ဒေစီလက်ရာ ရေကျော်မောင်မောင် ရေးသည် သောကြာ စာစောင် ၁၉၆၂ မေလ



ဒေစီလက်ရာ 

ရေကျော်မောင်မောင် ရေးသည် 


သောကြာ စာစောင် ၁၉၆၂ မေလ 


 နှစ်တနှစ်ကုန်ဆုံးလို့ နှစ်သစ်ကူးပြီဆိုရင်ဖြင့် နေ့စွဲ၊ ရက်စွဲများ မှတ်သားရာမှာ အတော်ကလေး ဒုက္ခတွေ့ရတတ်ပါတယ်။ အထူးသဖြင့် စာများ၊ ရုံးအမိန့်စာများတွင် အမြဲတစေ ပါလေ့ရှိတဲ့ နေ့စွဲ၊ ရက်စွဲများကို ရိုက်နှိပ်ပေးရသူ လက်နှိပ်စက်စာရေး မရွှေချောကလေးများက မတော်မတည့် နမော်နမဲ့ဖြင့် ရိုက်လိုက်ပါက မဟာဒုက္ခ အနန္တ ဝေဖြာစွာ တွေ့ကြုံရတော့တာပါပဲ။


ရွှေနှုတ်ခမ်း နီတျာတျာရှင် မရွှေခင်ကလေးတို့၏ ချစ်စဖွယ်သော ဒေစီ၊ ပွေလီ၊ ဂွေဂီ ဟူသော အနောက်တိုင်းဆန်ဆန် နာမည်ကလေးများဖြင့်ဖြစ်စေ၊ မြန်မာဆန်ဆန် ထားထား၊ ထွားထွား၊ ကားကား ဟူ၍ နာမသညာ ဘယ်လိုပင်လာပါစေ၊ လက်နှိပ်စက်ကို ကရော်ကမယ် ရိုက်နှိပ်ရာ၌ကား တသားတည်း၊ တပုံတည်းသာ ထွက်လာလေ့ရှိတော့သည်။


တင်းကားရင်ထွား မရွှေထားကလေးတို့၏ နမော်နမဲ့ ဆော်ထည့်လိုက်မှုကြောင့် တရံရောအခါက အုပ်ချုပ်ရေးအရာရှိတဦးမှာ စုတိမနေ မသေလွန်ဘဲ အုပ်ချုပ်ရေးအရာရှိ ဘဝမှ အုပ်ချပ်ရေးအရာရှိ ဘဝသို့ ရောက်ရလေရာ အရာရှိကြီးခမျာ ပန်ကာအောက်တွင် ကလောင်ကိုင်ရာမှ သန်လျက်စွဲကာ ပန်းရံဆရာ၊ အုတ်စီဆရာ အဖြစ် ရောက်ရမလိုလို ဖြစ်ခဲ့ရဖူးသည်။


မှတ်မိပါသေးသည်။ တုန်လှုပ်ချောက်ခြား ကြောက်အားပိုစွာနှင့်ပင် မှတ်မိပါသေးသည်။ တရံရောအခါက ကျွန်တော်တို့ ကြက်ခြေနီ အဆောက်အဦကြီးတွင် ကြက်ခြေနီအဖွဲ့ ရုံးသားများအား အိုနာစာရံပုံငွေ ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များကို ရိုက်ကူးရာ၌ လက်နှိပ်စက် မဒေစီကလေးက အဆိုပါ အိုနာစာရံပုံငွေမှ (အို) ကို လုံးကြီးတင်မပါဘဲ အုနာစာရံပုံငွေ ဟူ၍ ဆော်ပလော်တီးထားလေရာ၊ ကျွန်တော်တို့တတွေမှာ အဆိုပါ အုနာစာ စာလုံးပေါင်း ရိုက်သူ မဒေစီကလေးအား မကြည့်ဝံ့သည်အထိ ဒုက္ခတွေ့ခဲ့ရပါ၏။ ဩော်... ကြက်ခြေနီက မဒေစီ...။


