အလ္လာ ဗုဒ္ဓေါ လှကြီးမောင် ဖွင့်ချသည် သောကြာ စာစောင် (၁၉၆၂၊ ဧပြီလ)

 


အလ္လာ ဗုဒ္ဓေါ

လှမောင်ကြီး ဖွင့်ချသည်

သောကြာ စာစောင် (၁၉၆၂၊ ဧပြီလ)

ဥက္ကလာပအနေဖြင့် မြို့ကြီးသား အကယ်၍ မပေါ်ပေါက်ခဲ့ပါလျှင်— "အလ္လာ ဗုဒ္ဓေါ... အလ္လာ ဗုဒ္ဓေါ..." ဟူသော ဒီအရေးအခင်းကို ကျွန်တော် ရေးနိုင်စွမ်း ရှိမည်မဟုတ်ပါချေ။ ယခုသော် ဥက္ကလာပမြို့တော်၏ ကျေးဇူးကြောင့် ဤစာတပုဒ်ကို ကျွန်တော် ရေးထုတ်နိုင်ခြင်း ဖြစ်ပါသည်။

ထိုသည်ကား အခြားမဟုတ်၊ မူဆလင် (ဖခင်) နှင့် မြန်မာ (မိခင်) မှ ပေါက်ဖွားရသည့် (မြန်မာမူဆလင်) အီဘရာဟင် (ကိုထွန်း) နှင့် အမိ နာဘီဘီ အမည်ရှိသည့် မသိန်းလှတို့ အိမ်အပါးဝယ် ကျွန်တော်၏ မြေနေရာ ရထားခြင်းကြောင့်တည်း။

ကိုထွန်းနှင့် မသိန်းလှတွင် ခြောက်နှစ်ရွယ် သားတယောက် ရှိ၏။ တဦးတည်းသော သားတော်မောင်ကြောင့် မကြာခဏ သူတို့ စကားများကြ၏။ စကားများရာမှ ရန်ပွဲ ဖြစ်ပွားတတ်၏။ ရန်ပွဲစသော် ကျွန်တော့အတွက် အလုပ်ရှုပ်လေတော့၏။ မသိန်းလှကို ဆဲရ၏။ အီဘရာဟင်ကို တားရ၏။ အနှီကဲ့သို့သော လူကြီးလူကောင်း အလုပ်ကို မကြာခဏ စေတနာ့ဝန်ထမ်း ကျွန်တော်က ကူညီရမြဲဖြစ်၏။

ယနေ့လည်း ရန်ပွဲအစ စကားများခြင်း ပမာဏကို ပျိုးလျက်ရှိနေ၏။ အချိန်မီ တားဆီးရေးအတွက် ကျွန်တော်ကလည်း ခြေသွက်သွက် သူတို့အိမ်ဘက်သို့ သွားခဲ့၏။

အိမ်ဝသို့ရောက်လျှင် တဦးနှင့်တဦး အားကျမခံ အော်သံ၊ ဆူသံ၊ ပူသံများကို ပြည့်ပြည့်စုံစုံ ကျွန်တော် ကြားလိုက်ရ၏။

“ငါ့သဘောကွ ငါ့သဘော... ငါ့သားကို (စွန္နတ်) လုပ်မယ်” အီဘရာဟင်က ဒေါသတကြီး အော်လိုက်၏။

“အံမယ်... ကျုပ်သားကို သာသနာ့ဘောင် သွတ်သွင်းရမယ်၊ သာမဏေအဖြစ်က ရခဲတယ်...” မသိန်းလှကလည်း အချက်ကျကျ ပြန်၍ နှက်လိုက်၏။

မသိန်းလှ နောက်ပါးမှ သား မောင်ဘသိန်းက မိခင်နှင့် ဖခင်ကြား နားမလည်နိုင်သော မျက်နှာငယ်နှင့် ရှိနေ၏။

“တော်ကြပါတော့ဗျာ၊ လူကြားလို့ မကောင်းပါဘူး” စကားစစ်ပွဲ ရပ်စေရန် အိမ်ပေါ်ရောက်သည်နှင့် ကျွန်တော်က တားလိုက်၏။

“အေးကွယ်၊ ရှက်စရာပေါ့... မင်းဦးလေးက မင်းဘာသာ ကြိုက်ရာကို ကိုးကွယ်ပါဆိုပြီး အခု အဒေါ်က မွေးတဲ့သားကျတော့ သူက အဖေဖြစ်လို့ (စွန္နတ်) လုပ်မယ်လေး ဘာလေးနဲ့ကွဲ့...”

“အေးလေ... ငါ့သား ငါလုပ်တာ ဘာဖြစ်သလဲ...”

“တယ်... ငါပြောလိုက်ရ” မသိန်းလှက အံခဲ၍ မျက်စောင်းထိုးကာ ပြောလိုက်၏။

“ကဲ... ပြီးတာတွေ ပြီးပါစေတော့၊ နှစ်ယောက်စလုံး ကျေနပ်ရအောင် ကျွန်တော်ပြောတာ လက်ခံပြီး လုပ်ကြမလား...”

