၁၅ မိနစ် အလို မောင်မောင်ပြူး ကြုံရသည် သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
၁၅ မိနစ် အလို
မောင်မောင်ပြူး ကြုံရသည်
သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
မိုးသည် သဲသဲမဲမဲ ရွာချရုံမျှမက တခါတရံ လေသည် ဝှေ့၍ ဝှေ့၍ များပင် တိုက်လိုက်သေးသည်။
မိုးတွင်းချိန်ခါ သွားလာရသော အလုပ်သမားအဖို့ မိုးရွာသည် ဆိုလျှင် အတော်ပင် ကသိကအောက်နှင့် မဟာဒုက္ခကြီး တွေ့ဆုံရသည်မှာ ရန်ကုန်မြို့အဖို့ အတော် အော့နှလုံးနာစရာ ကောင်းလှပေသည်။
နံနက်ရုံးတက်ချိန်မို့ ဘတ်စ်ကားမှတ်တိုင်များတွင် ဘတ်စ်ကားကို စောင့်မျှော်နေကြသော ခရီးသည်များမှာ တတိုင်တတိုင်လျှင် ၃၀ ထက်မနည်း ရှိလေမည်ထင်သည်။ သူတို့သည် ဘယ်အချိန်ကစ၍ စောင့်မျှော်နေကြသည်မသိ။ ယခုတိုင် ဇွဲကြီးတုံးပင်ရှိသေးသည်။ ကျနော်လည်း ဘတ်စ်ကားကို စောင့်မျှော်သည်။ ဘတ်စ်ကားသည် မိနစ်မခြား အဆက်မပြတ်လာသည်။ သို့ရာတွင် ကားတိုင်း လိုလိုပင် ကားပြူတင်းအလုံပိတ်၍ ခရီးသည်များ အပြည့်ပါလာသောကြောင့် လာသမျှကားများ မရပ်ကြချေ။
ကျနော် တော်တော် စိတ်ပျက်မိသည်။ အနီးရှိ လဘက်ရည်ဆိုင်မှ တိုင်ကပ်နာရီကို မော့ကြည့်လိုက်ရာ ၈-နာရီခွဲလေပြီ။ ထိုအတွင်း တိုးကြောင်းကလေး ရထားသည် ရှူးရှူးရှဲရှဲနှင့် ဝင်လာခဲ့တော့၏။
မထူးတော့ပါဘူး ရထားနဲ့ဘဲ သွားတာ ကောင်းပါတယ်ဟု ကိုယ့်ကိုယ်ကို စိတ်ဆုံးဖြတ်၍ ဘူတာရုံသို့ အပြေးအလွှားသွားပြီး လက်မှတ်ဝယ်ခါ ရန်ကုန်သို့ လိုက်ပါလာခဲ့တော့၏။
ရန်ကုန် ဘူတာကြီးသို့ ရောက်သောအခါ ဘူတာရုံ တံတားပေါ်မှ ဖြတ်လျှောက် လာခဲ့သည်။ တံတားကြီးအဆုံး ပန်းဆိုးတန်းသို့ဖြတ်ကူးရန် ဘူတာဆင်ဝင်အောက်တွင် လုံချည်ကို ခပ်တိုတို ခိုင်ခိုင် ပြင်ဝတ်ပြီး ထီးကို ဖွင့်နေစဉ် အသက် ၂၀-နီးပါး သားသား နားနား ဝတ်ဆင် ထားသည့် သနားကမား မိန်းမပျိုတဦးသည် ကျနော့်ဘေးတွင်လာရပ်ပြီး ရွှင်ပြသော မျက်နှာဖြင့် ကျနော့်ကိုကြည့်ကာ-
“အကိုကြီး ပန်းဆိုးတန်းအောက် လမ်းဘက်ကို လမ်းကြုံသလား ဟင်- ကြုံရင် အကို့ထီးနဲ့ခိုကပ်ပြီး ကျမ လိုက်ပါရစေ၊ ကျမလဲ ရုံးချိန်ကလဲနီး နေပြီ ထီးလဲ တနေ့က ရုံးမှာဘယ်သူ ဆွဲသွားတယ် မသိဘူး.... ခုထိအစား မဝယ်နိုင်သေးဘူး....”
ကျနော်သည် ခေတ္တမျှ တွေဝေ သွားသည်။ နောက်ဆုံး သူမ၏သနား စရာအသွင်ကြောင့်-
“အို.... လိုက်နိုင်ပါတယ် လမ်း ကတော့ ကြုံတယ်မဟုတ်ပါဘူး ကျနော့်အလုပ်က လမ်း-၄၀မှာပါ။ ခင်ဗျား သွားချင်တဲ့ဆီ လိုက်ပို့ ပေးပါမယ်။ ကဲ.... လာ အချိန်မရှိဘူး ၉-နာရီထိုးဖို့ ၁၅-မိနစ်ဘဲ လိုတော့တယ်....” ကျနော်က လက်ပတ်နာရီ ရှိသူမဟုတ် နာရီစင်ကို မော့ကြည့်၍ ပြောလိုက်သည်။
မိုးသည် ရွာ၍ကောင်းတုန်း၊ လေကလည်း တိုက်မြဲတိုက်နေသည်။ တခါတရံ လေသည် ကျနော်နဲ့ သူမအား မိုးရေများဖြင့် ပက်ဖျန်း လိုက်သေးသည်။ ထိုအခါများ၌ သူမက ကျနော့်နားကို ပို၍ တိုးကပ်ပြီး ခါးများပင် ဖက်လိုက်သေးသည်။ ထိုရောအခါများ၌ ကျနော့်ရင်ထဲမှာ သုံးဘီးကား ၃-စင်းမျှ အပြိုင်ပြေးနေသည်နှင့် တူနေတော့၏။ သူမကိုယ်မှ မွှေးကြိုင်သင်းပျံ့သည့်ရနံ့ နှင့် မိန်းမနံ့တို့ ရောထားသည့်အနံ့ တမျိုးသည် ကျနော့်နှာဝသို့ ရစ်ဝဲနေသည်။
“ခင်ဗျားနာမည်က ဘယ်လိုခေါ်ပါသလဲ....”
