ရုံးအုပ်ကို ပတ်သူအောင်ပန်ရေးသည် သောကြာစာစောင် (၁၉၆၂ မတ်လ)
ရုံးအုပ်ကို ပတ်သူ
အောင်ပန်ရေးသည်
သောကြာစာစောင် (၁၉၆၂ မတ်လ)
စာရေးပေါက်စ စောဟန်
ရုရှားပြည်သား မေဂျာ ဂါဂါရင်နှင့် မေဂျာ တတော့ တို့သည် ဤကမ္ဘာမြေ၏ အထက်မိုင် တရာကျော်မှ ကမ္ဘာမြေကြီးကို စတင်ပတ်ခဲ့ကြသူများဖြစ်၍ ယနေ့ ကမ္ဘာ့တိုင်းပြည်အသီးသီးဝယ် သူရဲကောင်းများအဖြစ် အင်တိုက်အားတိုက် ချီးကျူးခြင်းခံနေကြရသူများဖြစ်၏။
မေဂျာ ဂါဂါရင်နှင့် မေဂျာ တတော့ တို့သည် ကမ္ဘာကြီးအား ပတ်ခဲ့ကြ၏။ ထို့အတူ စာရေးပေါက်စ စောဟန်သည်လည်း ရုံးအုပ် ဦးခင်မောင်အား အမြဲပတ်ခဲ့လေသည်။
ရုံးအုပ်အား အစဉ်ပတ်နေ (ဝါ) ညာနေခြင်းကြောင့် ရုံးအုပ်၏ မအေ၊ နှမ အစချီကာ ချီးကျူးခြင်းကိုမူ လှိုင်လှိုင်ကြီး ခံနေရသူဖြစ်၏။ သို့သော် စောဟန်ကတော့ အရေထူနေပြီဖြစ်သည့်အတိုင်း အရေးမစိုက်တော့ပေ။
အလုပ်တွေ အဆမတန် အကြွေးတင်နေသော်လည်း သူကား အေးအေးပင်။ အခြားအခြားသော လုပ်ဖော်ကိုင်ဘက်များအား သူအကြောင်းပြသည်မှာလည်း နည်းလမ်းတော့ကျ၏။
သူတို့ရုံးဝယ် စာရေး ငါးယောက်ခန့်ရှိ၍ စာရေးမ နှစ်ဆယ်ခန့်ရှိ၏။
“ခင်ဗျားတို့ စဉ်းစားကြည့်ပါ— ကျုပ်တို့ကိုတော့ အမြဲအပြစ်ရှာနေတယ်။ စာရေးမတွေကျတော့ ဒင်းဘာပြောခဲ့သလဲ၊ အဲဒီမိန်းမတွေဟာ တနေ့တနေ့မှာ ဝတ္ထုဖတ်တယ်၊ ရုပ်ရှင်အကြောင်း ပြောတယ်၊ နှုတ်ခမ်းနီဆိုးတယ်၊ အိမ်သာကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် ဝင်တယ်။ ထို့.... ဒါတွေကျတော့ သူဘာမှ မပြောဘူး”
အခြားသော စာရေးကြီးနှင့် စာရေးပေါက်စများကပါ သူ၏ ပြောဆိုချက်ကို သိသိသာသာ မဟုတ်သည့်တိုင် မသိမသာ ထောက်ခံကြသည်။ ထို့ကြောင့်ပင် စာရေးပေါက်စ စောဟန်သည် ရုံးအုပ် ဦးခင်မောင်အား အမြဲပတ်ခဲ့၏။
“ဆရာ— ကျွန်တော့်အမေ မမာလို့ ခွင့်သုံးရက်လောက်”
“ဆရာ— တောက ဧည့်သည်တွေ ရောက်လာလို့ သူတို့ကို ဘုရားလိုက်ပို့ချင်တယ်၊ အဲဒါ ခွင့်တရက်လောက်”
အစရှိသည့် အကွက်လှည့်မှုများကား စောဟန်အတွက် တခုနှင့်တခု မထပ်အောင် ဝေါဟာရကြွယ်ဝလှသူဖြစ်၏။ ရုံးအုပ်က ပြင်းပြင်းထန်ထန် ငြင်းဆန်သော်လည်း စောဟန်သည် မရအရ တောင်းဆိုတတ်စမြဲဖြစ်၍ ကြာတော့ ဦးခင်မောင်သည် လေကုန်ခံ၍ သိပ်မပြောချင်သည့်အတိုင်း စောဟန်အား မသဒ္ဓါရေစာ ခွင့်များကို ပေးရစမြဲဖြစ်၏။
