လင်နိုင်နည်း စိုးမြင့်ခင် (ကိုယ်တွေ့) သောကြာစာစောင် (၁၉၆၂ ဧပြီလ)
လင်နိုင်နည်း
စိုးမြင့်ခင် (ကိုယ်တွေ့)
မိန်းမဘက်က ရှေ့နေလိုက်ပြီး လမ်းညွှန်ပြနေတယ်လို့တော့ မထင်လိုက်ကြပါနဲ့။ ကျနော်ဟာ တကယ့်ယောက်ျားအစစ်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုဖော်ပြမဲ့ နိသျည်းကတော့ ကျနော့်မိတ်ဆွေအမျိုးသမီးတယောက်ရဲ့ ရင်မှ ပွင့်ထွက်လာသော အသံများဖြစ်၍ ဟုတ်နိုင်၏၊ မဟုတ်နိုင်၏ ဆိုတာကိုတော့ စဉ်းစားပေးပါဗျာ....။
ကျနော်နဲ့ မတင်သန်းဟာ တကယ့်ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြတဲ့ မိတ်ဆွေရင်းချာတွေပါပဲ။ တကယ်ဆိုတော့ ငယ်ပေါင်းဆွေရင်းပေါ့ဗျာ။ တယောက်အကြောင်းရှိရင် တယောက်က မနေနိုင်မထိုင်နိုင်သည့်အထိ စောင့်ရှောက်ကူညီခဲ့ကြတယ်လေ....။ နောက်ဆုံးတော့ မတင်သန်းဟာ ကိုသန်းတင်ဆိုတဲ့ ပြန်တမ်းဝင်အရာရှိတယောက်နဲ့ ညားသွားကြပါလေရောဗျာ။
ကိုသန်းတင်နဲ့ မတင်သန်းဟာ ရွယ်တူတန်းတူတွေပါပဲ။ တယောက်နဲ့တယောက် ချစ်လိုက်ကြတာလဲ မျိုမတတ်ဘဲ။ ကိုသန်းတင်က မတင်သန်းကို ခေါ်တာက အဖျားဆွတ်ပြီး “အသန်း” တဲ့။ တခါ မတင်သန်းကလဲ ကိုသန်းတင်ကို ခေါ်တာက “အသန်း” တဲ့။ တခါတခါ တယောက်နဲ့တယောက် ကျနော့်ရှေ့မှာ မိုးမမြင် လေမမြင် ချစ်စမြုံ့ပြန်ပြီး ကျီစယ်နေလိုက်ကြတာ အသန်းချင်း မိုးမွှန်နေတာဘဲ။ ဒီလိုကျီစယ်နေတာ မြင်မိတော့လဲ ကျနော်က သူတို့ကိုကြည့်ပြီး အားကျသလိုလို.... ချက်ချင်းဘဲ အိမ်ထောင်ကျချင်တဲ့ စိတ်တွေ ပေါ်ပေါ်လာတယ်ခင်ဗျ။
ဒီလိုနဲ့ဘဲ ကိုသန်းတင်နဲ့ မတင်သန်းတို့ဟာ အိမ်ထောင်ကျပြီးလို့ ၂ နှစ်လောက်ကြာတော့ မတင်သန်းဟာ ကိုယ်ဝန်ရှိခဲ့ပြန်ရော။ ကိုယ်ဝန်ရှိပြီးလို့ မကြာပါဘူး၊ သူတို့ဟာ တယောက်နဲ့တယောက် ဘာဖြစ်လို့ ဘာဖြစ်ကြတယ်တော့ မသိပါဘူး၊ မတင်သန်းမှာ ရှိတဲ့ကိုယ်ဝန်ဟာ ပျက်ကျပါလေရောဗျာ။
မတင်သန်းဟာ ကလေးပျက်ကျပြီးသည့် နောက်ပိုင်း၌ လင်မယားနှစ်ယောက် တယောက်နဲ့တယောက် အပေါက်အလမ်းမတဲ့တော့ဘဲ စိတ်မချမ်းမသာ ဖြစ်နေကြတယ်။ အထူးသဖြင့် မတင်သန်းဟာ သူ့ယောက်ျားရဲ့ ချို့ယွင်းချက်တွေကို အမြဲတစေဘဲ လာလာပြောနေတော့တာဘဲ....။ အရင်ကလို ချစ်စခင်စ ကြင်နာစကလို သူတို့ဟာ ပျော်ပျော်ရွှင်ရွှင်တော့ မရှိကြတော့ဘူးပေါ့ဗျာ....။
မတင်သန်းရဲ့ စိတ်ဆင်းရဲမှုကို မရှုစိမ့်သူကတော့ ကျနော်ပါဘဲ။ တနေ့တော့ မတင်သန်းရဲ့ စိုစိုပြေပြေမရှိတော့တဲ့ ခန္ဓာကိုယ်ကလေးကို ကြည့်ပြီး....
“ဒီမယ် မတင်သန်း၊ ခင်ဗျားကို ကြည့်ရတာ အရင်ကနဲ့ကို မတူတော့ဘူး။ ဘာများဖြစ်နေကြသလဲဗျာ....”
