ပြစ်မှုချင်းတော့ မထူးပါ စည်းစိမ်ရှင် ရေးသည် သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
ပြစ်မှုချင်းတော့ မထူးပါ
စည်းစိမ်ရှင် ရေးသည်
သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
ပွေလီနှင့် သွေဖီ....။
သူတို့နှစ်ဦးသည် တဦးနှင့် တဦး 'မတဲ့အတူနေ' ဆိုသကဲ့သို့ အိမ်နားနီးချင်းများ ဖြစ်ကြသည်။ တဦးနှင့် တဦး.... အသာလိုချင်ကြသည်။ တဦးအပေါ်တဦးက နည်းနည်းကလေးမှ အနာမခံကြ။ သို့သော် - အတတ်နိုင်ဆုံး တဦးနှင့် တဦး သင့်တင့်အောင်တော့ ကြိုးစားကြသည်။ 'အပေါ်ရံရွှေမှုန်ကြဲပြီး အထဲကနွားချေးခံ' ဆိုသကဲ့သို့ အပြင်ဘန်းအားဖြင့် ပြုံးပြုံးရယ်ရယ်ဖြင့် ဆက်ဆံနေကြသော်လည်း အတွင်း စိတ်များကတော့ အံကြိတ်ကာ အကွက်ကောင်းကို ခြောင်းမြောင်း နေကြသည်။ ရှေးအခါက
'ငညိုနှင့် ငလက်တို' တို့ ကဲ့သို့ပင် ဖြစ်၏။
တနေ့သော်.... ပွေလီသည် အိမ်ဖြူတင်းပေါက်ဖွင့်လိုက်သည်နှင့်တပြိုင်နက်တဖက်အိမ်မှ
သွေဖီနှင့် မျက်နှာချင်း ဆိုင်လိုက်မိသဖြင့် တခုခုကိုသတိရလိုက်မိကာ-
“အော်....ကိုသွေဖီ ကို ကျွန်တော်တခု တောင်းပန်စရာ ရှိနေတယ်....”
“အမလေး.... ကိုပွေလီနရယ် အိမ်နားနီးချင်းဘဲ ဘယ်လောက်ကြီးကျယ်တဲ့ ကိစ္စကြီးများ ရှိနေလို့ တောင်းပန်ရမှာလဲ....”
“ဪ....ကိစ္စကတော့ တခြားမဟုတ်ပါဘူး.... မနက်တုန်းက ကျုပ်ကမီးဖိုပြ တင်းပေါက်ကနေ ရေပက်သန်လိုက်တာ- ကိုသွေဖီတို့ အိမ်ဝင်းထဲကို ရေတွေစိုကုန်....”
ပွေလီကပြောလို့မှ မဆုံးသေးမှီ- သွေဖီက စကားဖြတ်ကာ....
“ဒါကလေးလောက်နဲ့ များဗျာ ရေးကြီးခွင်ကျယ်လုပ်ပြီး တောင်းပန်နေစရာမလိုပါဘူး၊ အိမ်နားချင်းတွေဘဲဟာ....”
“ဒီလိုလေဗျာ.... ဒီကိစ္စကို သေသေချာချာ စဉ်းစား ကြည့်လိုက်ရင် ကျွန်တော်ရဲ့ရေဟာ- ခင်ဗျားရဲ့ ပိုင်နက် ကျူးကျော်မိဒါပဲပေါ့....”
“ဖြစ်ရလေ ကိုပွေလီရယ်.... အိမ်နားနီးချင်းတွေ လုပ်နေပြီး ဒီလောက်ကလေးမှ တဦးနဲ့ တဦး အနာမခံရင် ဘယ်ဟုတ်တော့မလဲဗျာ....၊ ကဲ ရေသွန်တယ်ဘဲ ထားပါတော့၊ ခင်ဗျား သွန်လိုက်တဲ့ ရေတွေထဲမှာ ထမင်းလုံးတချို့ ပါလာလို့ အဲဒီထမင်းလုံးတွေကို ကျုပ်ကြက်က ကောက်စားလို့၊ ကျုပ်ကြက်အဘို့ အစာကျွေးသလို တောင် ဖြစ်နေသေး မဟုတ်လား....”
