသော လျှပ်စစ်မီးပူ၊ တံမြက်စည်းလှဲစက်၊ ကော်ဇော တံမြက်စည်းလှဲစက် စသည်များမှ နေပြီး အခန်းအပူအအေး ပြုပြင်ပေးသော စက်များအထိ ပြထား လေသည်။ 

စက်မှုလုပ်ငန်း လက်နက်ကြိယာများမဏ္ဍပ်မှာ စက်အမျိုး မျိုး၊ တွင်ခုံအမျိုးမျိုး၊ သံဖြတ်စက်၊ သံဖေါက်စက်၊ သံပုံသွင်းစက်၊ စက်မှုလုပ်ငန်း လက်နက်ကိရိယာများမှာ ဤမျှ အမျိုးအမည်များ ကြောင်း သည်မှာမှ သိရတော့၏။ 

ခလေးများ အသုံးအဆောင် မဏ္ဍပ်။ စာအုပ်စာတမ်း ထုတ်လုပ်မှု လုပ်ငန်းမဏ္ဍပ်။ 

အရက်ချို အမျိုးမျိုး၊ အရက်ချဉ် အမျိုးမျိုး၊ အရက်ခါး အမျိုးမျိုး ပြထားသောမဏ္ဍပ်။ 

ဆောက်လုပ်ရေး စက်မှုလုပ်ငန်းမဏ္ဍပ်။ 

စိုက်ပျိုးရေး စက်မှုလုပ်ငန်း မဏ္ဍပ်။ 

ဖက်ရှင် (အမျိုးသ္မီး အမျိုးသား ဝတ်စားဆင်ယင်မှု) မဏ္ဍပ်။ 

မဏ္ဍပ်စေ့ရုံစေ မရောက်နိုင်ချေ။ ရောက်ပြန်ပါကလည်းအ မြန်ရှောက်သွားပြီး ကတိုက်ကရိုက်သာ ကြည့်နိုင်လေသည်။ ဟော်တယ်သို့ ပြန်ရောံသောအခါ ခြေကုန်လက်ပန်း ကျနေကြ လေသည်။ သို့သော်ခဏမျှသာနားကြ၏။ ထိုနေ့ညစာကို တရုပ်ဆိုင် တဆိုင်မှာ ဦးဝမ်ကိုဟောကကျွေး၏။ နောက်တနေ့ ပြန်တော့မည် ဖြစ်၍ နှုတ်ဆက် ဧည့်ခံခြင်းပေတည်း။ 

ထမင်းစားပြီးသော် ပါရီအား နှုတ်ဆက်သည့်အနေနှင့် ဖေါ်လင်ရုချ်ဘက်သို့ သွားကြလေသည်။ ပါရီ၏ ညဘဝအတွင်း ကျဆုံးသော နေရာဖြစ်သည်ဟု သိရလေသည်။ 

ကားကို တနေရာမှာရပ်ထားခဲ့ပြီး လမ်းရှောက်ကြလေသည်။ ဖေါ် လင်ရုချ် ရုံကြီးမှာ မီးရောင်စုံထွန်းထားလေသည်။ ထိုရုံကြီးရှေ့မှာ လမ်းဆုံအဝိုင်းကြီး ရှိလေသည်။ ထိုလမ်းဆုံ အဝိုင်းကြီးကို ခြံရံနေသော တိုက်များကား၊ ကပွဲရုံများ၊ ရှမ်ပိန်အရက်နှင့် အကရုံများ၊ "အလဇ္ဇီ” စာအုပ်နှင့် အရုပ်ကားချပ်ဆိုင်များနှင့် “မှောင်”ခန်းများ။

