ဘာနားလည်လို့လဲ မန်းသာထွန်း ရေးသည် သောကြာ စာစောင် (၁၉၆၂ မတ်လ)
ဘာနားလည်လို့လဲ
မန်းသာထွန်း ရေးသည်
သောကြာ စာစောင် (၁၉၆၂ မတ်လ)
ခင်လှမျိုးသည် အမျိုးသမီး ရဲအုပ်တယောက်ဖြစ်သည်။ သူ၏ လှပ၍ အချိုးကျသောကိုယ်ခန္ဓာတွင် ရဲအုပ်ယူနီဖောင်းကို ဆင်လိုက်သော အခါ၊ အလွန် ကြည့်၍ ကောင်းလှပေသည်။ ဣန္ဒြေ သိက္ခာ အပြည့်နှင့် ရင့်ကျက်တည်ကြည်လွန်းသော သူ၏ မျက်နှာသားက ရဲရင့်ခြင်းကို အထင်းသား ဖော်ပြလျက်ရှိ၏။ စူးရှ တောက်ပပြောင်သော မျက်လုံးများက ဖျတ်လတ်ခြင်းနှင့် ထက်မြက်ခြင်းတို့ကိုပေါ်လွင်စေလေသည်။
ခင်လှမျိုးသည်၊ ရဲမော်တော်ဆိုင်ကယ်ဖြင့် ဗိုလ်ချုပ်လမ်းအတိုင်းအရှေ့မှ အနောက်သို့ စီးနင်းလာ၏။ ဘေးတွဲ ထိုင်ခုံတွင် သူ၏ တပည့် ရဲသား မောင်ပြုံးက လိုက်ပါလာသည်။ သပ်ရပ်စွာ ဝတ်ဆင်ထားသော ရဲယူနီဖောင်းဖြင့် ခံ့ညားစွာ မော်တော်ဆိုင်ကယ် စီးလာသူ ခင်လှမျိုးကို မြင်ရသော လူအများက ချီးကျူး အားကျသောမျက်လုံးများနှင့်ကြည့်နေကြ၏။
ထိုအချိန်တွင် "ဝုန်း...ဒိုင်း" ဟုသော မြည်ဟီးသံကြီးနှင့် အတူ ပတ်ဝန်းကျင် တဝိုက်တွင် လူအများပြေးလွှား လှုပ်ရှားကာ ယောက်ယက် ခတ်သွားလေသည်။ စစ်ကား တစင်းနှင့် ကုမ္ပဏီ တခုမှ တိုယိုတာ ကားကလေး တစင်းတို့ မျက်နှာချင်းဆိုင် တိုက်မိ ကြခြင်းဖြစ်သည်။
လူအများသည် ဖြစ်ပွားရာသို့ပြေးလွှား ဝိုင်းအုံလာကြသည်။ စစ်ကားမှာ ရှေ့ပိုင်း အနည်းငယ် ပျက်စီး သွားရုံသာ ဖြစ်သော်လည်း ကုမ္ပဏီကားမှာ မူသုံးမရအောင် ကျေမွ ပျက်စီးသွားသည်။ ကုမ္ပဏီကားမှ ဒရိုင်ဘာမှာ ပွဲချင်းပြီး သေဆုံးသွားကာ....ထိုကားပေါ်တွင်ပါသောအခြား လူကြီး တဦးမှာလည်း ဒဏ်ရာအပြင်း အထန်ရရှိ သွားလေသည်။ လူတွေမှာ ဝိုင်းအုံလျက် တယောက် တပေါက် ပြောဆို ဆူညံနေ၏။
ဖြစ်ပွားရာသို့ ခင်လှမျိုးနှင့် သူ၏ တပည့် ရဲသားတို့ ရောက်ရှိ လာကာ အခြေ အနေကို ထိန်းသိမ်းလျက်အမှု အတွက် လုပ်ဆောင်စရာ ရှိသည်တို့ ကိုလုပ် ကိုင်ဆောင်ရွက်ကြလေသည်။ အနီးရှိတိုက် တတိုက် အတွင်းမှ တယ်လီ ဖုန်းဖြင့် အကြောင်း ကြား ချက်အရ သူနာပြုကားလည်း ရောက် ရှိလာ၏။ သတင်းထောက် များက လည်း ဓာတ်ပုံများ တဖျတ်ဖျတ်ရိုက်နေကြ၏ လူ အများမှာ စိတ်ဝင် စားစွာ ဝိုင်း ကြည့်ယင်း၊ ထင်မြင်ချက်များကို အ ချင်းချင်းပြောဆိုနေကြသည်။
“အမှန်အတိုင်း ဖြစ်ဘို့အရေးကြီး တယ်ဗျ-တဘက်က စစ်ကားဆိုတော့ ဘယ်ဘက်မှ မျက်နှာမလိုက်ဘဲတရား နည်းလမ်းမှန်အတိုင်းဖြစ်ဘို့လိုတယ်”
“ဟာ…. ဟုတ်တာပေါ့ ဒီလို လမ်းမှန်အတိုင်း ဖြစ်ဘို့ကလဲ ဖြစ်ပွား ရာမှာ မျက်မြင် ကိုယ်တွေ့ စစ်ဆေးရ တဲ့….ရဲအရာ ရှိ ရဲ့….. စစ်ဆေး ချက် ဆောင်ရွက် ချက်တွေက အရေးကြီး တာဘဲဗျ….”