ယခုတဖန်လည်း စောဟန်တယောက် အကွက်လှည့်ပြန်လေပြီ။
ထိုနေ့ကား ၁၉၆၂-ခု၊ ဇန်နဝါရီလ (၄) ရက်နေ့တည်း။ လွတ်လပ်ရေးပွဲတော်မှာ သဲသဲလှုပ် စည်ကားမည်ဖြစ်ကြောင်း စောဟန် ကြိုတင်တွေးမိသည်။
အများပြည်သူပြည်သား အစွမ်းကုန် ပျော်ရွှင်ကြရမည့်အချိန်ဝယ် စောဟန်အတွက် မဟာစိတ်ညစ်စရာ ကိစ္စတခုသည် ရုတ်တရက် ပေါ်လာရ၏။ ယင်းသည်ကား... လွတ်လပ်ရေးနေ့ကျမှ စောဟန်တို့ရုံးတွင် အလုပ်တခုသည် အရေးတကြီး ပေါ်ပေါက်လာ၏။
လွတ်လပ်ရေးနေ့ မနက် ဆယ်နာရီတိတိတွင် အလုပ်ကို အပြီးအစီး လုပ်ကိုင်ကြရမည်ဖြစ်၍ မနက် ခြောက်နာရီမှစကာ အချိန်ပိုလုပ်ကြရမည်ဖြစ်သည်။ သူတယောက်တည်း မဟုတ်၊ တရုံးလုံးရှိ စာရေးကြီး၊ စာရေးလေးနှင့် စာရေးမများပင် ပါလိုက်သေးသည်။
“သောက်အလုပ်ကလဲ ဒီနေ့မှပဲ ကြံကြံဖန်ဖန် ပေါ်တတ်တယ်ကွာ”
စောဟန်သည် နှုတ်မှပင် ညည်းမိလေသည်။ ဟုတ်ပေသည်၊ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်ဝယ် ချစ်စရာ ကောင်မလေးတယောက်နှင့် တွေ့ဆုံကြရန် ချိန်းထားကြလေသည်။ စောဟန်အတွက် ဤစိတ်ညစ်စရာ သတင်းစကားကို ကြားရချိန်မှာ အတော်ကလေး ကသိကအောက် ဖြစ်သွားမိသည်။
ရုံးအုပ် ဦးခင်မောင်၏ စာပွဲရှေ့သို့ စောဟန်တယောက် ကုပ်ချောင်းချောင်းကလေး ရောက်ရှိလာသည်ကို ဦးခင်မောင်သည် မမြင်ဟန်ပြုကာ စာပွဲပေါ်မှ စာရွက်များကို တောင်ခြစ်မြောက်ခြစ် လုပ်နေလေသည်။
“အဟမ်း....”
စောဟန်က တပင်ပင် ချောင်းတချက် ဟန့်လိုက်သည်။ သို့သော် ဦးခင်မောင်၏ မျက်နှာမှာ မော့မလာဘဲ ရေးလက်စ စာရွက်ပေါ်တွင်သာ ဦးခေါင်းကြီး ငုံ့ထားပါသည်။
“ဒီမယ်— ဆရာ....”
မနေနိုင်သည့်အဆုံးဝယ် ဦးခင်မောင်သည် ယောက္ခမကြီး ထီပေါက်သည့်သတင်းကို ကြားရသော သမက်၏ မျက်နှာမျိုးနှင့် စောဟန်အား ရှုံ့မဲ့ကြီး ကြည့်လိုက်ကာ—
“ဘာလဲ— ကွ” ဟု ဟောက်လိုက်ပါသည်။
“ဒီမှာ စာရောက်လာလို့ပါ”
“စာရောက်ယင် သက်ဆိုင်ရာကို ပေးလိုက်ပေါ့ကွ”
“မဟုတ်ဘူးဆရာ၊ စာက ကျွန်တော့်အတွက် ရောက်လာတဲ့စာပါ၊ ရော့—”
စောဟန်လက်ထဲမှ စာကို ဦးခင်မောင်သည် ဆွဲယူ၍ ဖတ်လိုက်ရာ...
မောင်စောဟန်
မင့်အမေ အသည်းအသန်ဖြစ်နေ၍ အမြန်ပြန်လာပါ။ ဆေးရုံပို့ရပါလိမ့်မယ်။
ဦးထုပ်ဖြိုး
စာကို ဖတ်ပြီးသောအခါ ဦးခင်မောင်သည် စောဟန်အား မသင်္ကာသလို ကြည့်လိုက်၍—
“အဲဒီတော့ ငါက ဘာလုပ်ပေးရမလဲ....”