ကပွဲရုံများနှင့် ရှမ်ပိန်ရုံများရှေ့တွင် မှန်ဘောင်သွင်းထားသော ဓါတ်ပုံများ ရှိလေသည်။ ရှေ့မှာ ပန်းပွင့်ပွင့်သာ ဖုံးထားသော ကိုယ်လုံးတီးမယ်များ၏ ပုံတွေဖြစ်သည်။ ထိုပုံတွေနားသို့ ကပ်ပြီး ကြည့်လိုက်သည်နှင့် တပြိုင်နက် အပေါက်စောင့်တယောံ ရောက်လာ ပြီး ရုံထဲမှာ လှပသော မိန်းခလေးများ ကပြနေသည်။ ဝင်ကြည့်ပါဟု ဘိတ်ကြားလေသည်။ တချို့ကတော့ ရှမ်ပိန်သောက် ကြွပါဟု ခေါ်သည်။ ရှမ်ပိန်ခေါ် အရက်ချဉ်မှာ ပါရီညဘဝတွင် ရီတီတီ ဝေတေတေဖြင့် စိတ်ကူးယဉ် နှစ်မျောနေစေသော ရမကာဖြစ်၏။ ပါရီ၏ ရင်သားပေါ် ချက်ပေါ် ပေါင်ပေါ်ကကြသော ကာဘရေး မယ်ကလေးများ မိမိအနားမှာ ရစ်သီရစ်သီလာပြီး အမောပြေအေါင် လုပ်ပေးသော အဖျော်ရည်လည်းဖြစ်၏။ ကာဘရေးမယ်များသည် ရှမ်ပိန်ကို အလွန်ကြိုက်သည်။ ပွဲကြည့်လာ ကိုကိုများအနီးသို့ ပွတ် သီးပွတ်သပ် လာလုပ်ပြီဆိုလျှင် ထိုကိုကိုများသည် အလိုက်သိစွာ ရှမ်ပိန်ဝယ်တိုက်ကြရသည်။ သည်ရုံတွေမှာ ရှမ်ပိန်ဈေးကလည်း တ ခြားမှာထက် နှစ်ဆလောက် ထားလေသည်။ ဒါတွေကို အပြင်မှနေပြီး စနဲနာရင်း သိခဲ့ခြင်းဖြစ်၏။ ကျွန်တော်တို့သည် အထဲမဝင်ကြပါ။ ကာဘရေးမယ်များအား ရှမ်ပိန်မတည်ခင်းကြပါ။ 

ရှေ့ရှောက်လာကြသောအခါ လူတယောက် လိုက်လာပြန် လေသည်။ အိပ်က်စ်ဆီဘီးရွန်း လိုက်မလားဟုခေါ်သည်။ အခန်း ကောင်းကောင်းရှိသည်ဟု ဆိုသည်။ ဤပြပွဲကား ဥပဒေပြင်ပ ပြပွဲဖြစ်လေသည်။ အစိုးရ ခွင့်မပြုသေါအလုပ်ဖြစ်သည်။ အကြောင်း မှာ ထိုပြပွဲကြည့်ချင်လျှင် ထိုသူခေါ်ရာသို့ လိုက်သွားရသည်။ ထိုချောင် ကျသော အခန်းတခန်းသို့ ရောက်သောအခါ ရှေ့မှာပန်းတပွင့်ကိုပင် ကာမထားသော ကိုယ်လုံးတီးမယ် ကိုတွေ့ရမည်။ ထိုဟာမသည် အ မျိုးမျိုး တဦးတည်းပြရုံမက အခြားမိန်းမတယောက်အား ယောက်ျား ယောင် ဆောင်စေ၍၎င်း၊ တကဲ့ ယောက်ျားတယောက်နှင့်၎င်း ပွဲ တော်သလင်းပွဲ လုပ်၍ ပြလေသည်။ ပွဲကြည့်လာ ကိုကိုသည် ကိုယ်တိုင် တော်သလင်းပွဲထဲ ဝင်ဆင်နွှဲလိုက ဆင်နွှဲနိုင်သည်။ သို့ သော် အဘိုးအခ ပိုပေးရလိမ့်မည်။ ပါရီမှာ ငွေမကုန်ဘဲ ဘယ်နေရာမှ တဆင့်မတက်ရ။ ရုံထဲဝင်ခ၊ အကကြည့်ခ၊ ရှမ်ပိန်သောက်ခ၊ တော်သလင်းပွဲ ကြည့်ခ၊ ကိုယ်တိုင် တော်သလင်းပွဲ ဝင် ဆင်နွှဲခ။ သည်မျှမကသေး။ 

