သာကီဝင်မင်းမျိုးတို့၏ ဝဋ်ကြွေး ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည်




 သာကီဝင်မင်းမျိုးတို့၏ ဝဋ်ကြွေး

ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည် 


ဝိဋဋူဘမင်းသည် သာကီဝင်မင်းမျိုးတို့အား မျိုးတုံးအောင် သတ်ဖြတ်ပစ်မည်ဟူ၍ သာဝတ္ထိမှ ကပ္ပိလဝတ်သို့ သုံးကြိမ်တိုင်တိုင် စစ်ချီခဲ့၏။ သို့သော်လည်း မြတ်စွာဘုရား၏ ဆွေရိပ်မျိုးရိပ်၏ အေးမြကြောင်း အရိပ်ပြတရားကြောင့် မအောင်မြင်ခဲ့။ ဓားမဝင့်-လှံမထောင်လိုက်ရဘဲ သုံးကြိမ်တိုင်တိုင်ပင် တပ်ဆုတ်ပြန်လှည့်ခဲ့ရ၏။


ထို့နောက် လေးကြိမ်မြောက် စစ်ချီတက်ရာတွင်မူ မြတ်စွာဘုရား ဥပေက္ခာပြုတော်မူလိုက်ရသည်။ ဝိဋဋူဘလည်း ရန်ငြိုးကြီးစွာဖြင့် သာကီဝင်မင်းမျိုးတို့အား သတ်ဖြတ်ခုတ်ပိုင်းလေတော့သည်။ ကပ္ပိလဝတ် နန်းတော်တွင်း၌ သွေးချောင်းစီးလေ၏။ ဦးခေါင်းပြတ်-ခြေပြတ်လက်ပြတ်တို့ ပြန့်ကျဲလျက် သားသတ်ရုံအလား ထိတ်လန့်ချောက်ချားဖွယ်ရာ အနိဋ္ဌာရုံ မြင်ကွင်းကြီးပါပေ။


သာကီဝင်မင်းမျိုးတို့သည် တချိန် တဘဝတုန်းက ရွာတရွာ၌ လူဖြစ်ခဲ့ကြ၏။ ထိုစဉ်က စိတ်တူကိုယ်တူ မြစ်ချောင်းထဲ၌ အဆိပ်ချကာ ငါးများကို အစုလိုက်အပြုံလိုက် သေစေခဲ့ဖူး၏။ ထိုဝဋ်ကြွေးကို မြတ်စွာဘုရား ဟန့်တားကယ်ဆယ်၍ မရနိုင်ကြောင်း သိတော်မူသဖြင့် ဥပေက္ခာပြုတော်မူခြင်းဖြစ်သည်။ သာကီဝင်မင်းမျိုးတို့ ပေးဆပ်လိုက်ရသော ဘဝဝဋ်ကြွေးတကျော့ပါပေ။



ဝိဋဋူဘ၏ ဝဋ်ကြွေး


ဝိဋဋူဘသည် လက်စားချေ လူသတ်ပွဲကြီး အောင်ပွဲဆင်ပြီးနောက် ကပိလဝတ်မှ သာဝတ္ထိသို့ တပ်ခေါက်ပြန်ခဲ့လေ၏။ ယင်းသို့ ပြည်တော်ပြန်ရာ၌ မြစ်ကမ်းပါးတနေရာတွင် စခန်းချ ရပ်နားလေသည်။ ညဉ့်အခါ ပူအိုက်သဖြင့် အချို့က နိမ့်ဝှမ်းရာ သောင်ပြင်၌ အိပ်စက်ကြ၏။ အချို့က ကုန်းမြင့်ရာ၌ အိပ်စက်ကြ၏။