“အကြည်လို့ ခေါ်ပါတယ် အကိုကြီး....”
“ဘယ်မှာနေပါသလဲ....”
“ဆယ်သိန်း ကွက်သစ်မှာ....”
“အော်.... ဒါထက် အကိုကြီး ဘယ်ရုံးမှာလုပ်ပါသလဲ.... ဟင်”
သူမသည် ကျနော့်ခါးကို တင်းကျပ်စွာဖက်၍ မေးလိုက်သည်။
“ကျနော်ကတော့ လမ်း-၄၀ ဟိုမဂ္ဂဇင်းတိုက်က အယ်ဒီတာပေါ့”
ကျနော်တို့သည် စကား တပြောပြောပြောနှင့် ပန်းဆိုးတန်း တခုသောရုံးကြီးရှေ့ သို့ရောက်သောအခါ—
“အကိုကြီး--အကြည်သွားတော့မယ် ကျေးဇူးလဲတင်ပါတယ်၊ နောက်လမ်းမှာတွေ့ရင်လဲ အကြည်ကို ခေါ်ပါနော်....” ဟု ပြောရင်းဆိုရင်း ရုံးကြီးပေါ်သို့ သွက်လက်သော ခြေလှမ်းများဖြင့် တက်သွားသည်ကို ကျနော်က မျက်စိတဆုံးကြည့်ပြီး လမ်း-၄၀ဘက်သို့ ခပ်သုတ်သုတ် လျှောက်လာခဲ့တော့၏။
အလုပ်တိုက်သို့ ရောက်သောအခါ ဖိုမင်ကြီး ဦးသာဒင်သည် စီပြီးသားစာများကို အမှားပြင်ရန် ကျနော့် စာပွဲပေါ်သို့ ပရုရိုက်ပြီး လာတင်သည်။ ကျနော်သည် ပါးစပ်မှ ‘ရွှီ’ ကနဲ လေကိုမှုတ်၍ “ကောင်းလိုက်တဲ့မိုး” ဟု ရေရွတ်ကာ အပေါ်အင်္ကျီကိုချွတ်၍ ကုလားထိုင် နောက်တွင်ချိတ်လိုက်ပြီး-- စာပြင်ရန် ဖေါင်တိန်ကို အပေါ်အင်္ကျီအိတ်ထဲသို့နှိုက် လိုက်ရာ ဖေါင်တိန် အိတ်ထဲတွင်ရှာမတွေ့တော့ပါ။ မကျေနပ်၍ ထပ်ပြီး အားလုံး ရှာသောအခါ အပေါ်အင်္ကျီ အပြင်အိတ်တွင် ထည့်ထားသည့် ငွေ ၂၀ိ -ပါ မှောင်ခိုသွားသည်ကို သိရတော့၏။
“ဟင်....မရှိတော့ဘူး.... ဘယ်ရောက်ကုန်ပြီလဲ”ဟု ပါးစပ်မှ သတိလစ်၍ထွက်သွားမိသည်။
ကျနော်သည် အလုပ်စားပွဲတွင် ထိုင်ပြီး ဠင်းတကြီး ငိုင်သလို ငိုင်နေတော့၏။
အမှန်မှာ မိန်းခလေး တန်ဘဲ့နဲ့ ကျနော့လို ယောင်္ကျားတယောက်၏ ခါးကို အကြောင်းမရှိဘဲ ပုံမှားသဘောဖြင့် စိစိပါအောင်ဖက်ပြီး နှိုက်ယူသွားသည်ကို ကျနော်လို ငနဲက အရသာရှိလေစွဟု အထင်ကြီးပြီး မှိန်းနေ၍ ဤကဲ့သို့ ၉-နာရီ ထိုးသို့ ၁၅-မိနစ်အလိုမှာ ခံလိုက်ရခြင်းဖြစ်သည်။
အို....ဒါတွေပါသွားတာ တန်ဘိုးမများပါဘူး၊ တရုတ်နီ ပတ်ကားတန်လှမှ ၁၅-ကျပ်ပေါ့၊ ငွေ ၂၀ိ ပါနဲ့ဆိုရင် ၃၅-ကျပ်ပေါ့ ဟု စိတ်ကို ဖြေရသော်လည်း သူမက ကျနော့်ခါးကို စိစိပါအောင် ဖက်လိုက်သည့် ၁၅-မိနစ် အတွေ့ကိုတော့ တွေးမိတိုင်း မျက်ရည်လည်မိပါတော့သည်။
မောင်မောင်ပြူး
Comments
Post a Comment