ကျွန်တော်တို့သည် နောက်က လိုက်ခေါ်နေသောသူအား ခေါင်း ခါလက်ယမ်းပြလျက်၎င်း ငြင်းပယ်ခဲ့ပြီးနောက် ရှေ့ဆက်ရှောက်ခဲ့ ကြသည်။ လမ်းဒေါင့်တွေ့မှာ ဆိုင်ငယ်ကလေးတွေ ရှေ့နားမှာ သစ် ပင်အောက်မှာ ကောင်မကလေးတွေ မြူဆွယ်သောအပြုံးကလေး များဖြင့် ရပ်နေကြသည်။ ကျွန်တော်တို့ သွားသောအချိန်မှာ သိပ်ညဉ့်မနက်သေး၊ ညဉ့်နက်ပြီဆိုယင် ပြုံးရုံလောက်နှင့် မဟန်လျှင် လိုက်ဆွဲခေါ်တတ်သည်ဟု ဆိုလေသည်။ 

စာအုပ်ဆိုင်တဆိုင်သို့ ရောက်သွားလေသည်။ “အလဇ္ဇီ’စာပေ များနှင့် ပုံကားချပ်များ ရောင်းသောဆိုင်ဖြစ်၏။ ပြင်သစ်နိုင်ငံထုတ် အလဇ္ဇီ စာပေများသာမက ကမ္ဘာအရပ်ရပ်မှာ တားမြစ်ပိတ်ပင်ခြင်း ခံရသော အလဇ္ဇီ စာပေများကိုပင် ဤဆိုင်မှာ ရနိုင်သည်ဟု ဆိုလေ သည်။ ဝစ်လစ်စလစ် ဓါဘ်ပုံတွေကလည်း အထပ်လိုက် အုပ်လိုက် ဖြစ်၏။ ရှမ်ပိန် မသောက်ဘူးဘဲထား၊ ကာဘရေးအက မကြည့်ဘူး ဘဲထား တော်သလင်းပွဲ မရောက်ခဲ့ဘူးဘဲထား၊ ဝင်မဆင်နွှဲခဲ့ဘူးဘဲ ထား။ ဒီစာအုပ်ဆိုင်မှာတော့ မဝင်ဘဲမဝယ်ဘဲ မနေနိုင်အောင် လုပ်ထားလေသည်။ စာအုပ်ဝယ်တာလောက်ကတော့ ဘာဖြစ်တာ လိုက်လို့ဟု ယူဆတတ်ကြခြင်းကြောင့် ဖြစ်လေသည်။ 

ဆိုင်ထဲမှာတွေ့ ရသော အင်္ဂလိပ်လူငယ် တယောက်က ကျွန်တော် အါး စာအုပ်တအုပ်ကို ပြသည်။ အဖိုးကိုလည်းပြသည်။ 

“အမြတ်သိပ်ယူတာဘဲ၊ ငွေရမယ်ဆိုယင် ပြင်သစ်ကတော့ အံ့ သြလောက်တယ်”ဟု သူကဆိုလေသည်။ ပြောပြောဆိုဆိုနှင့်ပင် သူ သည် စာအုပ်ကို ဝယ်သွားလေ၏။ 

နည်းအမျိုးမျိုး လမ်းအဖုံဖုံနှင့် ငွေယူခြင်းကြောင့်လည်း ပြင် သစ်ပြည် နိုင်ငံခြားဝင်ငွေ၏ ၄ဝ-ရာခိုင်နှုန်းမှာ သူ့နိုင်ငံအလည်လာ ကြသော နိုင်ငံခြားသားများထံမှ (လည်ပတ် လာခြင်းလုပ်ငန်းမှ) ရခြင်းဖြစ်လေသည်။ 

ဤကား စေ့စေ့စပ်စပ် လေ့လာခဲ့ရသော ပါရီမဟုတ်ပါ။ ဝိုးတိုး ဝါးတားမြင်ခဲ့ရသော ဝိုးတဝါး ပါရီသာဖြစ်ပါ၏။ ပြင်သစ်ပြည်သူ တို့၏ ပါရီလည်းမဟုတ်ပါ။ အလယ်အပတ် သွားနိုင်ကြသော နိုင်ငံခြားသားများနှင့် ၎င်းတို့အပေါ် ခေါင်းပုံဖြတ်နေသော ပြင်သစ် တစုတို့ ကျင်လည်ကျက်စားနေကြသော ပါရီသာဖြစ်ပါသည်။


သိန်းဖေမြင့်

၁၉၅၇_ဇွန်လ_ကြေးမုံ_သတင်းစာ






Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်