တောင်ငူခေတ် ပေါရာဇာ၊ ရာဇဝင် (ဂုဏ်ထူးပြုတ်) စာပေါလောက သွေးသောက် မဂ္ဂဇင်း


 

တောင်ငူခေတ်

ပေါရာဇာ၊ ရာဇဝင် (ဂုဏ်ထူးပြုတ်) 

ရဟန်းလူထွက်ဖြစ်သော သမိန်ထောရာမသည် ဆင်မြင်းဗိုလ်ပါစုရုံးသည်မှာ စင်စစ်တွင် စစ်တုရင် ထိုးရန်မဟုတ်ဘဲ သံလျင်ကို တိုက်ခိုက်သိမ်းယူလေ၏။ မြန်မာရာဇဝင်များတွင် သမိန်ထောရာမသည် သံလျင် ကိုသိမ်းယူပြီးသော် အခိုင်အမာနေသaည်ဟုသာ သာမန်အားဖြင့် ဆိုကြကုန်၏။ အခိုင်အမာနေခြင်းသည် မည်သို့မည်ပုံနေခြင်းဖြစ်သည်ကိုမူ အသေးစိတ်ဖေါ်ပြနိုင်စွမ်းမရှိချေ။ 

သို့ဖြစ်လေရာ ကျွန်ုပ်မဟာပညာကျော် ပေါရာဇာသည့် သမိုင်းပေးတာဝန်အရ (သမိုင်းအရပ်နံဘေး ရှိ တာရိုးကိုကြီးကြပ်ရသော ဝန်ထောက်နှင့်တော့ ဘာမျှမဆိုင်ပါလေ။) ရှေးမြန်မာရာဇဝင်တို့၏ လွတ်ကွက်၊ ဟာကွက်များကို ဖြည့်တင်းဆည်းပူးနိုင်စေခြင်းအလိုငှာ ခြောက်ပြားတန်ဦးခေါင်းကို အသုံးပြု၍ နှစ်ပြားတန် စကားကို ဆိုပေတော့အံ့။ 

သမိန်ထောရာမ အခိုင်အမာနေခြင်းမှာ အောက်ပါ နေပုံနေနည်းများအနက် တခုခုသောနည်းဖြင့် နေခြင်းဖြစ်ရပေမည်။ သံဖြင့်ဆောက်ထားသော အိမ်ထဲတွင် သံချပ်အင်္ကျီဝတ်၍ သံဒုတ်ကိုင်ကာ နေထိုင်ခြင်း လည်း ဖြစ်သင့်သည်။ 

ထိုသို့မဟုတ်ပါကလည်း မြေတွင်တဝက်မြုပ်ထားသော သံတောင် တရာ့နှစ်ဆယ်ရှိ သံတိုင်ကြီးတွင် လည်ပင်း၊ ခါးနှင့်ခြေထောက်တို့ကို ပူးတွဲ၍ ကြိုးကြီးကြီးဖြင့် စည်းနှောင်ကာနေထိုင်ခြင်းလည်း ဖြစ်တန်ရာ သည်။ 

ထိုသို့မဟုတ်ပြန်ဘူးဟု ဆိုပြန်ပါလျှင် (ဘယ်အကောင်ကများ လာလာဆိုနေသည်တော့ မသိ) တကိုယ်လုံး အင်္ဂတေလောင်း၍ အခြောက်ခံနေခြင်းလည်း ဖြစ်တန်ရာသည်။ 

သို့ရာတွင် ဤနည်းလမ်းသုံးရပ်တွင် အခက်အခဲသုံးရပ်လည်း အသီးသီးရှိနေကြပေ၏။ သံချပ်အင်္ကျီ ကြီးကို တဝတ်ထဲဝတ်၍ အမြဲတစေနေသည်ဆိုသော် အိုက်လျှင် ယပ်ခတ်ရ ခက်ရုံသာမက၊ ကျောလယ် ကောင်က ယားလာလျှင် အကုပ်ရ လွန်စွာခက်သည်ကို ခြောက်ပြားတန် ဦးနှောက်က တွေး၍ရသည်။ ကောင်းပြီ..... ဤနည်းကား မဟန်သဖြင့် ပယ်အံ့။ 

သံတိုင်ကြီးတွင် လည်ပင်း၊ ခါးနှင့် ခြေထောက်တို့ကို ပူးတွဲ၍ အခိုင်အမာချည်နှောင်ထားသောနည်း ကို အသုံးပြုခဲ့သည်ဆိုကြပါစို့။ နှပ်ညှစ်ပြီး ပုဆိုးစနှင့်သုတ်ရန်မှာ အလွန်တရာခက်ခဲရုံမက၊ လက်တွေ့အား ဖြင့် ဖြစ်ကိုမဖြစ်နိုင်သည်ကို ကွင်းဆင်း၍ လေ့လာပြီးသူတိုင်း သိကြပေလိမ့်မည်။ ဤနည်းလည်း မဟန် သဖြင့် ပယ်ကြပါဦးအံ့။ 

နောက်ဆုံးနည်းဖြစ်သော တကိုယ်လုံး အင်္ဂတေလောင်းထား၍ အခိုင်အမာနေမည်ဆိုသော် အသက် ရှူခြင်း လုံးဝရပ်ဆိုင်းသွားမည် ဖြစ်သောကြောင့် အနားက မည်သည့်ရံရွေတော်သည် အလစ်တွင် လေလည် သွားသည်ကို မသိနိုင်ဖြစ်ရချေတော့မည်။ လေလည်သည်ကို မသိနိုင်ခြင်းကား ရှင်ဘုရင်တို့၏ သိက္ခာကို ထိခိုက်နိုင်သည်ဖြစ်သောကြောင့် ဤနည်းကိုလည်း သမိန်ထောရာမသည် ကျင့်သုံးလိမ့်မည်ဟူ၍ ကျွန်ုပ် ပေါရာဇာသည် နှစ်ရှည်လများ . သုံးသပ်၍ ပယ်လိုက်သည်။ 

ထိုကြောင့် အခိုင်အမာနေသည်ဟူသောစကားသည် လုံးဝမဖြစ်နိုင်ပါ။ ထိုကြောင့်ပင် ဘုရင့်နောင် သည် အလွယ်တကူ တိုက်ခိုက်သိမ်းယူသွားနိုင်ခြင်း ဖြစ်ပေ၏။ 

ပေါရာဇာ၊ ရာဇဝင်၊ (ရာထူးပြုတ်) 

စာပေါလောက 

သွေးသောက် မဂ္ဂဇင်း 


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်