သုသာန်မြေမှ ငိုသံ တပ်ကြပ်ကြီး-မောင်ကို ရေးသည် သောကြာ စာစောင် ၁၉၆၂ ဧပြီလ
သုသာန်မြေမှ ငိုသံ
တပ်ကြပ်ကြီး-မောင်ကို ရေးသည်
သောကြာ စာစောင် ၁၉၆၂ ဧပြီလ
အမှန်စင်စစ် ဤနေရာ ဤဌာနမျိုးဝယ် ဟာသ အကြောင်းအရာကို ရေးသားရန် အကြောင်းလုံးဝ ရှိလိမ့်မည်ဟု မထင်ခဲ့။ စိတ်မချမ်းသာစရာများကိုသာ တွေ့ရမည်ဟု အထင်ရှိခဲ့သည်။ ထို့ကြောင့်ပင် ဤနေရာမျိုးကို တတ်နိုင်သမျှ ရှောင်ခဲ့သည်။
အဆိုပါနေရာကား- သုသာန်မြေပင်ဖြစ်လေသည်။
ကိုယ်လည်း တနေ့မဟုတ် တနေ့ သေရမည် ဖြစ်ပေမယ့် သူများသေတာကိုတော့ တယ်မကြည့်ချင်လှပေ။ သေသူထက် ကျန်ခဲ့သူများ၏ သောကမီးအပူန်ကြောင့် အော်ကြ၊ ဟစ်ကြ၊ ငိုကြသည့်အသံများကို နားမချမ်းမသာဖြစ်ရ၏။ သို့သော်- တနေ့တွင် အလွန်တရာ ရင်းနှီးလှသော မိတ်ဆွေတဦး၏ ကလေးငယ်တယောက် သေဆုံးသဖြင့် တာမွေ သုသာန်သို့ လိုက်၍ပို့ရပါသည်။
သုသာန်သို့ ရောက်သောအခါမှပင် တနေ့-တနေ့ လူတွေ မည်မျှ သေကြကြောင်းကို တွေ့ရတော့သည်။ ကျွန်တော်တို့ ရောက်ပြီး မကြာမီပင် အခြားသော အသုဘများလည်း တခုပြီးတခု ရောက်လာကြလေသည်။
ကြိုတင် တွေးတော ထားခဲ့သည့်အတိုင်း နားမချမ်းသာဘွယ်ကောင်းလှသော ငိုယိုကြသည့် အသံများသည် တာမွေသုသာန်ပေါ်ဝယ် ပျံ့နှံ့လျက် ရှိတော့သည်။
ထိုစဉ် အလွန်တရာ စည်ကားလှသော အသုဘတခု ဆိုက်ရောက်လာကြောင်း တွေ့ရသဖြင့် ကျွန်တော်တို့ တတွေမှာ ကိုယ်လာပို့သည့် အသုဘကိုပင် ခေတ္တမေ့ပျောက်သွားကာ၊
နောက်ရောက်လာသော အသုဘကို သာစိတ်ဝင်စားစွာ အကဲခတ်ကြည့်ရှုမိတော့သည်။
အလောင်းကို ကားပေါ်မှချလိုက်လျှင်ပင် မိန်းမပျိုနှစ်ဦး၏ အော်ဟစ်ငိုလိုက်သံမှာ အခြား မသာရှင်များ၏ အသံကို လွှမ်းမိုးသွားလေသည်။
အထက်တန်းစားထဲက ဖြစ်ဟန်တူ၏။ ရုပ်ရေများကလည်း အတော်လှပသူများ ဖြစ်လေသည်။ သေဆုံးသူမှာ ၎င်းတို့၏ ဖခင်ဖြစ်ဟန် တူပေသည်။
“အမလေး.... အဖေရဲ့ အသေစောလှချည်လား....၊ တရုတ်ဘဲလေး အက ကြည့်ချင်တယ်ဆို....”
