ဖန်အကြွေတွေနော် သုခမိဏ် စာပေါလောက သွေးသောက် မဂ္ဂဇင်း
ဖန်အကြွေတွေနော်
သုခမိဏ်
လူတယောက်နှင့်တယောက် အကြိုက်ချင်းမတူကြပေ။ အကြိုက်ချင်းတူကြလျှင်လည်း အကြူချင်း ကိုက်ကုန်ကြလိမ့်မည်။ ဥပမာ..... ကျွန်တော်သည် မိန်းမကို ငယ်ငယ်ချောချောမှ ကြိုက်၏။ ဆရာကြပ် ကလေးသည်ကား မိန်းမကို ကြီးကြီး အရုပ်ဆိုးဆိုးမှ နှစ်သက်လေသည်။ ထိုကြောင့် သူသည် ဘိုးဘွား ရိပ်သာသို့ အမြဲသွားနေသူဖြစ်၏။ လဒမှာမူကား ထူးခြား၏။ မိန်းမများကိုကြိုက်ရာ၌ ပုပ်စော်နံမှသာလျှင် နှစ်သက်လေ့ရှိ၏။
မိုးရွာလျှင်ကြိုက်သူ ဝမ်းသာသူလည်းရှိသည်။ ထို့အတူ မကြိုက်သူ ဝမ်းမသာသူလည်း ရှိသည်။ ဝမ်း သာသူကား ကျွန်ုပ်တို့၏ ကျေးဇူးရှင်ဦးကြီးများနှင့် ဆရာဝန်များဖြစ်ကြပြီး၊ မကြိုက်သူများကား ပွဲဈေးတန်း ဈေးသည်များနှင့် အရက်သမားများ ဖြစ်ကြ၏။ ကျွန်ုပ်အသိ ကိုချမ်းသာဆိုသူကား လမ်းတကာလိုက်၍ ဇီးပေါင်းလည်ရောင်းနေသူဖြစ်၏။ သူသည် မိုးရွာမှာကို အလွန်အမင်း စိုးရွံ့ထိတ်လန့်နေသူတဦးဖြစ်၏။ သူ့တွင် ထီး၊ ဦးထုတ် ဝယ်စရာငွေ မရှိပါ။ သူသည် မိုးရွာမှာကို အလွန်ကြောက်သောကြောင့် ကျွန်တော့်ထံ အကြံဉာဏ်များလာတောင်းလေသည်။ ကျွန်တော်လည်း တွန့်တိုခြင်းအလျင်းမရှိဘဲ ကုန်ချင်ကုန်သွားပါစေ ဆိုပြီး အကြံဥာဏ်တွေကို ပေးလိုက်၏။ ထိုနေ့မှစပြီး သူသည် ဇီးပေါင်းမရောင်းတော့ဘဲ၊ ဖားများကိုသာလျှင် လိုက်ရိုက်နေပေတော့သည်။
ကိုရွှေနားဆိုသော သူငယ်ချင်းတယောက်သည်လည်း ကျွန်ုပ်ဆီသို့ ရောက်လာပေသည်။ သူကြုံတွေ့ နေရသော ဒုက္ခကို ပြောပြသည်။ သူကား “ဂီတာ” သို့မဟုတ် “ဂစ်တာ” ထိုပစ္စည်းမှ ထွက်ပေါ်လာသော အသံ ကို အမှန်ပင် နားကလောသူဖြစ်ကြောင်းပြောပြ၏။ ဂီတာသံကြားရလျှင် အသက်တိုသည်ဟုလည်း အထင် ရှိနေသူဖြစ်၏။ သူ့အိမ်ဘေးတွင် ကက်ဆက်ငှားစားသူ၏အိမ် ဖြစ်သည်ဟု ဆို၏။ သူ့ဒုက္ခကား သူသည် ဘယ်လိုနည်းနှင့်မျှ အိမ်တွင်နေ၍မဖြစ်တော့ကြောင်း ပြောပြသည်။ ကျွန်ုပ်ကလည်း အကြံဥာဏ်တွေ ပေးလိုက်ပြန်ပါ၏။ အေးချမ်းဆိတ်ငြိမ်ရာကိုလည်း ညွှန်ပြလိုက်သည်။
နောက်တနေ့တွင် သူငယ်ချင်းကိုရှေ့နား၏အသုဘကို လိုက်၍ပို့လိုက်ရပါတော့သည်။
မကြာသေးမီက ကျွန်ုပ်ထံ လူတယောက်ရောက်လာပြီး အကြံဥာဏ်ပေးပါဟု ဆိုလာပြန်သည်။ သူ့ ဒုက္ခက ဒီလိုပါတဲ့။
“ဆရာ…ကျွန်တော့်မှာ ကြီးစွာသော ဒုက္ခရောက်နေပါတယ် ဆရာ။ မကြားချင်လဲ ကြားရ၊ မမြင်ချင်လဲ မြင်ရနဲ့ ဒုက္ခတွေ ပင်လယ်ဝေနေပါတယ် ခင်ဗျာ။ အဲ့ဒါတွေကို လူတယောက်က ဖန်တီးပေးနေပါတယ်ဆရာ။ အဲ့ဒီလူကိုလဲ လုံးဝကြည့်မရပါဘူး ခင်ဗျ။ အဲ့ဒီဒုက္ခကို ကယ်ပေးပါအုံး ဆရာရယ်”
အကြံဉာဏ် ဖောသီလှသော ကျွန်ုပ်သည် အကြံဉာဏ်တခုကို ကောက်ကာငင်ကာ ပေးလိုက်ရသည်။ “ရိုက်ပစ်လိုက်ကွာ” သူ့တွင် ဘယ်အချိန်ကပါလာမှန်းမသိသော ဒုတ်တချောင်းသည် ကျွန်ုပ်၏ငယ်ထိပ် တည့် တည့်သို့ ဦးလည်မသုန် ကျရောက်လာလေတော့သတည်း။ ဘယ်သူတွေ ဝမ်းနည်းကြမလဲ။
သုခမိဏ်
စာပေါလောက
သွေးသောက် မဂ္ဂဇင်း
Comments
Post a Comment