သူ့စကား ကိုယ့်စကား ကုက္ကိုင်း-ကျီးကန်း ရေးသည် သောကြာ စာစောင် (၁၉၆၂ ခုနှစ်၊ ဇွန်လ)


 

သူ့စကား ကိုယ့်စကား

ကုက္ကိုင်း-ကျီးကန်း ရေးသည်


သောကြာ စာစောင် (၁၉၆၂ ခုနှစ်၊ ဇွန်လ)


“လူတဦးအဘို့တွင် ဆေးဘက်ဝင်၍၊ အခြားလူတဦးအဘို့တွင် အဆိပ်ဖြစ်စေတတ်သည်” ဆိုသော သိုးဆောင်းစကားပုံအရ လူတမျိုး၏ ဘာသာစကားသည် အခြားလူမျိုးတမျိုး၊ ဝါ-ဘာသာကွဲသူတဦး၏နားတွင် ရင့်သီးသယောင်ယောင် သို့မဟုတ် ညစ်ညမ်းသယောင်ယောင် ဖြစ်စေတတ်၏။


အချိန်အခါက သိပ်မဝေးသေးပါ။ လွန်ခဲ့သော လ္ဆန်းရက် တနေ့သော ညနေတွင် ကျွန်တော်သည် လေဟာပြင်ဈေးသို့ ရောက်ခဲ့စဉ်က တိုက်ဆိုင်မှုနှင့် ဖြစ်ရပ်ကလေးတကွက်ကို စာရှုသူများအဘို့ ဟာသဇာတ်လမ်းအဖြစ် တင်ဆက်ရပေသည်။


လေဟာပြင်ဈေး ဆိုသည်နှင့်အညီ ရန်ကုန်မြို့တွင်းရှိ အနှံ့အပြား စည်းမဲ့ကမ်းမဲ့ ရောင်းချလျက်ရှိသော ဈေးသည်များကို စနစ်တကျနှင့် အသပ်ရပ်ဆုံး အသန့်ရှင်းဆုံး စားသောက်ဆိုင်၊ အထည်အလိပ်နှင့် အလှကုန်တို့ကို အကန့်လိုက် ရောင်းချစေသော ကွက်လပ်ပြင်ကျယ် လေဟာပြင်၌ ကျယ်ပြန့်စွာ တည်ရှိလျက်ရှိ၏။ 

လဆန်းရက်များတွင် လေဟာပြင်၌ လူစည်ကားဆုံးနေ့များ ဖြစ်သဖြင့် သူ့ထက်ငါဦး တိုးဝှေ့သွားလာလျက်ရှိသည်မှာ အချို့တောရွာကလေးတခုတွင် ဘုရားပွဲတော်တခုမျှ လူထု များပြားလျက် ရှိချေသည်။


ကျွန်တော်သည် ပူအိုက်သော ရာသီဥတုကြောင့်၊ အအေးစာ စားသောက်ရန်အတွက် ရောက်ရှိခဲ့သဖြင့်၊ အများနည်းတူ လူအုပ်အတွင်း တိုးဝှေ့လျက်ရှိစဉ်၊ လောပိတဓာတ်အားပေးစက်ရုံ လက်ထောက်အင်ဂျင်နီယာ၊ သူငယ်ချင်း ကိုစောအောင်နှင့် ဇနီး မရီလှိုင်တို့ကို မမြော်လင့်ဘဲ တွေ့ဆုံမိလိုက်သည်။ 

တဦးနှင့်တဦး ကွဲကွာနေကြရသော ကာလအပိုင်းအခြားအတွင်း မည်ကဲ့သို့ နေထိုင်ကြရကြောင်း၊ သားရေးသမီးရေးမှအစ၊ ဆွေမျိုး ဉာတိအရေး၊ ထွေရာလေးပါးအစုံကို တဦးကတဦးကို မေးမြန်းဖြေကြား ပြောဆိုကြသည်မှာ ပတ်ဝန်းကျင်သို့ ခေတ္တမျှ မေ့လျော့ထားမိကြသည်။


သူငယ်ချင်း ကိုစောအောင်သည် ကျောင်းနေစဉ်ကပင် စကားပြောရာတွင် အင်္ဂလိပ်စကားလုံးများကို ကြားညှပ်ပြောဆိုတတ်သည်မှာ သူ၏ဥာဉ်တခုဖြစ်သည်။ ယခုလည်း လေဟာပြင်ဈေးအတွင်း သူနှင့်ဇနီး၊ သူငယ်ချင်း ကိုသိန်းဟံ အပါအဝင် ကျွန်တော်ပါ လေးယောက်သား ရွှတ်ရှက်ဒွတ်ဒက်နှင့် မှုတ်နေကြသည်မှာ ဘိလပ်သင်္ဘော ဆိုက်လျက်ရှိချေ၏သို့ ဖြစ်သည်။


သို့ကျွန်တော်များ အင်္ဂလိပ်စကားလုံးများကို၊ မြန်မာစကားလုံးများတွင် ကြားညှပ်၍ ပြောဆိုနေကြစဉ်၊ ရှေ့တူရှုမှ ဘိနပ်ရောင်းသော အသက်အားဖြင့် (၄၀) ကျော်ခန့် အသားမဲမဲဝဝ အဒေါ်ကြီးတယောက်သည် မည်သို့မည်ပုံ သဘောပေါက်နားလည်၊ သို့မဟုတ် နားကြားလွဲသည်ဟု တတ်အပ်မသိ။ ကျွန်တော်တို့သုံးယောက်အား မျက်စောင်းကြီးခဲကာ သူ့ဘေးရှိ အဖော်ဖြစ်သူ မိန်းမတယောက်အား စူးကျယ်ကျယ်အသံဖြင့် ပြောလိုက်သည်မှာ . . .


