စိတ်ပညာဆရာကြီး ကိုချစ်စရာလေး (မိုးကုတ်) သောကြာ စာစောင် ၁၉၆၂ မေလ



 စိတ်ပညာဆရာကြီး


ကိုချစ်စရာလေး (မိုးကုတ်)


သောကြာ စာစောင် ၁၉၆၂ မေလ


စိတ်ပညာဆရာကြီးဆိုလို့လဲ၊ ဟို ဆရာကြီးကို စောင်းရေးတယ်များ ထင်နေပါသလားခင်ဗျာ။ မဟုတ်ရေးချမဟုတ်ပါဘဲ။


ကျနော်ဘယ်သူ့ကိုမှ စောင်းရေးတာမဟုတ်ပါဘူး၊ တည့်တည့်ကြီးကို ဒါရိုက်ဟစ်လိုက်တာပါ။


ကျနော်ရေးမည့်အညတြ ငတိကတော့ စိတ်ကိုပုံအမျိုးမျိုးနဲ့ အတွေးအခေါ်ဆန်းနေတတ်တဲ့ ကျနော့်သူငယ်ချင်း ‘မောင်မောင်ကိုကြီးရွှေ’ ဖြစ်ပါတယ်။ ကျနော်တို့ အချစ်ဆုံး သူငယ်ချင်းလေးယောက်ထဲမှာတော့၊ ငနဲဟာ အပြောကောင်း၊ အဟောကောင်းတာနဲ့အမျှ ဆန်းဆန်းကြယ်ကြယ်လဲ စိတ်ကူးတတ်တဲ့ အကောင်ဗျ။ ဒါကြောင့်လဲ ကျနော်က သူ့ကို စိတ်ပညာဆရာကြီးလို့ ကင်ပွန်းတပ်လိုက်တာပါ။ အဲ … အဲ… အဲဒီစိတ်ပညာဆရာကြီးအကြောင်း တည့်တည့်ကြီး ရေးချလိုက်တာပါခင်ဗျား။


ဇာတ်လမ်းကဒီလိုခင်ဗျ။ လွန်ခဲ့တဲ့နှစ်က ကျနော် ပုဂံဆောင်မှာနေတုန်း၊ တည သူ ကျနော့်ဆီလာလည်တယ်။ ထုံးစံအတိုင်းပေါ့ဗျာ အပြောကောင်း အဟောကောင်းနဲ့ စိတ်ကူးယဉ်ယဉ်ကြီးတွေ ငြင်းခုန်လေပန်းရင်း ကျနော့်ကို လာအနှောက် အယှက်ပေးတာပေါ့။ လေကလဲ အတောမသတ်နိုင်ချေဘူးခင်ဗျ။ လေပန်းကောင်းနေရင်းနဲ့ပဲ သန်းခေါင်တိုင်ပါရော။ ကျနော်ကလဲ အိပ်ချင်ပြီ.... ဒါနဲ့....


“ကဲ....ဟေ့ကောင်၊ ဒီမိန်းမတွေ.... ဒီအချစ်ကိစ္စတွေအသာထားအုန်းဟေ့၊ အိပ်ချင်ပြီ မင်းလဲ ဒီမှာပဲအိပ်တော့ မနက်မှပြန်”


ဒီကောင်က ခါတိုင်းလဲ ဒီလိုပဲ သန်းခေါင်-သန်းနွဲ လာ လေပန်းပြီး ကျနော့်ဆီမှာ အိပ်သွားလေ့ရှိတော့ ပြောပြောဆိုဆိုပဲ တယောက်အိပ် ခုတင်ကျဉ်းကျဉ်းမှာ နှစ်ယောက်သား ကွေးလိုက်ကြရတယ်။


ဒါတောင် ဒီကောင်က ပါးစပ်ပိတ်၊ မျက်စိမှိတ် မအိပ်သေးဘူးခင်ဗျ။ သူ့ထင်မြင်ယူဆချက်တွေ တင်ပြနေပြန်သေးတယ်။ ကဲ-ပြောချင်တာပြောဆိုပြီး ကျနော်ကအသာမှိန်းရင်း အင်း လိုက်နေရတယ်။ ဆောင်းကလဲ ဆောင်းတွင်း၊ ကွေးလို့လဲ ကောင်းမို့ တယောက်နဲ့ တယောက် ဒူးခြင်းခိုက်အောင်ကွေးအိပ်ကြတော့ ခုတင်ဟာ ပိုကျဉ်းသွားတာပေါ့။ စောင်ကလဲ သူနဲနဲ ကိုယ်နဲနဲ ဆွဲခြုံရင်းက၊ သူ့ဆီရောက်လိုက် ကိုယ်ဆီရောက်လိုက်နဲ့ မပြီးဆုံးနိုင်တဲ့ ကားကို အတောမသတ်သေးဘဲ ပြောရင်းပြောရင်းက ကျနော်ဘယ်အချိန်မှာ မှေးကနဲ အိပ်ပျော်သွားသည်မသိ။


အိပ်မက်ထဲမှာ ဘားဒေါ့ကော၊ ဆိုဒီယာလောရင်းကော တပြိုင်ထဲ ရောက်နေတယ်။ ကောင်းခန်းရောက်တော့မှဲ အခိုက်ကလေးမှာပဲ ကျနော့်ကိုယ်ကို ငနဲကလှုပ်ရင်း...