“အဲဒါကို ကျုပ်ပြောမလို့ပေါ့ ကိုသွေဖီရဲ၊ ခင်ဗျားက စကားဖြတ်ဖြတ်ပြီး ပြောသွားလို့ လိုရင်းကိုမရောက်ပဲ ဖြစ်နေတယ်....၊ အဲဒီခင်ဗျားရဲ့ ကြက်ကို ကျုပ်ကြောင်က ခုတ်သတ်လိုက်လို့ သေသွားတယ်ခင်ဗျ”
“တိရိစ္ဆာန် အချင်းချင်း အသိတရားမရှိလို့ဘဲ ကိုပွေလီရယ်.... ကြက်သေသွားလဲ ကြက်သားဟင်း စားရဒါပဲ၊ အဲ ကျွန်တော်ကသာ ကိုပွေလီကို တောင်းပန်ရမှာပါ- ဘာကြောင့်လဲဆိုတော့ ကျုပ်အိမ်ကခွေးက အိမ်ကကြက်ကို ခုတ်သတ်ရပါမလား ဆိုပြီး ခင်ဗျားရဲ့ကြောင်ကို ကိုက်သတ်ပစ်လိုက်လို့ ခင်ဗျ”
“ကဲ- တိရိစ္ဆာန် အချင်းချင်းကတော့ အသိတရားကင်းမဲ့လို့ ခိုက်ပွားကြတယ် ဆိုဒါတော့ ထားပါတော့ ကိုသွေဖီရယ်....၊ ကျွန်တော်အခု တောင်းပန် ချင်ဒါကတော့ ကျွန်တော့်သားက သူ့ကြောင်ကို ကိုက်သတ်ရပါမလားဆိုပြီး ခင်ဗျားရဲ့ခွေးကို လက်ရိုက်တုတ်နဲ့ ပစ်လိုက်တာ ခေါင်းတည့်တည့် မှန်သွားလို့ ခင်ဗျား ခွေးသေသွားတယ် ကိုသွေဖီရဲ့၊ အဲဒါကို ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ....”
“ဒီဟာတွေကို တောင်းပန်ဖို့ မလိုပါဘူး ကိုပွေလီရယ်.... တခြားလူတွေမှ မဟုတ်ဘဲ အိမ်နီးချင်းတွေဘဲဟာ၊ ခင်ဗျားသားက ငယ်ရွယ်သူဆိုတော့စိတ်လိုက် မာန်ပါ ဖြစ်မိဒါပေါ့၊ ဒီအတွက်တော့ ကျွန်တော် ဘယ်လိုမှ မအောက်မေ့ ပါ ဘူး....၊ ကျွန်တော်ကသာ တောင်းပန်ရမှာပါ ကိုပွေလီရယ်....”
“ဘာအတွက်များလဲ ခင်ဗျား--”
“ဒီလိုပါ ကိုပွေလီ.... ကျုပ်မိန်းမက သူ့ခွေးကို ရိုက်သတ်ရပါမလားဆိုပြီး.... ကိုပွေလီရဲ့ သားကို ပါးရိုက်လိုက်တာ.... ခင်ဗျားသား သွားတချောင်း ကျွတ်ထွက်သွားပြီး ပါးတချမ်းရွဲ့ သွားတယ် ခင်ဗျ....၊ အဲဒါကို ကျွန်တော် အထူးတောင်းပန်ပါတယ် ကိုပွေလီရယ်....”
“အော်.... ဒီအတွက်လား ဒီမှာ ကိုသွေဖီ ... ခင်ဗျားမိန်းမက ကျုပ်သားကို ပါးရိုက်တာလောက်ကို ကျုပ်က ဘယ်ဗွေယူလို့ ဖြစ်ပါ့မလဲ ခင်ဗျာ....”
“အင်း.... ကိုပွေလီ တို့များ သဘောထား ပြည့်ဝပါပေပ္ဗျာ၊ အိမ်နီးနားချင်းပီသပါပေတယ်.... သားတယောက်လုံးလုံး သွားကျွတ်ပြီး ပါးရွဲ့သွားအောင် အရိုက်ခံရဒါကိုတောင် ဗွေမယူဘဲ ကျေနပ်ရှာတယ်.... ကျုပ်ခင်ဗျားကိုတော့ အထူး ချီးကျူးပါတယ် ကိုပွေလီ....”