အကြီးဖြစ်ဟန်တူသည့် မိန်းမပျို၏ အော်လိုက်သံကြောင့် ကျွန်တော်တို့တတွေ မျက်လုံးပြူးသွားမိသည်။ သို့သော်- အငယ်မ၏ အော်လိုက်သံကြောင့် ပို၍အံ့ဩရပြန်သည်။
“ဟုတ်ပါရဲ့ အဖေရယ်.... ဟိုတလောကပဲ အတွင်းဝန် ဦးဖေမောင်ကကျွေးတဲ့ ခေါက်ဆွဲ ကိုတောင် မကောင်းဘူးဆိုပြီး၊ ဒီတခါ ဟောင်ကောင်ကိုရောက်မှ ခေါက်ဆွဲကောင်းကောင်း စားမယ်ဆိုတာလေ.... အခုတော့ သွားနိုင်သေးရဲ့လား အဖေရဲဲ့”
နှောက်ကျိကျိဖြစ်နေရသော စိတ်များသည်ပင် ဘယ်ဆီသို့ လွင့်ပါးကုန်သည် မသိတော့။ ထိုမိန်းမများ၏ငိုသံကို ကြားရသောအခါ ရယ်ချင်သလိုလို ဖြစ်လာတော့သည်။
၎င်းတို့နှင့် အတူ ပါလာကြကုန်သော လူများမှာ ဘာစိတ်ကူးနှင့်တော့မသိ၊ အလောင်းကို အမြန်ဆုံး မြေမြှုပ်လိုက်ကြပါသည်။ မိန်းမ နှစ်ဦးကား မြေပေါ်ဝယ် လှိမ့်၍-လှိမ့်၍ ငိုနေကြသည်။ အခြားသော မိန်းမများကလည်း ဝိုင်းဝန်း ဖျောင်းဖျနေကြသည်။
ထိုသို့ဖျောင်းဖျလေ ပိုအော်လေနှင့် ဆူညံလျက် ရှိတော့သည်။
“အမေရိကန်ကိုသွားနေတဲ့ သားကြီးမြင်စေချင်တယ် အဖေရဲ့.... အကိုရေ.... ဂျက်လေယာဉ်ပျံကြီးစီးပြီး အဖေ့ အဖြစ်ကို လာကြည့်ပါဦး အကိုရဲ့.... ”
နိုင်ငံခြားသို့ရောက်နေသော ၎င်းတို့၏အကိုအား တမ်းတ လိုက်ကြပါသည်။ ထိုစဉ်၎င်းတို့လူသိုက်ထဲမှ တဦးက....
“ကား ဘယ်ရောက် နေ သ လဲ ဟေ့....” ဟု အခြား သူ များအား စုံစမ်းသလို အော်၍မေးလိုက်ရာ၊ သံကုန်ဟစ်၍အော်နေသော အကြီးဖြစ်သူမိန်းမပျိုသည် အငိုရပ်လိုက်ပြီး....
“ဟို-ရှေ့က ကုက္ကိုပင် အောက်မှာပေါ့တော်....၊ ဒီနားမှာ ဘဲလ်အဲယားကားရယ်လို့၊ အဲဒီကားတစီးပဲ ရှိပါတယ်” ဟု ပြောပြီးမှ ဆက်၍ငိုကာ အော်လိုက်ပြန်သည်။
“အသေ စောလှ ချည်လား.... အဖေရဲ့....”
သူ့အသံသည် သုသာန်မြေဝယ် ပြန့်လွင့်သွားပြန်သည်။ ထိုအခါ နံဘေးမှ အသိုင်းအဝိုင်းများကလည်း ဝိုင်းဝန်း ဖျောင်းဖျ ကာ ဘဲလ်အဲယား ကားကြီးရှိရာဆီသို့ တရွေ့ရွေ့ ခေါ်ဆောင်သွားကြပါသည်။
ဪ.... သနားစရာ ကောင်းလေစွ....၊ မိတ်ဆွေကော မသနားဘူးလား ခင်ဗျာ....။
တပ်ကြပ်ကြီး-မောင်ကို
Comments
Post a Comment