ရေပန်းများပင်နှင့် ကျွန်းပင် ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည်
ကောက်နှုတ်ချက်
“အင်း–ငါဟာ ရေပန်းများပင်လောက်မှ မလိမ္မာပါကလား၊ သစ်ကြီးဝါးကြီးလို ကျင့်သုံးမိလို့ ယခုလို ဖြစ်ရတာပါကလား”
---------------------------
ရေပန်းများပင်နှင့် ကျွန်းပင်
ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည်
လှေတစင်းသည် ဧရာဝတီ မြစ်ကြောင်းတလျှောက် စုန်ပြေးနေ၏။ ပုဂံ နေပြည်တော်မှ ဟံသာဝတီ ဒလတောကြီးတန်းဘက်သို့ စုန်ပြေးနေ သည့်လှေ ဖြစ်လေသည်။ ထိုလှေပေါ်၌ ရာဇသင်္ကြန်အမတ်ကြီးသည် သာမန် အရပ်သားတယောက် အသွင်အပြင်ဖြင့် လိုက်ပါခဲ့ရလေသည်။ ဗောင်း၊ နားတောင်းစသော သုဓမ္မိန်အမတ်ကြီးတဦး၏ အဆောင်အယောင်တို့နှင့် ကင်းကွာလျက် ရှိနေလေသည်။
ရာဇသင်္ကြန်အမတ်ကြီးသည် ရာထူးကျ နယ်နှင်ခံဘဝဖြင့် လှေပေါ်တွင် လိုက်ပါလာခဲ့ရာမှ လမ်းခရီး၌ ကျွန်းပင်၊ သစ်ပင်ကြီးများ လေပြင်းမုန်တိုင်း ဒဏ်ကြောင့် ကျိုးပဲ့ လဲကျနေသည်ကို တွေ့မြင်ရလေ၏။
တဖန် ကျိုးပဲ့လဲပြိုခြင်းမရှိဘဲ ပကတိအတိုင်း ရှိနေသော ရေပန်းများပင်များကိုလည်း တွေ့မြင်ရလေ၏။
သစ်ကြီး ဝါးကြီးတို့သည် မြင့်မား မတ်စောက်သဖြင့် လေပြင်းဒဏ်ကို မခံနိုင်ကြကုန်။ ရေပန်းများပင်များမှာမူ မြင့်မား မတ်စောက်ခြင်း မရှိသဖြင့် လေပြင်းဒဏ်ကို ခံနိုင်ရည်ရှိကာ မပျက်မစီး ရှင်သန်ကြီးထွားလျက် ပင် ရှိကြ၏။
ဤတွင် ရာဇသင်္ကြန်အမတ်ကြီး၏ စိတ်နှလုံး၌ အတွေးနှင့်အတူ ခံစားမှုတခုလည်း ပေါ်ပေါက်လာလေသည်။ ယင်းခံစားမှုကို မျိုသိပ်မထားနိုင်သဖြင့် နှုတ်ထွက်စကား ပြောကြားလိုက်မိလေသည်။
“အင်း–ငါဟာ ရေပန်းများပင်လောက်မှ မလိမ္မာပါကလား၊ သစ်ကြီးဝါးကြီးလို ကျင့်သုံးမိလို့ ယခုလို ဖြစ်ရတာပါကလား”
ရာဇသင်္ကြန်အမတ်ကြီးသည် ထိုစကားရပ်ကို ပြောကြားရာ၌ လှေပေါ်တွင် လိုက်ပါလာသော မူးမတ်များအား ပြောကြားခြင်း မဟုတ်ပေ။ စိတ်ခံစားမှုအလျောက် သတိသံဝေဂဖြစ်ကာ တကိုယ်တည်း ညည်းတွားလိုက်ခြင်း ဖြစ်လေသည်။
ယင်း နှုတ်ထွက်စကားကြောင့် ရာဇသင်္ကြန်အမတ်ကြီးဘဝသည် တမျိုးတဖုံ ပြောင်းလဲရပြန်လေဦးမည်တည်း။