‘ဟုတ်တယ်…. ဟုတ်တယ်…. ဒီအမျိုးသမီး ရဲ့အုပ်အပေါ်မှာမူတည် နေတာဘဲ”
ခင်လှမျိုးသည် ရဲကြပ်ကြီးတဦးကို လှမ်းခေါ်ကာ ဖြစ်ပွားရာ လမ်းတွင် ယာဉ်များ ဖြတ်သန်း သွားလာခြင်း မရှိရန် … အခိုက် အတန့် လမ်းပိတ် ထားရန်ညွှန်ကြားလိုက်သည်။ ရဲကြပ် ကြီးလည်း အလေးပြုကာ ထွက်ခွါ သွားပြီးနောက်၊ ညွှန်ကြားချက် အ တိုင်း ဆောင်ရွက်နေ၏။
ခင်လှမျိုးသည် ဝဲယာ….ပလက် ဖေါင်းများနှင့် ကားနှစ်စင်း၏ အကွာ အဝေးကို ပေကြိုးဆွဲကာ တိုင်းထွာ မှတ်သားလိုက်၏။ စစ်ကားဒရိုင်ဘာ ရဲဘော်အား အနည်းငယ် စစ်ဆေး မေးမြန်း လိုက်ပြီး နောက်၊ ကုမ္ပဏီ ကား၏ နောက်ပိုင်းသို့၊ တည်ကြည် ခံ့ညားသော ခြေလှမ်းများဖြင့်လျှောက် လာ၏။ ကားလေး၏ နောက်ပိုင်း တွင်ကား- ကားပေါ်မှ အထည် အ လိပ်မျိုးစုံတို့က အလိပ်လိုက်လမ်းပေါ် သို့ ပြေကျကာ ဖရိုဖရဲဖြစ်နေကြလေ သည်။
လူသေ အလောင်းနှင့် ဒဏ်ရာ ရ သူ တို့ကို သူနာပြုကား ပေါ်သို့ တင် နေကြလေပြီ။ သတင်း ထောက်များက လှည့်ပတ်၍ ဓာတ်ပုံ ရိုက်နေကြသည်။ ထိုအယိုက်....
“ဟေ့….မောင်ပြုံး- ဒီဘက်ကို ခဏလာစမ်းဟေ့….”
ခင်လှမျိုးက လှမ်းအော် ခေါ်လိုက်လျှင် သူနာပြုကားမှ အမှုထမ်းများကို အကူအညီပေးနေသူ ရဲသား မောင်ပြုံးက အနီးသို့ ရောက်လာသည်။ ဝိုင်းဝန်း ကြည့်ရှုနေသည့် လူအပေါင်း သည်လည်း အမျိုးသမီး ရဲအရာရှိကပြောမည့် အမှု အတွက် အရေးကြီးသော အချက်ကို ကြားသိလိုသဖြင့်ခင်လှမျိုးရှိရာကားနောက်ပိုင်းသို့ ဝိုင်းအုံလာကြလေသည်။ သတင်းထောက် နှစ်ဦးက လည်း အနီးသို့ ပြေးလာကာ-ဓာတ်ပုံရိုက်ရန် အသင့်ပြင်နေကြ၏။
“ဘာလဲ- မမ- ဘာတွေ့လို့လဲ” ရဲသားမောင်ပြုံးက မေးလိုက်၏။
ခင်လှမျိုးသည် သူ၏ ခြေထောက် အနီး လမ်းပေါ်တွင် ပုံကျနေသည့် နိုင်လွန် အထည် အုပ် တအုပ်ကိုလက်ညှိုးထိုးပြကာ အမိန့်ပေးလိုက်၏။
“ဒီ အထည်အုပ်ကို သက်သေခံ ပစ္စည်း အဖြစ်သိမ်းယူခဲ့”
“ဟင်း….မမကလဲ-သွေးစွန်းနေတာက ဟို ရှေ့ပိုင်းက ပေါ်ပလင်အုပ်ပါ-ဒီအုပ်က ဘာမှမစွန်းဘဲနဲ့။” မောင်ပြုံးက ခင်လှမျိုး၏ အမှားကို ပြရန် သတိပေးလိုက်၏။
ရဲသားမောင်ပြုံးထက်အစစအရာရာတွင် ပိုမိုတတ်သိလိမ္မာကျွမ်းကျင်၍ အရည် အချင်းရှိသော ရဲအုပ် ခင်လှမျိုးက အကျိုး အကြောင်းကို ရှင်းပြလိုက်သည်။ ထိုအခါမှ မောင်ပြုံးနှင့်တကွ ဝိုင်းအုံနေကြသောလူအပေါင်း၏ နှုတ်မှ “ဟယ်….” ကနဲ အံ့ဩထိတ်လန့်စွာ….မြည်တမ်းလိုက်မိကြသည်။ ခင်လှမျိုးကား ဆောင်ရွက် စရာရှိသည်တို့ကို တည်ကြည် ရင့်ကျက်သော ဣန္ဒြေဖြင့် ဆက်လက် ဆောင်ရွက်နေလေသတည်း။
အဲ….အဲ…. အမျိုး သမီး ရဲအုပ် ဒေါ်ခင်လှမျိုး ပြောဆိုရှင်းပြ လိုက်သည့် စကားကတော့၊ အလွန် မှတ်သား စရာကောင်းသဗျ။
“ဟေ့-ကောင်….မင်းဘာ နားလည်လို့လဲ- ဒီနိုင်လွန်အုပ်က နောက်ဆုံးပေါ်တဲ့ အဆင်ဆန်းကွ”
မန်းသာထွန်း
Comments
Post a Comment