“ကဲကွာ... ဆိုပါဦး...” အီဘရာဟင်က လိုလားဟန်ဖြင့် ကျွန်တော့ အကြံဉာဏ်ကို တောင်း၏။ မသိန်းလှကလည်း ထို့အတူ နားစွင့်နေ၏။

“ဒီလိုလေဗျာ... နှစ်ယောက်စလုံး ဆိုင်တဲ့သားဆိုတော့ ဦးလေးကလည်း စွန္နတ်လုပ်၊ ဒေါ်ဒေါ်ကလည်း သာမဏေအဖြစ် ရှင်ပြုပေါ့၊ ဒီတော့ ဘာမှ မကျေနပ်စရာ မရှိဘူးမဟုတ်လား...”

“အဲဒါ ကောင်းတယ်” အီဘရာဟင်က ကျွန်တော်ပေးသည့် နည်းကို ပြုံးပြုံးကြီး ထောက်ခံချက်ပေး၏။

“ဒေါ်ဒေါ်ကလည်း ကြိုက်ပါတယ်၊ ဒါဖြင့် ဒေါ်ဒေါ်က ဆယ်လလွယ် ဆယ်လမွေးရတဲ့ မိခင်မို့ သာမဏေအဖြစ် အရင်သွတ်သွင်းမည် မဟုတ်လား”

“ဟေး... ဟေး... ငါက (စွန္နတ်) အရင်လုပ်မယ်”

“အိုး... ကျုပ်က အရင်လုပ်ထိုက်တာ...”

“မဟုတ်ဘူး၊ ငါက အရင်လုပ်သင့်တာ...”

“ဘာ... တော်က အရင်လုပ်မယ် ဟုတ်လား... ဝေးသေးတယ်၊ ဝေးသေးတယ်...”

သူတို့နှစ်ဦးမှာ အေးမလိုလိုနှင့် သူအရင် ငါအရင် အငြင်းပွားကာ ပြန်လည်ဆူပူကြပြန်၏။

“ဒီမယ်... ဒီမယ်၊ ဒီလိုငြင်းနေကြရင်တော့ ဆုံးမှာမဟုတ်ဘူး၊ ဒီတော့ ဒီလိုလုပ်ကြပါ” ကျွန်တော်က သူတို့နှစ်ဦးကြားမှ ဖြတ်၍ ပြောလိုက်၏။

“ဘာမှ မလုပ်နိုင်ဘူးဟေ့... ငါကအဖေ၊ ငါအရင်လုပ်မယ်”

“ကျုပ်ကအမေ၊ ကျုပ်အရင်လုပ်မယ်...”

“ငါအဖေ... ငါအရင်”

“ကျုပ်အမေ... ကျုပ်အရင်”

ဆူပူမှု အေးစေရန် ကျွန်တော် ဖန်တီးလိုက်ပါမှ ပို၍ ဆူပူလာသည့်အတွက် ကျွန်တော်က ဆက်လက် ထိန်းနိုင်စွမ်း မရှိတော့ဘဲ ကြားနေရေးဝါဒကို လက်ကိုင်ထားကာ လက်ပိုက်ကြည့်နေရတော့၏။

“ကဲဟာ... အရင်လုပ်ချင်ဦးကွာ” ပြောပြောဆိုဆို အီဘရာဟင်က မသိန်းလှအား ရိုက်နှက်ရန် ထိုင်ရာမှ ထလိုက်၏။

“အံမယ်... ခွေးကောင်က မလုပ်စဖူး ငါ့ကိုရိုက်မယ်ပေါ့လေ၊ ကဲ... လာစမ်း၊ အကြောင်းသိရအောင်...” အသားများ တဆတ်ဆတ်တုန်နေသော မသိန်းလှကလည်း ထိုင်ရာမှ ထလိုက်၏။

ကြားနေရေးမှ ပြန်ဖြေရေးသို့ ကူးရန် ကျွန်တော်ကလည်း ထိုင်ရာမှ သူတို့နည်းတူ လျင်မြန်စွာ ထလိုက်ရ၏။

သို့သော် ကျွန်တော် အထနောက်ကျသွား၏။ သွေးစိမ်းရှင်ရှင် ပန်းကာ “အလ္လာ ဗုဒ္ဓေါ... အလ္လာ ဗုဒ္ဓေါ...” ဟူသော ညည်းတွားသံနှင့်အတူ လဲကျသွားသော မြင်ကွင်းကိုသာ မြင်လိုက်ရတော့၏။

လဲကျသွားသူမှာ အလ္လာရှင်မြတ်၏ အီဘရာဟင်လည်း မဟုတ်၊ ဗုဒ္ဓအရှင်မြတ်၏ မသိန်းလှလည်း မဟုတ်။ အမှန်မှာ ထိုင်ရာမှ ရုတ်တရက် ထလိုက်သော မသိန်းလှအား စားပွဲပေါ်မှ ရေနွေးခရားဖြင့် အီဘရာဟင်က ပေါက်လိုက်သောကြောင့် မိခင်နောက်ပါးမှ ချောက်ချားစွာ ထိုင်နေသည့် သားတော်မောင် ဘသိန်းအား ထိမှန်သွားသောကြောင့် နှစ်ဖက်သော ဘုရားကို ညည်းတွားသံပြုကာ လဲကျသွားခြင်း ဖြစ်ပါတည်း။


လှမောင်ကြီး

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်