သွေဖီက ပွေလီကို ချီးကျူးလိုက်၏။
“မကျေနပ်လို့ ကော ဖြစ်မလား ကိုသွေဖီရဲ့.... ခင်ဗျား မိန်းမကိုယ်တိုင်က လာပြီးတောင်းပန် သွားပြီဘဲ....”
“အော်— ကျွန်တော့ မိန်းမက ကိုပွေလီကိုလာပြီး တောင်းပန်သွားလို့ ကိုပွေလီကျေနပ်ပြီပေါ့....”
“ကိုသွေဖီရဲ့ မိန်းမက ကျုပ်မိန်းမ မရှိတုံး ကျုပ်ကျေနပ်လောက်အောင် တောင်းပန် သွားတော့လဲ ကျုပ်က ကျေနပ်ရဒါပေါ့ ကိုသွေဖီရဲ့....”
သွေဖီသည် ပွေလီပြောလိုက်သော စကား၏ အဓိပ္ပါယ်ကို နက်နဲစွာ တွေးတောလိုက်မိကာ.... ရုတ်တရက် အလန့်တကြား ဖြစ်သွားမိကာ....။
“ဘာ.... ကျုပ်မိန်းမက ခင်ဗျား မိန်းမ မရှိတုံး ခင်ဗျားကျေနပ်လောက်အောင် တောင်းပန်သွားတယ် ဟုတ်လား.... တောက်၊ ရိုင်းလိုက်လေကွာ.... ဒီမှာကိုပွေလီ-- ခင်ဗျား ကျေနပ်ပေတဲ့ ကျုပ်က မကျေနပ်နိုင်ဘူး-- ကျုပ်ခင်ဗျားကို တရားစွဲရ လိမ့်မယ်”
“နေစမ်းပါအုံး ကိုသွေဖီရဲ့ - ခင်ဗျားက ကျုပ်ကို ဘာမှုနဲ့များ တရားစွဲမှာလဲဗျ....”
ပွေလီက ပိုင်နိုင်လှသော မျက်နှာနှင့် သွေဖီအားမေးလိုက်၏။ သွေဖီသည် မိမိမယားက ပွေလီမယားမရှိခိုက် ပွေလီကျေနပ်လောက်အောင် တောင်းပန်လိုက်သည်ဆိုသဖြင့် ရုတ်တရက် ဒေါသပုန် ထသွားမိကာ....
တရားစွဲမည်ဟု ကြုံးဝါးမိသော်လည်း မည်သည့်သက်သေ အထောက်အထားအရ မည်သည့်အမှုနှင့် တရားစွဲရမည်ကို စဉ်းစားမရ ဖြစ်နေမိသည်။ နောက်မှအမှုကို လိုသလိုဆွဲယူမည် ဟူသောအကြံဖြင့်....
“ကျုပ်.... ကျုပ်တရားစွဲမဲ့ အမှုက၊ ကျုပ်ပိုင်နက်ထဲကို ခင်ဗျားရဲ့ရေသွန်မှုဘဲဗျ၊.... ကျုပ်ပိုင်နက်ထဲ ခင်ဗျားရဲ့ ရေသွန်မှု....”
သွေဖီသည် တုန်ရီသောအသံဖြင့် ပွေလီအား အော်ပြလိုက်၏။
သွေဖီ၏ကျုံးဝါးချက်ကို ကြားလိုက်ရသောအခါ ပွေလီသည် နက်နဲစွာ တွေးတောလိုက်ကာ တကိုယ်တည်း တိုးတိုးကလေး ရေရွတ်လျက် နှောင်တ တရားဖြင့် ပြုံးပြုံးလိုက်ရှာသည်။
“အင်း.... ‘ရာဇဝတ်ဘေး ပြေးလို့မလွတ်’ ဆိုဒါ တယ်မှန်ပါကလား၊ ငါ့ပြစ်မှုကြီးနဲ့ သူ့စွဲချက်ကဖြင့် သဘောတရားချင်း တူမှတူတတ်ပလေတယ်” ဟူသတည်း။
စည်းစိမ်ရှင်
Comments
Post a Comment