⭐ ဝိဒတော့-သိမဟ ⭐ သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
⭐ ဝိဒတော့-သိမဟ ⭐
သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
အင်္ဂလိပ်လို ရေးသားထားသော ကားနံပါတ်များကို မြန်မာလို မပြောင်းမီက ဖြစ်သည်။ ယခုလို မိုးတွင်းတွင် စာရေးသူတို့ အိမ်၌ သကန်းကပ် အလှူလုပ်သဖြင့် ရွှေကျင်ရွာမှ ဘကြီးရွှန်းအား အစစကူညီရန် ခေါ်ယူထားရပေသည်။
အလှူနေ့တွင် ဘကြီးရွှန်းသည် ဘန်ကောက်အစိမ်းနုန ှင့် တိုက်ပုံအနက်တို့ကို သပ်ယပ်စွာ ဝတ်စားလျှက်ရှိပေသည်။ ၎င်းအား အိမ်မှ လဘက်ဝယ်ခိုင်းသည်တွင် စီးဘူးသည်ရှိအောင် မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပို့ရန်ပြောရာ ကျွန်တော်သည် ဖြည်းဖြည်းစီး၍ လိုက်ပို့ပေးလိုက်၏။
ထိုအချိန်တွင် ရွှေကျင် - မကွေး ပြေးနေသော တောကားတစီးသည် အရှိန်နှင့် မောင်းလာသောကြောင့် ရွှံ့ဘွက်နှင့်လွတ်စေရန် ရပ်ပေးလိုက်သည်တွင်၊ ၎င်းကားသည် ကျွန်တော်တို့ အနားမှ ဗွက်ငယ်ကလေးအား နင်းမိသဖြင့် ဘကြီးရွှန်း၏ တကိုယ်လုံး ရွှံ့များ ခြယ်မှုန်းပြီး ဖြစ်သွားသည်။ ရှိုးအပြည့်နှင့် လိုက်ပါလာသော ဘကြီးရွှန်း၏ ဒေါသအိုး ပေါက်ကွဲသွားသဖြင့် ကြိမ်းမောင်းလိုက်သည်မှာ- "တောက်---ဝိဒတောသိမဟနော်" ဟူသတည်း။
အော်-ပြောဖို့မေ့နေသေးတယ်၊ အဲဒီကားနံပါတ်က အင်္ဂလိပ်လို(83) အိတ်သရီးတဲ့ဗျို့.....။
မြစ်ကွေ့-ပိုက်စုတ်
Comments
Post a Comment