“ဟေ့ကောင်..အိုင်မောင်.... အိုင်မောင်”နဲ့ ကျနော့်ကို ခေါ်သံ ကြားလိုက်ပါရော၊ ကျနော့်မှာ အရေးကောင်း ဒိန်းဒေါင်းဖျက်သလို အောင့်သက်သက်ကြီး ဖြစ်ပြီးတော့ ခပ်ငေါက်ငေါက်ပဲ “ဘာလဲကွ....ဘာလဲ”လို့ အိပ်မှုစူမွှားနဲ့ ပြန်ထူးလိုက်တယ်။


ငတိက- “ဟေ့....အိုင်မောင် အိုင်မောင်” ခေါ်ပြီး ဘာမှ မပြောသေးဘဲသူက နိုးသထက် နိုးအောင် နှိုးနေပြန်သေးတော့တယ်။ ဒါနဲ့ ကျနော်ကလဲ....


“ဘာလဲကွ.... ဘာဖြစ်သလဲ.... သူခိုးလား....ဘာလဲကွ ... ဟင်” ဆိုပြီး မျက်လုံးကျယ်ပြီး အလန့်တကြား ဖြစ်လိုက်မိတယ်။ တက္ကသိုလ်တဝိုက်မှာကလဲ သူခိုးပူနေချိန်၊ ကျောင်းသားတွေကလဲ အုပ်စုလိုက် အစွမ်းပြနေချိန်မို့ ကျနော်လဲ ခေါင်းထောင်လာတာပေါ့။


“မဟုတ်ပါဘူးကွ .. အိုင်မောင် မင်းပြောတာတွေတခုမှ မဟုတ်ဘူး။ ငါပြောမယ်ကွ....ငါတညလုံး ဒီကိစ္စ စဉ်းစားတယ်။ စိတ်တိုင်းကျအဖြေကို မထွက်ဘူး”


“ဘာလဲကွ .. မင်းဟာက အလန့်တကြား မနက်မှပြောရင် မဖြစ်ဘူးလားကွ.... လခွီးမှပဲ”


“ငါ စိတ်မကျေနပ်လို့ကွ....ငါ ပြောမယ်....ဟိုကွာ....ငါ မိန်းမရပြီ ဆိုပါတော့....အတူတူ အိပ်ကြရောကွာ....”


“ဟေ... မြတ်စွာဘုရား ကယ်တော်မူပါ....”


ကျနော်က ဘုရားတမိပါတယ်။ ဒါပေမဲ့သူက ဆက်ပြောတယ် ခင်ဗျ။ သူပြောလိုက်မှဘဲ ကျနော် စိတ်လဲတို စိတ်လဲပျက်၊ ဒေါသလဲ ထွက်ပြီး သူ့ကို တအား ခုတင်ပေါ်က ကန်ချလိုက်မိတယ်ခင်ဗျ။ ဘယ်နှယ်ခင်ဗျာ ဘယ်လိုသတ္တဝါနဲ့ လာဆုံဆည်းနေရတယ်မဆိုနိုင်ဘူး။ ဘုရားစူးရစေ၊ ဒီလောက် ရွှေဉာဏ်တော် စူးရောက်ပြီး စိတ်ကူးဉာဏ် ဆန်းသစ်ထက်မြက်လွန်းတဲ့ စိတ်ပညာ ဆရာကြီးကိုတော့ မတွေ့ဘူး၊ မကြုံဖူး၊ မကြားဖူးပါဘူးခင်ဗျာ။ သူက ဘယ်လောက်များ စိတ္တဗေဒဆန်တဲ့ပုစ္ဆာကို မေးလိုက်သလဲဆိုတော့.... မိတ်ဆွေစဉ်းစားကြည့်ပါ။ ကျနော် ခုတင်ပေါ်က ကန်မချသင့်ပါကလားခင်ဗျာ။ သူ့အမေးက


“အဲ....မိန်းမရရင်၊ အဲသလိုအတူတူ အိပ်ကြလို့ မိန်းမက အီး-ပေါက်လိုက်ရင် ဘယ်နှယ်လုပ်မလဲ--ဟင်”


တဲ့....ခင်ဗျား။


ကိုချစ်စရာလေး (မိုးကုတ်)

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်