တခါကလည်း ကုမ္ပဏီတခုတွင် ထား ဆိုသော လက်နှိပ်စက်ဝိဇ္ဇာမကလေးတဦးကို ထူးခြားစွာ တွေ့ရပါ၏။ ထူးခြားသမှ ယနေ့ထက်တိုင် မမေ့နိုင်တော့ပါ။ သူကလေး၏ အမှားကား မျက်လုံးပြုး၊ မျက်ဆံပြုးလောက်ပါပေ၏။ အကြောင်းကား— ဝင်ကုန် ထွက်ကုန် အကောက်တော်ဌာန ဟူသော စာပိုဒ်ကို ဘယ်လိုက ဘယ်လို စိတ်ကူးနှင့် ထူးခြားစွာ ရိုက်လိုက်သည်မသိ၊ စာအဖြစ် ထွက်လာသောအခါ ဝင်ကုန်း-ထွက်ကုန်း အကောက်ဆော်ဌာန ဟူ၍ တီးထည့်ထားပေ၏။ ဩော်... ထားထား ဘယ်လိုလုပ်ပြီး မေ့နိုင်ပါအံ့နည်း။


အနှီသို့လျှင်... ဤသို့လျှင် လက်နှိပ်စက်ရိုက်ရာ၌ စာလုံးပေါင်းအမှားများဖြင့် ဒုက္ခပေးတတ်သော မရွှေချောတို့၏ လက်ချက်များကား စာပိုဒ်အစ၌ စကားချီးအဖြစ် ဖြီးထားသော စာစုအတိုင်း သက္ကရာဇ် အချိန် ပြက္ခဒိန်တွေ အသစ်လဲကာ ဖားပေါင်းစင်းပုံတွေ တထပ်ကြီး ပေါ်ပေါ်လာတတ်သော နယူးယီးယား နယားဝါးလား နှစ်သစ်အခါများတွင် မကြာခဏ ဒုက္ခတွေ့ရတတ်၏။


အကြောင်းကား ဤသို့တည်း။ ရှေးသရောအခါ ရွှေဗရာမာပြည်၌ တခုတည်းသော ရုံးကြီးတရုံးတွင် တဦးသော အရာရှိကြီးအား တနေရာသော ရာထူးကို ၁၅-၁-၆၂ နေ့မှစ၍ အလုပ်ခန့်အပ်လိုက်၏။ သို့တစေ စောစောက အစပျိုး နိဒါန်းသွယ်လာသော ကြက်ခြေနီက ဒေစီတို့ကဲ့သို့လည်းကောင်း၊ ထားကဲ့သို့လည်းကောင်း လေဖောင်းဖောင်းနှင့် မချောတို့အား အထက်ပါ ရာထူးခန့်ထားရေး အမိန့်စာကို ရိုက်ခိုင်းရန် စီစဉ်ခဲ့ပေ၏။


ယင်းသို့ ရိုက်ရာ၌ မရွှေဒေစီတို့၊ မရွှေထားတို့က ဂျော်ဂျက်ဝါဝါနှင့် ပါတိတ်ဝါဝါ တွဲဝတ်ရန်လည်းကောင်း၊ နက်ဆယ်ချောကလက်တို့၊ အော်ဒီကလုန်းတို့ စသော အစားဘက်သို့လည်းကောင်း လေဖောင်းရင်းက ရိုက်လိုက်ရာ— ရာထူးခန့်သောရက်မှာ ၁၅-၁-၆၂ အစား ၁၅-၁-၆၁ ဟူ၍ မိန်းမတို့ဓမ္မတာအတိုင်း တနှစ် မကူးချင်၍လော မသိ၊ နှစ်ဟောင်းနှင့်သာ တီးထည့်လိုက်ပေတော့၏။


ပြန်တမ်းပိုင်ရှင် မိကျောင်းသား ငနဲချောကလည်း မိကျောင်းသားပီပီ ရှာရှည်လျက် ၎င်းအား ၁၅-၁-၆၁ နေ့မှစ၍ ပူးတွဲပါ ပြန်တမ်းအမိန့်စာအရ ရာထူးတိုးတက် ခန့်ထားပြီးဖြစ်၍ ၁၅-၁-၆၁ နေ့မှစ၍ လစာများ ပြန်ထုတ်ပေးရန် စာတတန် ပေတတန်ဖြင့် အရေးဆိုပေတော့၏။