“ထွီ . . . လူကလေးတွေကိုက သနားကမားနဲ့၊ စပ်စပ်စုစုတော်၊ သူတို့မို့ အတင်းအဖျင်းတွေ ပြောတတ်ကြပါပေရဲ့။ ဟင်း. . . . ဟင်း၊ ကျုပ်မှာ ဝကလဲဝပြီး၊ အိုက်လွန်းလို့၊ မနေတတ်မထိုင်တတ်ရတဲ့အထဲ။ ပြီးတော့ ရှာရှာပေါက်ပေါက် ကျုပ်ခန္ဓာကိုယ်ကို ကြည့်ပြီး၊ ဒါကြီးဟာ ဆင်မက်လောက်သတဲ့ တော်ရေ့. . . .” ဟု အော်ပြောလိုက်သည်။


ရော. . . . ခက်ချေပြီ။ ကျွန်တော်တို့လေးယောက်မှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး ထိုအဒေါ်ကြီးအား မည်သို့မျှ ချေပပြောဆိုနိုင်ခြင်းမရှိဘဲ၊ ဘုမသိ-ဘမသိ ကြောင်အန်းအန်းနှင့် ရှိသည်။ နောက်ဆုံး ထိုနေရာမှ အမြန်ဆုံး ထွက်ခွာသွားခြင်းသည် အကောင်းဆုံးဟု ယူဆကာ၊ ခြေလှမ်းကျဲဖြင့် နို့အေးဆိုင်ရှိရာသို့ ရောက်သွားကြသည်။


ထိုအဒေါ်ကြီးအား ရီသဲ့သဲ့ပြောကြရအောင်မှာ ကျွန်တော်တို့လေးယောက်မှာ အိမ်ထောင်ရှင်များ ဖြစ်ကြပြီး၊ ကိုယ့်ရာထူးအဆင့်အတန်းနှင့်ကိုယ် ထိန်းသိမ်းကြရပြီး၊ တဘက်ရှိ အဒေါ်ကြီးမှာ ကိုယ့်အဒေါ်အရင်းထက်ပင် အသက်အား၊ လူခန္ဓာကိုယ်အားဖြင့် ကြီးမားနေသဖြင့် ယောင်လို့ပင် စိတ်မကူးမိကြရိုး အမှန်ဖြစ်ခဲ့ကြသည်။ သူမအား ဂရုတစိုက် ကြည့်ပြီး ပြောဆိုကြရန်ကိုမဆိုထားဘိ၊ ကျွန်တော်တို့လေးယောက်မှာ မိမိတို့၏ ဖြစ်ရပ်အကြောင်းများကို ပြောမကုန်နိုင်အောင် ဖြစ်ခဲ့သည်။


သို့ကြောင့် အတန်ကြာသည်အထိ အဘယ်အကြောင်းကို ရည်ရွယ်ကာ၊ အဆိုပါ အဒေါ်ကြီးသည် ကျွန်တော်တို့အား စိတ်ဆိုးရသည်ကို အပြန်ပြန်အလှန်လှန် စဉ်းစားကြသည်။ ဖါလူဒါတခွက်စီသည်သာ ကုန်ကြသည်၊ ရုတ်တရက် အဖြေပေါ်မလာခဲ့။ ပြီးနောက် စီးကရက်တလိပ်စီထုတ်၍ မီးညှိဖွာကာ၊ စုံထောက်ကြီး ဦးစံရှားဂိုဏ်းမျိုးများဖြင့် စဉ်းစားခန်းဝင်ကြသည်။


စီးကရက်ကို တဝက်ခန့်အရောက်တွင်၊ သူငယ်ချင်း ကိုစောအောင်သည် အဖြေရှာထွက်လာသဖြင့် ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်ပုံမှာ . . .


“ဟား . . . ဟား . . . ဟား၊ ဟီး - ဟီး . . . ဟီး . . . ၊ ကျွန်တော် သဘောပေါက်ပြီဗျို့၊ ကိုမြမောင်ရေ . . . ၊ ကျွန်တော်က ခင်ဗျားမေးလိုက်လို့ ဖြေလိုက်တဲ့ စကားလုံးတွေထဲမှာ ‘ဒိန်ချဉ်သောက်ရင် ဝမ်းသွားနေမှာလား’ ဆိုတော့ ကျွန်တော်က ပြန်ဖြေတဲ့ အင်္ဂလိပ်စကားလုံး (Doesn't matter) ကို၊ ‘ဒါဆင်မက်တာ’ လို့၊ ဆင်တိရစ္ဆာန်အကောင်က မက်မောရတဲ့ သဘောပေါက်ပြီး စိတ်ဆိုးဟန်တူလေရဲ့။ ပြီးတော့ ကျွန်တော်နဲ့ ခင်ဗျားတွေ့တွေ့ခြင်း ခင်ဗျားရန်ကုန်မှာ ဘယ်လောက်ကြာကြာနေမှာလဲ ဆိုတာ (How long) ‘ဟောင်းလောင်း’ ကို၊ သူ့ရဲ့ အောက်စလွတ်တဲ့အကြောင်း ပြောသယောင်ယောင် ထင်သွားတယ်ဗျို့။” ဟု ကိုစောအောင်က အဓိပ္ပါယ်ဖေါ်လိုက်ပါလေသတည်း။


ကုက္ကိုင်း-ကျီးကန်း

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်