ဗူးရိုးနှင့်အမြုံ မြေလတ်-ကိုကိုစိုး သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ
🌟 ဗူးရိုးနှင့အမြုံ 🌟
မြေလတ်-ကိုကိုစိုး
သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ
ကိုကျော်ဆင့်နှင့် မသန်းလှတို့ လင်မယား ပေါင်းသင်းလာကြသည်မှာ ၄-၅ နှစ် ရှိပေပြီ။ သို့သော် ကလေးဆို၍ တယောက်မှ မရသေးချေ။ မိန်းမကလည်း ကလေးသိပ်လိုချင်သည်။ ဒီတော့ မိန်းမလုပ်သူက ယောက်ျားကို မကြာခဏ အပြစ်တင်တတ်လေသည်။
တနေ့တွင် ထိုအကြောင်း ပြောဆိုနေရင်း မိန်းမက—
“ရှင်ကိုက အသုံးမကျတာ၊ အစွမ်းမရှိဘူး။ ငယ်ငယ်က ဘယ်လောက် အလေလိုက်ခဲ့မှန်းမှ မသိဘဲ။”
“ဟာ-ငါလဲ ကြိုးစားတာပဲ၊ နင်လဲ အသိသားနဲ့။ မရတာ ဘယ်တတ်နိုင်မလဲ၊ ကုသိုလ်ပဲပေါ့။”
“အို....ဘယ်က ကုသိုလ်ရမှာလဲ။ ရှင်အဖြစ်မရှိလို့ အလကားဗူးရိုးက ကုသိုလ်ပေါ့တဲ့။”
“အောင်မာ... ငါဘာမှ မပြောချင်လို့ အသာနားထောင်နေတာ။ ဘာလဲ ငါ့ချည်းအပြစ်ချမနေနဲ့။ နင်က ‘မြုံ’ နေလို့မရတာ၊ ငါကရတယ်။ ဟင်း.... အမြုံမက။”
ဒီလို တယောက်ကိုတယောက် အော်ရင်းဟစ်ရင်းဖြင့် ဒေါသကြီးသထက် ကြီးလာကြသည်။ မျက်နှာတွေလဲ ရဲနေကြသည်။ ဒေါသဖြစ်လွန်းလာသဖြင့် ထိန်းနိုင်သိမ်းနိုင်ခြင်းမရှိ ဖြစ်လာကြပြီး ‘ဗူးရိုး’ လို့ အပြောခံရတဲ့ ကိုကျော်ဆင့်က သူ့ဇာတ်ကြောင်းကို လှန်လေတော့သည်။
“ငါက ဗူးရိုးမဟုတ်လို့ အေးရွှေနဲ့တောင် ကလေးတယောက် ရခဲ့သေးတယ်” ဟု ပြောလိုက်ရာ...
မိန်းမဖြစ်သူ မသန်းလှကလည်း ဒေါသအလျောက် အားကျမခံ—
“ကျုပ်လဲ မမြုံလို့ ကိုတင်မောင်နဲ့ ကလေးတယောက် မွေးခဲ့သေးတယ်” ဟု ရုတ်တရက် ဖော်ကောင်လုပ်လိုက်ပြန်လေသည်။
သူတို့နှစ်ယောက် အိမ်ထောင်ပြုကြတုန်းက လူပျို၊ အပျို ဟုပြောပြီး အိမ်ထောင်ပြုခဲ့ကြခြင်းဖြစ်ရာ၊ ယခုတော့ ‘ဗူးရိုးနှင့်အမြုံ’ ကိစ္စကြောင့် ကိုတင်မောင်နှင့် အေးရွှေ ပြဿနာပေါ်လာပြီး လင်မယားချင်း ကွဲသွားကြရသတည်း။
- မြေလတ်-ကိုကိုစိုး
Comments
Post a Comment