ရွှေမန်းသူ၏ ကျိန်စာထိခြင်း သီရိ - ဘုတလင် ရေးသည် သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ


ရွှေမန်းသူ၏ ကျိန်စာထိခြင်း

သီရိ - ဘုတလင်

သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ

“တောက်....”


ခြုံထည်ကလေးကိုယ်စီ လွမ်းခြုံသွားကြသည့် ကောင်မချောချောကလေးများကို မြင်လိုက်ရသော ထွေးမောင်သည် တောက်တချက် ခေါက်လိုက်သည်။


ဟိုတုန်းကမူ ခုလိုကောင်မလေးချောချောများ တွေ့လိုက်ရ မြင်လိုက်ရပြီဆိုက ယားကျိယားကျိ ဖြစ်ရသည်တိုင် မနေနိုင်မထိုင်နိုင်အောင် ငမ်းတတ်သည်။ ခြုံထည်ကလေးများနှင့်ဆိုလျှင် ပို၍ပင် ကဲလိုက်သေးသည်။


“အဟီး-ဟီး- ကောင်မလေးတွေ ချစ်စရာကောင်းဒါလဲမပြောနဲ့၊ သူတို့ဝတ်ထားဒါကိုက တယ်ပီးလှဒါကလားကွ။ ကြည့်ပါလား.... ပန်းရင့်ရောင်မြင်ကွင်းကျယ် ဇာဘော်လီ၊ ပီးတော့မှ အဝါရောင်အနုမြူ နိုင်လွန်လက်စက၊ ဟော.... အဲဒါတွေ အထင်းသားပေါ်အောင်လို့ ခြုံထည်အဖြူလေး ခြုံလိုက်သေး။ အပြင်ကနေ အတွင်းထိ ဘယ့်လောက် တန်ပါတယ်ဆိုဒါ ပြောဘို့ကို မလိုတော့ဘူး ဟုတ်ဘူးလားကွာ....”


ဤသို့ဤနယ် ကြံဖန်ပြီး ချီးကျူးခဲ့လေသည်။ ထွေးမောင်အဖို့ ယခုအခါတွင် သူအင်မတန်မှ လှပါသည်။ ချစ်ဖို့ အတော်ကောင်းပါသည်ဟု ပြောခဲ့သော်လဲ ယခုမူ ခြုံထည်ကိုယ်စီနှင့် ကောင်မလေးများအား မြင်လိုက်ရ၍ မကျေမချမ်းနှင့် အာသီးပဲ့လုနီးနီး တောက်ခေါက်လိုက်ခြင်းကြောင့် အံ့ဩစရာကောင်းနေဘိလည်း၊ သူအဖြစ်ကို သိသူတို့အဖို့မူ မဆန်းပါချေ။


ရွှေမန်းသို့ အဝယ်ခရီး

ထွေးမောင်တယောက် မန္တလေးသို့ သွားရောက်စဉ်က ဖြစ်၏။


သူ့မိဘများမှာ ကုန်သည်ပီပီ သူ့တို့၏သားကို အမြင်ကျယ်စေရန်၊ လူရည်လည်စေရန်၊ အရောက်အပေါက်များစေရန်နှင့် ဒေသန္တရဗဟုသုတ ကြွယ်ဝစေရန်စသော ရည်ရွယ်ချက်အပြည့်ဖြင့် ကုန်ဝယ်ခိုင်းခြင်း ဖြစ်သော်လည်း၊ ထွေးမောင်ကမူ ရွှေမန်းသို့ သွားရမည်ဆိုကတည်းက သူကြိုက်နေသည့် ခင်မြတ်နွယ်သို့ အပြန်လက်ဆောင်ပေးရန် ခြုံထည်လှလှကလေး ဝယ်ခဲ့ဘို့ စိတ်စောနေသည်။


ရွှေမန်းသို့ ရောက်သောအခါတွင် အိမ်ကခိုင်းသောကိစ္စများ အလျင်လုပ်ချေက ငွေကုန်သွားပြီး ခြုံထည်မဝယ်နိုင်မည် စိုးခြင်းကြောင့် ရောက်လျှင်ရောက်ခြင်း ဈေးချိုသို့ သွားလေသည်။


“ဘာအလိုရှိပါသလဲခမျာ”