အိပ်ရာဝင်ပြီးနောက် နိမ့်ရာ၌ အိပ်စက်သူအချို့က ပိုးမွှားများ ကိုယ်ပေါ်သို့ တရွရွတက်လာသကဲ့သို့ ယားယံသောကြောင့် ကုန်းမြင့်ရာသို့ နေရာပြောင်းရွှေ့အိပ်ကြ၏။ အလားတူပင် ကုန်းမြင့်ရာ၌ နေရာယူထားသူ အချို့ကလည်း ယားယံလာသဖြင့် နိမ့်ဝှမ်းရာ သောင်ပြင်ဆီသို့ နေရာပြောင်းရွှေ့အိပ်စက်ကြလေ၏။


ညဉ့်နက်ချိန်ရောက်လေသော် လူခြေတိတ်ချေပြီ။ အိပ်မောကျသူ ကျပြီး စစ်ထွက်ယောက်ျားတို့ဘာဝ ခြေကုန်လက်ပန်းကျလျက်နှင့်ပင် အတွေးစိတ် အဆွေးစိတ်ဖြင့် မိန်းမောသူက မိန်းမောနေကြသည့် ညဉ့်နက် သန်းခေါင်အချိန်ဖြစ်၏။ ထိုစဉ်ကာလဝယ် ကြီးမားမြင့်မောက်သော ရေလှိုင်းလုံးကြီးများ အလွန်လျင်မြန်စွာ လိမ့်ဆင်းလာကြလေ၏။ ဝိဋဋူဘနှင့်တကွ သောင်ပြင်၌ အိပ်စက်နေသူအားလုံး လှိုင်းလုံးကြီးများနှင့်အတူ ပင်လယ်ပြင်ဆီသို့ ပါသွားကြလေသည်။


“ကံသာအမိ ကံသာအဖ” ဟု ရှေးသူဟောင်းတို့ ဆိုရိုးပြုကြသည်။ မိခင်ဖခင်တို့သည် သားသမီးကို မည်သို့ပင် ချစ်ခင်သော်လည်း တကယ့် အရေးကိစ္စ၌ မကယ်နိုင်ကြပေ။ မိမိ၏ စိတ်စေတနာ ပြုလုပ်မှုတည်းဟူသော ကောင်းကံကသာလျှင် ကယ်ယူနိုင်သောကြောင့် ဖော်ပြပါ ဆိုရိုးစကားသည် မရိုးနိုင်လောက်အောင် တည်တံ့နေခြင်းဖြစ်သည်။


“မိမိသည်သာ အားကိုးရာ၊ မိမိသည်သာ ကိုးကွယ်ရာ” ဟူ၍လည်းကောင်း၊ “ဘယ်သူမပြု မိမိမှု” ဟူ၍လည်းကောင်း ဆိုရိုးရှိလေသည်။ “ပြုသူအသစ် ဖြစ်သူအဟောင်း”၊ “ကံမရှိက ဉာဏ်ရှိတိုင်းမွဲသည်”၊ “ကံမကောင်း အကြောင်းမလှ” ဟူသော စကားစုတို့သည် မြန်မာ့လူ့ဘောင်၌ ဥဒါန်းတွင် အမြစ်တွယ်နေပေပြီ။ ဝဋ်ကြွေးနှင့်ဆက်နွှယ်နေသည့် စကားစုများဖြစ်ပေ၏။


ဝိဋဋူဘသည် “ပြုသူအသစ်”၊ သာကီဝင်မင်းမျိုးတို့သည် “ဖြစ်သူအဟောင်း”။


သာကီဝင်မင်းမျိုးတို့သည် ငါးများကို အစုလိုက်အပြုံလိုက် သေစေခဲ့သော ဝဋ်ကြွေးဟောင်းကို ပေးဆပ်လိုက်ရခြင်းဖြစ်၏။ ဝိဋဋူဘသည် ဝဋ်ကြွေးအသစ် ခံယူသူဖြစ်၏။


သာကီဝင်တို့သည် ဝိဋဋူဘက မသတ်သော်လည်း အခြားနည်းဖြင့် အစုလိုက်အပြုံလိုက် အသတ်ခံကြရမည်သာဖြစ်၏။ ကြွေးရှိနေခဲ့ပြီးဖြစ်၍ ပြန်လည်ပေးဆပ်ကြရပေလိမ့်မည်။

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်