“ခွင့်နှစ်ရက်လောက် ပေးပါ”
ဦးခင်မောင်မှာ အနည်းငယ် အကြံအိုက်သွားလေသည်။
“ကောင်းပြီလေ— ခွင့်တော့ ပေးလိုက်မယ် ဟုတ်လား.... အမေဆီတော့လည်း ငါမတားပါဘူး၊ ဒါပေမဲ့ ငါကိုယ်တိုင်လည်း လာစုံစမ်းမှာနော်— မင်းညာတဲ့ကိစ္စဆိုယင်တော့ အလုပ်ပြုတ်ပြီသာ မှတ်လိုက်တော့—”
လွတ်လပ်ရေးပွဲကြီးပြီး၍ ရုံးများ ပြန်ဖွင့်သောအခါ စောဟန်သည် စိတ်အေးလက်အေးပင် ရုံးသို့ တက်ခဲ့လေသည်။ ခဏကြာသောအခါ ရုံးအုပ် ဦးခင်မောင်က ခေါ်သောကြောင့် လာခဲ့ရလေသည်။
ဦးခင်မောင်သည် စောဟန်အား ခပ်ပြုံးပြုံးကြည့်ကာ—
“ဘယ်နဲ့ မောင်စောဟန်၊ မင်းအမေ အတော်သက်သာရဲ့လား....”
“အတော် သက်သာသွားပါပြီ ဆရာ.... ဖြစ်စကများဖြင့် ကျွန်တော် အတော်စိုးရိမ်မိတယ်.... ဒီတခါ မရတော့ဘူး အောက်မေ့တာ....”
“အေး— အခုလို ကြားရတာ ငါ အများကြီး ဝမ်းသာပါတယ်ကွာ.... ဪ.... ဒါထက် အခုအပတ်ထဲမှာ မင်းရုပ်ရှင် မကြည့်ဘူးလား....”
“ဟာ.... ဘယ်ကြည့်နိုင်ပါ့မလဲ ဆရာ.... မအေတယောက်လုံး ဒီလောက်ဖြစ်နေတာကို....”
“အေးအေး.... ရုပ်ရှင်လေးဘာလေးလည်း ကြည့်အုံးပေါ့ကွာ.... ရော့ မင်းရုပ်ရှင်ကြည့်ဖို့ ငွေငါးကျပ်နော်၊ ပြီးရင် ဂလုရုံကို သွားကြည့် ဟုတ်လား”
စောဟန်သည် ဦးခင်မောင် ပေးနေသော ငွေငါးကျပ်ကို နားမလည်သလို ကြောင်၍ ကြည့်နေလေသည်။
“ရော့ပါ၊ ဒီငွေကို ယူပြီး ရုပ်ရှင်ကြည့်ပါ၊ နောက်ပြီး မင်းဖို့ ဒီမှာလည်း နာမည်ကောင်းလက်မှတ် တစောင်၊ ဒါကတော့ တခြားမဟုတ်ဘူး အလုပ်ဖြုတ်လိုက်တဲ့ ကိစ္စပဲ....”
စောဟန်သည် ဘာမှ တွေးမနေဘဲ ဦးခင်မောင်ထံမှ အလုပ်ဖြုတ်သည့်စာနှင့် ငွေကိုယူကာ ဂလုရုံသို့ သုတ်ခြေတင်ခဲ့ပြီး ရုပ်ရှင်ဝင်ကြည့်လိုက်သည်။ ထိုအခါမှပင် မိမိဘာကြောင့် အလုပ်ပြုတ်ရသည်ကို သဘောပေါက်တော့သည်။
နိုင်ငံတော် ရုပ်ရှင်မြှင့်တင်ရေး၏ ကျေးဇူးပေတည်း။
လွတ်သဘင်ပွဲတော်ကြီးကို ကျင်းပပြီးသည့်နောက်မှာပင် သတင်းကားများကို ရန်ကုန်မြို့ ရုပ်ရှင်ရုံအနှံ့အပြားဝယ် ပြသခဲ့နိုင်သည်။ ချီးကျူးစရာ ကောင်းလေစွ။ သို့သော် အဆိုပါ လွတ်သဘင် သတင်းကားတွင် ပရိသတ်ဘက်သို့ မကြာခဏ ဓာတ်ပုံရိုက်၍ ပြရာ၊ အဆိုပါ ပရိသတ်အလယ်ဝယ် စောဟန်၏ ပြုံးပြုံး အမူအရာမှာ အထင်းသား ပေါ်လွင်နေသည်ကို ဦးခင်မောင်ကိုယ်တိုင် ဂလုရုံ၌ ရုပ်ရှင်ကြည့်ရင်း တွေ့ခဲ့ရသောကြောင့်တည်း။
ရုံးအုပ် ဦးခင်မောင်အား အမြဲပတ်ခဲ့သော စောဟန်မှာ ဤအချိန်တွင် နိုင်ငံတော် ရုပ်ရှင်မြှင့်တင်ရေး၏ ကြိုးပမ်းချက်ကြောင့် အလုပ်ပြုတ်လေသတည်း။
အောင်ပန်
Comments
Post a Comment