အစိုးရ၏ ပြန်တမ်းများအားလုံးတွင် ၎င်းအား ရာထူးခန့်ထားသောရက်မှာ ၎င်းပြောသကဲ့သို့ ၁၅-၁-၆၁ နေ့ကစ၍ ဖော်ပြထားပေရာ၊ အနှီရုံးကြီးမှ ကြီးကြီးမာစတာတစုမှာ ခေါင်းရှုပ်စေတော့၏။ အဖြေရှင်းရ ခက်တော့၏။ "ရက်စွဲမှားလို့ပါ" ဟု ဘွာခတ်ရန်မှာလည်း ရှက်ဖွယ်လိလိ ဖြစ်ချေတော့၏။ မည်သို့ကြံကြမည်နည်း။ "ရက်စွဲမှားလို့ပါ" ဟု ဆိုရန်မှာလည်း နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ခန့်ထားခြင်းဖြစ်၍ ဆိုရမှာ ဝန်လေးနေတော့၏။


သို့တစေလည်း ပညာရှင် ကြီးကြီးမာစတာကြီးများအဖို့ ဒေစီတို့၏ အမှားအတွက် ခေါင်းရှုပ်မခံ၊ အောက်ပါ ပြန်စာတိုကလေးကိုသာ ကိုရွှေအရာရှိသစ်အား ပြန်ပေးလိုက်ပေတော့၏။


"လူကြီးမင်း၏စာအရ လူကြီးမင်းသည် ၁၅-၁-၆၁ နေ့မှစ၍ တာဝန်ထမ်းဆောင်ကြောင်း သိရပါသည်။ သို့ဖြစ်လေရာ— ၁၀-၅-၆၁ မှ ၃၁-၅-၆၁ နေ့အတွင်း လူကြီးမင်း၏ ဌာနတွင် ဖြစ်ပွားခဲ့သော စာရင်းများမှားယွင်းမှုနှင့် ပစ္စည်းများပျောက်ဆုံးမှုအတွက် တာဝန်မရှိ ဟုဆို၍ အရေးမယူခဲ့ရသော အမှုကို ယခုပြန်ဖွင့်၍ စစ်ဆေးရာ ထိုကာလအတွင်းတွင် တာဝန်ထမ်းဆောင်သည်ဆိုသော လူကြီးမင်း၏ တာဝန်သာဖြစ်ကြောင်း လူကြီးမင်း၏ စာအရ ခိုင်လုံစွာ သိရပါသည်။


သို့ပါ၍ လူကြီးမင်းအား အောက်ပါအတိုင်း ဆုံးဖြတ်ပါသည်။

( က ) ၁၅-၁-၆၁ မှ ယခုထိ လစာများကို ထုတ်ပေးရန်။

( ခ ) ၁၀-၅-၆၁ မှ ၃၁-၅-၆၁ နေ့အတွင်း ဖြစ်ပွားသော အမှုအတွက် လုံးဝ တာဝန်ရှိသူ လူကြီးမင်းထံမှ လျှော်ကြေးငွေ ကျပ် ငါးသောင်းတိတိ တောင်းဆိုရန် (မရပါက တရားစွဲဆိုရန်) ဟူ၏တည်း။"


( ဖြောင့်ချက်။ ။ အမေရိကန် ဟာသ မဂ္ဂဇင်းတပုဒ်မှ စာတခုကို ခိုးချကာ ထောပတ်၊ ဒိန်ခဲ၊ ဂါဝန်မှ ငါးပိ၊ ငါးပြာရည်၊ ဂျော်ဂျက်ဝါဝါတို့သို့ ဆီလျော်စွာ ကလောင်ငေါ့ထားခြင်းမျှသာ ဖြစ်ပါသည်ခင်ဗျား...။ )


ရေကျော်မောင်မောင်

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်