ကျုံးဘေးက ချစ်ဇာတ်လမ်း အောင်စည် (အညာမြေ) သောကြာစာစောင် (၁၉၆၂ ဖေဖေါ်ဝါရီလ)
ကျုံးဘေးက ချစ်ဇာတ်လမ်း
အောင်စည် (အညာမြေ)
သောကြာစာစောင် (၁၉၆၂ ဖေဖေါ်ဝါရီလ)
ညဉ့်အတော်နက်ပြီဖြစ်၏။ ရွှေမန်းမြို့တော်၏ အေးရိပ်မွန် ကျုံးဒေါင့်သို့ လေညှင်းခံလာကြသူများလည်း အတော်အတန်ရှင်းသွားလေပြီ။ နောက်ဆုံး မောင်နှင့် မေ နှစ်ဦးသာ ကျန်ရစ်တော့သည်။
မောင်သည် မေ့အား ဖက်ထား၏။ မေကလည်း မောင့်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြန်သည်။ မေ့ပါးပြင်ပေါ်ဝယ် မောင်က သူ့နှာခေါင်း ကျည်းပွေ့ဖြင့် ထပ်တလဲလဲ လှိမ့်နေသည်။
“သိပ်ကဲတာပဲကွယ်လေ့....”
မေကဆိုသည်။ မောင်က ပို၍ ပို၍ ကဲလာချေပြီ။ မေ့နှုတ်ခမ်းနီနီရဲရဲကလေးကို အနောက်တိုင်းဆန်ဆန် အငှမ်းမရ စုတ်လိုက်ပြန်သည်။
“အို... ကြည့်စမ်းပါလား၊ အသက်ရှူကျပ်လှချည်းရဲ့ကွယ်-- လေ့-”
မောင်သည် မေ့အား ချစ်မဝ၊ မေကလည်း မောင်ချစ်သည်ကို အားမရရှာ....
“မောင်” ဆိုသူမှာ မနေ့ကမှ မန္တလေး (အညာ) သို့ အလည်ရောက်လာသော ရန်ကုန်သား ကိုလူလယ်ကြီးတည်း။ ညနေကပင် ကျုံးဒေါင့်သို့ လမ်းလျှောက်လာရင်း မေ့ကို စတင်တွေ့လိုက်သည်။ ရှေးရေစက်ကြောင့်လား မပြောတတ်၊ မြင်မြင်ခြင်း မေ့အား မောင် တော်တော်လေး စွဲလန်းသွားသည်။ ချစ်လည်း ချစ်မိသည်။ လူရှင်းသည့်အခိုက် အရဲစွန့်၍ မေ့အား ချစ်ရေးဆိုလိုက်သည်။ မဆွတ်ခင်က ညွတ်ချင်ရှာသော မေကလည်း မောင့်ကို ချစ်ပါသည်ဟု မျက်စပစ်၍ ပြန်ကြား၏။ လူစဲသောအခါ နှစ်ကိုယ်တွေ့သည်အထိ။
မောင်က တဆင့် တက်ပြန်သည်။ ညဉ့်နက်ပြီဖြစ်၍ ကျုံးဘေးတလျှောက် လူလည်း အတော်ပြတ်နေသည်။ လကလေးစောင်းစောင်း၊ ညအရေးကောင်းကောင်းအချိန်ဝယ် မောင်ရန်ကုန်နှင့် ခင်ရွှေမန်းတို့ ခကွေးကြောင်း သင်တန်းပေးနေကြ၏။ ကျုံးတွင်းမှ လေညှင်းသည် တသင်းသင်း သုတ်ဖြူးလာသည်။ မေ့ကို မောင်က သိမ်းကြုံးပွေ့ဖက်ထားလိုက်၏။ နောက်.... နောက်တော့ မောင် ဘာကိုစမ်းမိလိုက်သည်မသိ။ “ဟင်” ကနဲ မောင်ပါးစပ်က ထွက်သွား၏။ ကြက်သီးမွေးညှင်းများ ရှန်းကနဲ ထလာသည်။
“ဒါက ဘာကြီးလဲ မေ....”
မောင်အမေးကြောင့် မေ့ရင်ဝယ် ဒိန်းဒလိန်းနတ် ဖမ်းစားခြင်းခံရသလို ဖြစ်သွားသည်။
“အို.... ပြောရမှာ ရှက်စရာကြီးကွယ်လေ့” မေက အိန္ဒြေမပျက် ဖြေလိုက်၏။
“ဟဲ့.... ဟဲ့.... ပြောစမ်း၊ ဘာကြီးလဲ မေ့ဥစ္စာ”
“ဟို.... ဟို.... ဟို....”
မေက ထစ်ငေါ့ထစ်ငေါ့နှင့် ဆွံ့အအ ဖြစ်နေပြန်သည်။
“ဘာလဲဟဲ့၊ မှန်မှန်ပြောစမ်း။ ကဲဟာ... မလွှတ်ဘူး”
“အား.... အား.... နာတယ်၊ အဟင့်-ဟင့်... အဲဒါ ဒုတ်-ဒုတ်ကြီးပါဆိုနေမှ-”
“ဟဲ့-နင့်ဒုတ်ကြီးက... နင့်ဒုတ်ကြီးက....”
ပြောပြောဆိုဆို မောင်ဆိုသော ကိုလူလယ်ကြီးကား မေ့အပါးမှ တချိုးထဲ လစ်ပြေးလေသတည်း။
“အဟင်း-- ဒီလူကြီးကလဲ တမျိုးကြီးဘဲ၊ လူကို ဘာများမှတ်နေတယ်မသိပေါင်။ ဒီကဖြင့် သူ့ကို ကိုက်မစားတတ်ဘဲနဲ့” တဲ့ဗျား....
(ကဲ- ရွှေအုံးမောင်ရေ၊ ခင်ဗျားက ဒီအကြောင်း ဘယ်သူ့မှ မပြောပါနဲ့၊ ရှက်လွန်းလို့ပါလို့ အတန်တန်မှာပေမဲ့ မအောင့်နိုင်လွန်းလို့ ဖွင့်ချလိုက်ပြီဗျို့။ စာဖတ်သူဖို့လည်း ရွှေမန်းရောက်ရင် ဒီလို-ဒီလို မှားတာတွေ မငန်းမိကြဖို့ စေတနာကောင်းကောင်းနဲ့ ကြော်ငြာမောင်းခတ်လိုက်ရပါသဗျို့။- ဒူ.... ဟူ.... ဟူ....)
အောင်စည် (အညာမြေ)
Comments
Post a Comment