ဘဝရောင်ပြန် ဘဝကောက်နုတ်ချက်
ဘဝရောင်ပြန်
တချိန်တည်းမဟုတ်ဘဲ မတူညီတဲ့အချိန်တွေမှာ အခန်းတခန်းတည်းဆီကို ဝင်သွားခဲ့ကြတဲ့ ခွေးနှစ်ကောင်အကြောင်း ပုံပြင်လေးတပုဒ် ရှိပါတယ်။ ပထမတကောင်က အခန်းထဲကနေ အမြီးတနှံ့နှံ့နဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်ထွက်လာပေမဲ့ နောက်တကောင်ကတော့ မာန်ဖီရင်း ဒေါသတကြီး ပြန်ထွက်လာခဲ့ပါတယ်။
ဒါကို စောင့်ကြည့်နေတဲ့ အမျိုးသမီးတယောက်က ခွေးတကောင်ကို ဒီလောက်တောင် ပျော်ရွှင်စေပြီး နောက်တကောင်ကိုကျတော့ ဘာလို့ ဒီလောက်ဒေါသထွက်သွားစေသလဲဆိုတာ သိချင်တာနဲ့ အခန်းထဲကို ဝင်ကြည့်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက အဲဒီအခန်းထဲမှာ မှန်တွေ အပြည့်တပ်ဆင်ထားတာကို သူမ တွေ့လိုက်ရတာပါပဲ။
စိတ်ချမ်းသာနေတဲ့ ခွေးလေးဟာ သူ့ကို ဝမ်းသာအားရ ပြန်ကြည့်နေတဲ့ ပျော်ရွှင်စရာ ခွေးပေါင်းတထောင်ကို တွေ့ခဲ့ရပြီး၊ ဒေါသထွက်နေတဲ့ ခွေးကတော့ သူ့ကို ပြန်ပြီး ရန်မူမာန်ဖီနေကြတဲ့ ဒေါသကြီးတဲ့ ခွေးတွေကိုပဲ မြင်ခဲ့ရတာပါ။ သင့်ပတ်ဝန်းကျင်က ကမ္ဘာလောကကြီးထဲမှာ သင်မြင်တွေ့နေရတဲ့အရာတွေဟာ တကယ်တော့ သင့်ရဲ့ စိတ်နေစိတ်ထားနဲ့ သင့်ကိုယ်ပိုင်ဖြစ်တည်မှုရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
Comments
Post a Comment