မင်းမှုထမ်း အမတ်တို့သည် ရာဇသင်္ကြန်အမတ်ကြီးအား ဒလတောကြီးတန်းသို့ ပို့ဆောင်ပြီးနောက် ပုဂံ နေပြည်တော်သို့ ပြန်လည်ရောက်ရှိသောအခါ မိမိတို့ဆောင်ရွက်ချက်များကို နရသီဟပတေ့မင်းထံ ရှင်းလင်းတင်လျှောက်ကြရ၏။ ယင်းသို့ ရှင်းလင်းတင်လျှောက်ကြရာ၌ လမ်းခရီးတွင် ရာဇသင်္ကြန်အမတ်ကြီး၏ နှုတ်ထွက်စကား ညည်းတွားချက်ကို ကြားရသောအခါ နရသီဟပတေ့မင်းသည် စိတ်ဝင်စားလျှက်ရှိ၏။ မည်သို့မျှ မပြောကြားဘဲ ဦးခေါင်းကို အနည်းငယ်မျှ ညိတ်လိုက်လေ၏။
‘ပညာရှိသည်၊ သတိလက်စွဲ၊ ပြုကျင့်မြဲတည့်’ ဟူသော လမ်းညွှန်နီတိအရ ရာဇသင်္ကြန်အမတ်ကြီးသည် မိမိ၏ ထောင်လွှား မာန်မာနကို ဆင်ခြင်မိကာ သတိသံဝေဂ ဖြစ်ပေါ်လာခဲ့၏။ သို့ကြောင့်လည်း ယခင်က ဘုရင်မင်းမြတ်ထံတွင် ပြောကြားခဲ့သည့် နှုတ်ထွက်စကားနှင့် ဆန့်ကျင်ဘက်ဖြစ်သော နီတိစကားမျိုးကို တကိုယ်တည်း ရေရွတ်ပြောဆိုမိခြင်း ဖြစ်လေသည်။ ယင်းသည့် ရေရွတ်ပြောဆိုမှု နှုတ်ထွက်စကားကပင် ရာဇသင်္ကြန်အမတ်ကြီးအား ‘ဒလတောကြီးတန်း’၌ လက်ရှိ နယ်နှင်ခံဘဝနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဘဝသို့ ပို့ဆောင် ပြောင်းလဲပေးလိုက်လေ၏။
ပုဂံ နေပြည်တော်၌ ရာဇသင်္ကြန်အမတ်ကြီးမရှိသည့် နောက်ပိုင်းကာလတွင် နိုင်ငံတော် အရေးအခင်းများ ပေါ်ပေါက်လာလေသည်။ ထိုအခါ နရသီဟပတေ့မင်းသည် မိဖုရားစော၏ အကြံပေးချက်အရ ရာဇသင်္ကြန်အမတ်ကြီးကို ပြန်လည်ခေါ်ယူ၏။ ယခင်ပေးအပ်ထားသော ရာထူးစည်းစိမ် အဆောင်အယောင်များအပြင် အသစ်ထပ်မံ၍လည်း ပေးအပ်ချီးမြှင့်လိုက်လေ၏။ ထို့ပြင် –
“အဘိုး၊ ကျွန်ုပ် စိတ်မာန်အလျောက်ပြုမိချေသည်။ အဘိုး စိတ်နှလုံး မကြည်မသာ မဖြစ်ပါနှင့်” ဟူ၍ သက်ဦးဆံပိုင် အာဏာရှင် ဘုရင်မင်းမြတ်ကိုယ်တိုင်က ထုတ်ဖော် တောင်းပန်ခြင်းကိုလည်း ခံယူရရှိလေသည်။
“ပန်းပွတ်သည် မျိုးနွယ်များ၊ ကောင်းစားနေသဖြင့် . . .” ဟူသော စကားသည် နရသီဟပတေ့အတွက် ခါးသီးစေရုံမျှမက ရာဇသင်္ကြန်အမတ်ကြီး၏ ဘဝကို တဖြစ်လဲ တဆွေ့ခုန် စေနိုင်စွမ်းခဲ့၏။
“ကျွန်ုပ် စိတ်မာန်အလျောက် ပြုမိချေသည်။ စိတ်နှလုံး မကြည်မသာ မဖြစ်ပါနှင့် အဘိုး . . .” ဟူသော စကား၏ သတ္တိသည်လည်း ထက်မြက် ထိရောက်ပါပေ၏။ ရာဇသင်္ကြန်အမတ်ကြီး သည် ဘုရင်နရသီဟပတေ့၏ လိုအပ်ချက်ကို အသက်စွန့်သည်အထိ ပြီးကုန်အောင် ထမ်းရွက်သွားလေသည်။
Comments
Post a Comment