ကျနော်က ရင်းနှီးသူဖြစ်၍ သူ့ကို စပ်စုလိုက်ပါတယ်....။
“ဘာမှမဖြစ်ပါဘူး” ဟူ၍ သာမန်အားဖြင့် မတင်သန်းက ဖြေခဲ့တယ်။
ကျနော်က မကျေနပ်တာနဲ့ အထူးစုံစမ်းရေးလိုက်သောအခါ ကိုသန်းတင်၏ ဇာတိရုပ်ဟာ ဘွားဘွားကြီး ပေါ်ခဲ့ပါရောဗျာ။ အလုပ်အားလပ်ချိန်၌ မြို့ထဲထွက်ပြီး ဟိုတယ်မယ်တွေနဲ့ အဆက်လုပ်၊ အိမ်ကို ပြန်ချင်မှပြန်လာ၊ တခါတရံ အိမ်မှာပင် ညမအိပ်ဘဲ လယ်နေတတ်ကြောင်းကို သိရပါတယ်။ ဒါကြောင့် မတင်သန်းမှာ အိမ်ထောင်ရေးအတွက် ဗျာများပြီး စိတ်မချမ်းမသာ ဖြစ်နေသည်ကို သိရပေတော့တယ်။
ဒီလိုနဲ့ မတင်သန်းရဲ့ စိတ်မချမ်းသာမှုကို ကြည့်နေရင်းနဲ့ဘဲ ၃ လလောက်ကြာတော့ ကိုသန်းတင်နဲ့ မတင်သန်းဟာ တယောက်နဲ့တယောက် “အသန်း-အသန်း” လို့ မိုးမွှန်နေအောင် ခေါ်ပြီး အချစ်နလံပြန်ထနေကြတာကို ထူးဆန်းအံ့ဩဖွယ်ရာ တွေ့ရပြန်ပါတယ်။ ရုပ်ရှင်ရုံမှာလဲ သူတို့နှစ်ယောက်ဟာ တယောက်ခါးတယောက်ဖက်ပြီး တတွဲတွဲဘဲ။ ညဈေးတန်းမှာဆိုရင်လဲ တတွဲတွဲဘဲ။ တခါတလေ မင်္ဂလာဒုံလေယာဉ်ပျံကွင်းမှာတောင် တယောက်ခါးတယောက်ဖက်ပြီး ချစ်ပွဲဝင်နေတာကို ထူးဆန်းအံ့ဩဖွယ်ရာ တွေ့ရတော့ ကျနော်ကလဲ မတင်သန်းကို စပ်စုလိုက်တယ်လေ....။
“ဘယ်နှယ်လဲ မတင်သန်း။ ခင်ဗျားတို့ဟာ တယောက်ကိုတယောက် မခွဲနိုင်မခွာရက်အောင် ဘယ်ပုံဘယ်နည်း အချစ်နလံထခဲ့ကြတာလဲ။ နိသျည်းကလေးများရှိရင်လဲ သိပါရစေလား....”
“ဟုတ်ကဲ့ရှင်၊ နည်းကတော့ လွယ်ပါတယ်၊ ရှင်လဲ စာရေးဆရာတယောက်မို့ ဗဟုသုတအဖြစ်၊ ပညာပေးအဖြစ် ပြောပါရစေ....”
“ဟုတ်ကဲ့၊ ပြောစမ်းပါ....”
“ဒီနည်းကတော့ လွယ်မယောင်နဲ့ တော်တော်ခက်တယ်။ ကျမလဲ အရှက်စွန့်ပြီး ရှင်းရတာပါဘဲ။ ဒီလိုပါ.... အသန်းဟာ တခါတခါ ည ၁၂ နာရီ၊ ၁ ချက်တီးမှ ပြန်လာတယ်၊ ကျမကိုလဲ စကားမပြောဘူး၊ ပြောပြန်တော့လဲ ဘုကျကျဘဲ။ ဒါနဲ့ ကျမလဲ သူလုပ်ပုံတွေကို သည်းမခံနိုင်တဲ့အဆုံးမှာ တနေ့တော့ အိမ်ကို မှောင်ချထားတယ်။ ၁ ချက်တီးလောက်ကျတော့ သူကလဲ လယ်ရာကပြန်လာပြီး တံခါးလာခေါက်တော့ ကျမကလဲ ရင်တထိတ်ထိတ်နဲ့ တံခါးကို မဟတဟဖွင့်ပြီး.... ‘ကိုဝင်းဖေလား....’ လို့ မေးလိုက်တော့တာဘဲ။ တံခါးလဲ ဖွင့်ပြီးရော သူ့ကိုခေါ်တဲ့ နာမည်နဲ့ပတ်သက်ပြီး ဒေါကန်တော့တာဘဲ။
ကျမကလဲ ‘အသန်းမရှိတုန်း ကိုဝင်းဖေဟာ အိမ်လည်လာပါတယ်၊ သူနဲ့ဘဲ အလ္လာပသလ္လာပတွေ ပြောဆိုဆွေးနွေးပြီး နေရပါတယ်၊ ကျမရဲ့ စိတ်ချမ်းသာမှုကို သူကဘဲ ပြုလုပ်ပေးပါတယ်’ လို့ ခပ်တည်တည် မှုတ်လိုက်တော့ ငနဲသားမှာ အဲဒီနေ့ကစပြီး ငြိမ်ကျသွားရုံတင်မက ဘယ်ကိုမှလဲ မလည်တော့ဘူး။ သွားစရာရှိရင်လဲ ဘယ်ကိုဘဲဖြစ်ဖြစ် ကျမကို ခေါ်ခေါ်သွားတော့တာဘဲ။ အခုတော့ သူနဲ့ကျမဟာ အဆင်ပြေပြီး ရှင်မြင်တဲ့အတိုင်း တတွဲတွဲပါဘဲ”
ကဲ.... မတင်သန်းရဲ့ လင်နိုင်နည်းဟာ အဆင်မပြေဘူးလားဗျာ....။ အခုတော့ ကိုသန်းနဲ့ မသန်းဟာ မခွဲနိုင်မခွာရက်ဘဲ ရာသက်ပန်မြဲနေကြပါပြီဗျား....။
စိုးမြင့်ခင်
Comments
Post a Comment