ခရီးရောက်မဆိုက် အထည်ဆိုင်တဆိုင်မှ ဈေးချိုသူတယောက်က ခေါ်လိုက်၍ တုံ့ကနဲ ဖြစ်သွားခိုက်—


“လာပါမောင်ကြီးရဲ့၊ လိုချင်ဒါရှိ ကြည့်ဝယ်ပေါ့....” ဟု ထပ်မံ၍ ဖိတ်ကြားနေသဖြင့် ဆိုင်အတွင်းသို့ ဝင်လိုက်တော့သော်လည်း ကြံကြံဖန်ဖန် အတွေးနက်စွာ အံ့ဩနေချေသည်။


‘အင်း-- ငါ့ကိုခေါ်တော့လဲ မောင်ကြီးတဲ့၊ ပြောတော့လဲ ခမျာတဲ့၊ အဆန်းဘဲ’ ဟု တွေးမိကာ ဘာကဘယ်လို စိတ်ကူးပေါက်သွားသည်မသိ။


“ပူစီဖောင်း လိုချင်လို့ခင်ဗျ” ဟု ယောင်၍ ပြောမိပါတော့သည်။


“ပူစီဖောင်းတော့ ကြူလယာဆိုင်မဟုတ်လို့ မရှိပါဘူးခမျာ”


အမျိုးသမီးက ဈေးသည်ပီပီ သိမ်မွေ့စွာ ဖြေကြားလိုက်လေမှ သူ့စကားမှားသွားကြောင်း သတိပြုမိလျက်—


“အဟဲ-ဟဲ.... ပူစီဖောင်းမရှိလဲ နိုင်လွန်ခြုံထည် တထည်လောက် ဝယ်ချင်လို့ပါ”


“ရှိပါတယ် ရပါတယ်၊ အမျိုးလဲကောင်း၊ ဈေးလဲမများစေရပါဘူး၊ ကြည့်ပါ ကြည့်ပါ”


စျေးချိုသူနှင့် အရောင်းအဝယ်

ဆိုင်ရှင်အမျိုးသမီးသည် ပြောရင်း ခြုံထည်တထည်ကို ဖြန့်၍ပြလိုက်သည့်အခါ ချုပ်ရိုးမခိုင်၍လော၊ အစကပင် ဆွေး၍လောမသိ (ဗြိ) ကနဲ စုတ်သွားသဖြင့် ထွေးမောင်ရော ငတိမပါ မျက်လုံးပြူးသွားကြသည်။


“ဟဲ... ဟဲ-ဟဲ--ဟဲ.... မောင်ကြီးတို့က ယောက်ျားတွေ မဟုတ်လား၊ ဒီတော့ မိန်းမဝတ်ပစ္စည်းဝယ်ရင် နားမလည်ဘဲ ခုလိုတိုက်ဆွေးမိမှာစိုးလို့ ထုတ်ပြရဒါ။ ဒီအစားက သိပ်ညံ့တယ်၊ ဈေးလဲပေါတယ်၊ ကောင်းလဲမကောင်းဘူး....”


အမျိုးသမီးသည် လျှပ်တပြက်ဉာဏ်ဖြင့် ပြောပြလေမှ ထွေးမောင်၏စိတ်တွင် ရှင်းလင်းသွားကာ သူ့ကိုပင် ဂရုတစိုက်သင်ပြခြင်းကို ကျေးဇူးတင်မိတော့သည်။ ထွေးမောင်က—


“အဲ-အဲ.... ဟုတ်ပါပီ-ဟုတ်ပါပီ၊ အကောင်းစားထဲက ဘယ်လောက်ရောင်းပါသတုံး”


“မများပါဘူး မောင်ကြီးရဲ့၊ တထည်မှ ၄၅ ကျပ်ထဲပါ”


“ဟိုက်”


ထွေးမောင်ခမြာ အာမေဍိတ်သံ ထွက်သွားရသည်အထိ မျက်လုံးပြူးနေလေပြီ။ သူကြားဖူးသောဈေးမှာ မုံရွာတွင်မှ ၂၅ ကျပ်သာ ဖြစ်၏။


“မများဘူးလားဗျာ....” ထွေးမောင်မှာ ဈေးမဆစ်ပေမင့် သံသယစိတ်နှင့် မေးလိုက်မိသည်။


“စောစောစီးစီး ဈေးပိုမရောင်းဝံ့ပါဘူးခမျာ ဘုရားကို....”


