ဝဋ်ကြွေး လောကကြေးမုံ
"ဝဋ်မှာအမြဲ ငရဲမှာအပ"
လောကကြေးမုံ
ဆရာဦးလေးမြိုင် ရေးသားပြုစုသည်
မောင့်လပြည့်ဝန်း သီချင်းထဲ စိုင်းထီးဆိုင် ဆိုခဲ့တဲ့ စာသား...
ဘာကိုဆိုလိုမှန်း မသိရင် ဒီ စာစုလေး ကို ဆရာဦးလေးမြိုင် ရေးသားပြုစုထားတဲ့ ‘လောကကြေးမုံ’ စာအုပ်ထဲကနေ ကောက်နုတ်ပြီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။"
ဝဋ်ကြွေး
အကောင်း အဆိုး၊ အကျင့်မျိုးကား
ပြစ်-ကျိုး ပေးနေ၊ ရှိမြဲပေတည့်
နဘေ-ဥမင်၊ ပင်လယ်ပြင်၌
အောင်းဝင် ပျံတက်၊ ကံဝိပါက်မှ
လွတ်ကွက် လွတ်ရာ၊ မရှိစွာတည်း။
(မဃဒေဝလင်္ကာ-၂၃၁)
[မှတ်ချက် ။ ။ နဘေ ဥမင် . . ၌ နဘေဟူသည်ကောင်းကင်ဖြစ်၏]
ဗုဒ္ဓဘာသာဝင်တို့သည် ဝဋ်ကြွေးကို လွန်စွာကြောက်ရွံ့ကြ၏။ အပြစ်ကျူးလွန်သူတို့အား အမြင်မှန်ရ-သံဝေဂဖြစ်စေရန် သတိပေးရာ၌ “ဝဋ်လိုက်တတ်တယ်နော်...” ဟု ပြောလေ့ရှိ၏။ “ဝဋ်မှာအမြဲ ငရဲမှာအပ” ဟုလည်း သူသူငါငါ ပြောလေ့ရှိပေ၏။
ဝဋ်လိုက်တတ်ခြင်း သဘောအဓိပ္ပာယ်ကို “နွားခြေရာကွက်နောက်သို့ လှည်းဘီးသည် အစဉ်သဖြင့် လိုက်ပါ နင်းမိသကဲ့သို့” ဟူသော ဓမ္မပဒ ဒေသနာတော်အရ ဗုဒ္ဓဘာသာဝင်တို့က ကောင်းစွာ နားလည်ထားကြလေသည်။
“ဝဋ်မှာအမြဲ ငရဲမှာအပ” ၏ ဆိုလိုရင်းကိုလည်း အလားတူပင် နားလည်ထားကြပြီးဖြစ်လေသည်။ ငရဲသို့ကျရောက်စေနိုင်သည့် မကောင်းမှုကို ကျူးလွန်မိသူသည် ဒါန သီလ ဘာဝနာ ကောင်းမှုများကို အထူးကြိုးစားပြီး ပြုလုပ်ကျင့်သုံးလျှင် ငရဲမှ လွတ်ကင်းနိုင်သေး၏။ ဝဋ်လိုက်နိုင်သည့် မကောင်းမှုမျိုးကို ကျူးလွန်မိလျှင်ကား ထိုသို့မဟုတ်။ မလွတ်ကင်းနိုင်။ တစ်ချိန်ချိန်မှာ သို့မဟုတ် ဘဝတခုမှာ မလွဲမသွေ ဝဋ်ပြစ်ဝဋ်ဒဏ် ခံရမည်
သာဖြစ်သည်-ဟု နားလည်ကြလေသည်။

Comments
Post a Comment