မော်တော်ကားဘယ်ကထွက် သာယာကုန်း - ဘိုးသီ ပြန်ပြောသည် သောကြာစာစောင် (၁၉၆၂ ဧပြီလ)
⭐️ မော်တော်ကားဘယ်ကထွက် ⭐️
စာရေးသူ: သာယာကုန်း - ဘိုးသီ ပြန်ပြောသည်
ထုတ်ဝေမှု: သောကြာစာစောင် (၁၉၆၂ ဧပြီလ)
၁၉၄၇-ခုနှစ်လောက်က ဖြစ်သည်။ ကျွန်တော်တို့ သာစည်မြို့နယ်၊ ကုက္ကိုပေါက်ရွာကျောင်းတွင် ငါးတန်းသားများ ဖြစ်ကြရာ တနေ့တွင် ပညာအုပ်မင်း ဦးသိန်းလှိုင် ရောက်ရှိလာပြီး ကျွန်တော်တို့ အတန်းကို စစ်ဆေးပါတော့သည်။
သင်္ချာဘာသာ၊ မြန်မာစာတို့တွင် အားလုံး ကောင်းစွာ ဖြေနိုင်ကြောင်း ဆရာကြီးအား ချီးကျူးလိုက်ပြီးလျှင် ပထမဦးမေးရန် အခွင့်တောင်းပြီး ကျောင်းသားများအား —
“မော်တော်ကားဘယ်က ထွက်သလဲ” ဟု မေးလိုက်ပါတော့သည်။
အားလုံးကျောင်းသားများမှာ မခဲယဉ်းသော မေးခွန်းဖြစ်သည့်အတွက် လက်ညှိုးများကို သူ့ထက်ငါ အမြင့်ဆုံး ထောင်လိုက်ကြသည်။
ကျောင်းသားများအား တစ်ယောက်ချင်းမေးရာ အမေရိကန်မှထွက်သည်၊ အင်္ဂလန်၊ ဂျပန် အစရှိသည့် နိုင်ငံများ၏ အမည်များကို ပြောပြီး လက်ချသော်လည်း... တစ်စက္ကန့်တွင် အကြိမ်ပေါင်း ၁၅၀၀ မျှ မျက်တောင်ခတ်တတ်သော မောင်စိန်မှာ ပြုံးလျက် အားလုံးဖြေထားသော အဖြေများ မှားနေသည့်အလား စပ်ဖြဲဖြဲလုပ်၍ နေလေရာ... ပညာအုပ်က မောင်စိန်အား —
“မင်းပြောစမ်း... မော်တော်ကားဘယ်က ထွက်သလဲ” ဟု မေးလိုက်၏။
မောင်စိန် ပြောသောစကားကို ကြားလိုက်ရသော ပညာအုပ်နှင့် ဆရာကြီးမှာ ကြောင်အန်းအန်းဖြစ်ပြီး ဟားတိုက်ရယ်မိကြတော့သည်။
မောင်စိန်၏ အဖြေကား မှန်လွန်း၏။ လုံးဝမလွဲ တိကျကို တိကျလွန်းနေသောကြောင့် ခက်နေပြန်၏။ သူဖြေလိုက်ပုံက —
“မော်တော်ယာဉ်ဂိတ်မှ ထွက်သည်” ဟု သတည်း။
သာယာကုန်း - ဘိုးသီ
Comments
Post a Comment