“အာ.... ကျိန်တော့ မကျိန်ပါနဲ့ဗျာ....” ဟု ထွေးမောင်က လက်ဝါးကာလျက် တောင်းပန်လိုက်သော်လည်း အမျိုးသမီးသည် ဆက်လက်၍—


“မိုးကြိုးကြီးပစ်စေရဲ့၊ ဈေးလဲမပိုပါဘူး၊ အမျိုးလဲကောင်းပါတယ်-”


“အဲဗျာ-- ဈေးများချင်များပေ့စေ၊ ကောင်းရင်ပီးဒါဘဲ။ ဟိုတထည်လို မခိုင်မှာဘဲ စိုးပါတယ်၊ အဖြူတထည်ပေးပါ” ဟု ပြောရင်း ငွေ ၄၅ ကျပ်တိတိ ထုတ်ပေးလိုက်သည်။


ခြုံထည်ကလေးကို ခေါက်လျက် ပလပ်စတစ်အိတ်တွင်း ထည့်နေသော ဆိုင်ရှင်အမျိုးသမီးက—


“စိတ်ချပါ မောင်ကြီးရဲ့၊ လိမ်ရောင်းတယ်ဆိုတော့ မောင်ကြီးနှမ ကျားကိုက်ခံရစေရဲ့။”


မကျိန်ပါရန် အတန်တန် တောင်းပန်နေကာမှ ဆက်၍ဆက်၍ ကျိန်တွယ်နေသဖြင့် အားနာလှစွာနှင့် ဆိုင်အတွင်းမှ လစ်ခဲ့ရရှာသည်။


ဘုတလင်သို့ အပြန်

ဘုတလင်သို့ ပြန်ရောက်လျှင်ရောက်ခြင်း အိမ်မှ မားသားကြီးလက်သို့ ဘောက်ချာများကို အပ်နှံလျက် ခင်မြတ်နွယ်ထံသို့ အပြေးသွားကာ—


“ခင်ရေ.... ဟေးခင်၊ ခင့်ဘို့ဝယ်လာဒါ ဘယ်လောက်ကောင်းတုံး”


ဝမ်းပန်းတသာနှင့် ပြောရင်းဆိုရင်း ခြုံထည်ကလေးကို အထုပ်ထဲမှ ဆွဲ၍ဖြန့်လိုက်ရာ (ဗြုန်း) ကနဲ စုတ်သွားလေတော့သည်။


ထွေးမောင်သည် ပြန်လည်၍ တွေးတောလိုက်မိ၏။ 'အမျိုးမကောင်းတဲ့ တိုက်ဆွေးကို ရောင်းလိုက်တာဆိုရင်လဲ ကျိန်တွယ်ပီး မပြောတန်ရာဘူး။ (လိမ်ရောင်းတယ်ဆိုတော့ မောင်ကြီးနှမ ကျားကိုက်ခံရစေရဲ့) လို့တောင် ရဲရဲဝံ့ဝံ့ အာမခံလိုက်သေးတာဘဲ။ မှားပီး ထည့်လိုက်တာလေလား' စသည်ဖြင့် တွေးတောနေခိုက်၊ သူချစ်သူ ခင်မြတ်နွယ်က—


“ဟီ.... ဟီ.... ကိုထွေးမောင်ကြီး စိတ်မဆိုးနဲ့နော်၊ ရှင်မန္တလေးသွားနေတုန်းက ရှင့်နှမ သိန်းမောင်နောက် လိုက်ပြေးဒါ သိပီးပလား-”


ထိုသို့သော အမေးပုစ္ဆာကို ကြားရလေခါမှ ရွှေမန်းမေခေါ် ရွှေမန်းသူခေါ် ဈေးချိုသူ၏ ကျိန်စာကို သဘောပေါက်လေတော့သည်။


“စိတ်ချမောင်ကြီး လိမ်ရောင်းတယ်ဆိုတော့၊ မောင်ကြီးနှမ ကျားကိုက်ခံရစေရဲ့....” တဲ့။


အင်း.... ကျားကိုက်ခံရဒါ (ယောက်ျားနောက် လိုက်ပြေးတာ) ငါ့နှမပါလား။


“တောက်....”

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်