ဆက်ဗာစတိုပိုးလ် တိုက်ပွဲ
ဆက်ဗာစတိုပိုးလ် တိုက်ပွဲ
ကရိုင်းမီးယားစစ်ပွဲ(၁၈၅၄-၅၆)အတွင်း ဗြိတိန်၊ ပြင်သစ်၊ တူရကီနှင့် ဆာဒီးနီးယားတပ်များသည် ရုရှားနိုင်ငံ ပင်လယ်နက် ရေတပ်ကြီး၏ အခြေစိုက်စခန်းမြို့ဖြစ်သော ဆက်ဗာစတိုပိုးလ်မြို့ကို ၁၁ လကြာ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။
သမိုင်းနောက်ခံ
ရုရှားဘုရင် ပထမမြောက်ဇာနီကိုလပ်စ်သည် ၁၈၅၃ ခုနှစ် မေလ ၅ ရက်နေ့တွင် မင်းသား မင်ရှီကော့ကို တူရကီနိုင်ငံ သို့ စေလွှတ်ခဲ့ပြီး ကုချ်ဟတ်ကိုင်နာဂျီ (၁၇၇၄) စာချုပ်နှင့် အာဒရီယာနိုပယ်လ် (၁၈၂၉)စာချုပ်တို့အရ တူရကီပိုင်နက်အတွင်း ရှိ ခရစ်ယာန်ဘာသာ၏ မြင့်မြတ်သော နေရာများကို ရုရှားနိုင်ငံက ကာကွယ် စောင့်ရှောက်ပိုင်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် ရုရှားတို့အဖို့ ကျေနပ်ဖွယ်ရာသော အဖြေကို မရရှိခဲ့ပေ။
ထို့ကြောင့် ရုရှားဘုရင် နီကိုလပ်စ်သည် ဇွန်လ ၂၇ ရက်နေ့တွင် မော်လ်ဒေးဗီးယား နှင့် ဝါလာချီးယား နယ်များကို သိမ်းပိုက်ရန် အမိန့်ထုတ်ပြန်လိုက်ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ရုရှားတပ်များသည် ပရပ်မြစ်ကို ဖြတ်ကျော်ခဲ့သည်။ ထိုပြဿနာကို ဗြိတိန်၊ ပြင်သစ်၊ ဩစတြီးယားနှင့် ပရပ်ရှားနိုင်ငံများမှ ကိုယ်စားလှယ်များသည် ဗီယင်နာမြို့တွင် ဇူလိုင်လအတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး “တူရကီနိုင်ငံသည် ခရစ်ယာန်ဘာသာကို ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ ထိုစာချုပ်များအတိုင်း လိုက်နာရမည်”ဖြစ်ကြောင်း ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။ သို့သော် တူရကီအစိုးရက ခရစ်ယာန်ဘာသာအား ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို မိမိဘာသာ ယူမည်ဖြစ်ကြောင်း၊ ထိုကိစ္စတွင် အခြား နိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှုကို မလိုလားကြောင်းဖြင့် သြဂုတ်လ ၁၉ ရက်နေ့တွင် တုံ့ပြန်ကြေညာခဲ့သည်။
ထိုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် တူရကီနိုင်ငံသည် ရုရှားနိုင်ငံအား စစ်ကြေညာခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ရုရှားနိုင်ငံက ပြန်လည်စစ်ကြေညာခဲ့သည်။ ၁၈၅၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် မော်လ်ဒေးဗီးယားနှင့် ဝါလာချီးယားနယ်များမှ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာပေးရန် ရုရှားနိုင်ငံကို ရာဇသံပေးခဲ့သည်။ မတ်လ ၁၂ ရက်နေ့တွင် ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် စစ်မဟာမိတ် ဖွဲ့စည်းပြီး ယင်းတို့ပေးပို့ခဲ့သော ရာဇသံကို အကြောင်းမပြန်သော ရုရှားနိုင်ငံကို မတ်လ ၂၇ ရက်နေ့တွင် စစ်ကြေညာခဲ့သည်။ သို့ဖြင့် ကရိုင်းမီးယားစစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
ဆက်ဗာစတိုပိုးလ် ခံတပ်
ကရိုင်းမီးယားကျွန်းဆွယ်ရှိ ဆက်ဗာစတိုပိုးလ်မြို့သည် ဆိပ်ကမ်းမြို့တမြို့ဖြစ်ပြီး ပထဝီအနေအထားအရ ပင်လယ်နက်ဒေသတွင် အရေးပါသော အနေအထားရှိသည်။ ထို့ပြင် ရုရှားနိုင်ငံ ပင်လယ်နက်ရေတပ်ကြီး၏ အခြေစိုက်စခန်းလည်း ဖြစ်သည်။ ထို့ကြောင့်မဟာမိတ်နိုင်ငံများသည် ထိုမြို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုမြို့ကိုတိုက်ခိုက်ခြင်းဖြင့် မဟာမိတ်ရေတပ်အင်အားကို အသုံးပြုနိုင်မည်ဖြစ်ပြီး ပင်လယ်နက်ဒေသတွင် ရုရှားတို့၏ အသာရနေမှုများကိုလည်း ဖျက်ဆီးနိုင်မည်ဖြစ်သည်။
ဆက်ဗာစတိုပိုးလ်မြို့ခံတပ်သည် ဒုတိယမြောက် ကက်သရန်းဘုရင်မလက်ထက် ၁၇၈၆ ခုနှစ်မှစ၍ အကြီးအကျယ် ဆောက်လုပ်ခဲ့သောခံတပ်ဖြစ်ပြီး ထိုခံတပ်ကို ထိုးစစ်နှင့်ခံစစ် နှစ်ရပ်စလုံးအတွက် အသုံးပြုနိုင်စေရန် လိုအပ်ချက်မှန်သမျှကို အလျှံပယ် စီစဉ်ထားခဲ့သည်။ ကရိုင်းမီးယားစစ်ပွဲ ဖြစ်ပွားချိန်တွင် ထိုခံတပ်သည် ကရိုင်းမီးယားကျွန်းဆွယ်တွင် အတောင့်တင်းဆုံး ခံတပ်တခုအဖြစ် ရပ်တည်လျက်ရှိသည်။
မဟာမိတ်တပ်များ စစ်ချီခြင်း
မာရှယ်စိန်အာနိုးလ်နှင့် လော့ဒ်ရက်လန် တို့ ခေါင်းဆောင်သော စုစုပေါင်းအင်အား ၆၃,၀၀၀ခန့်ရှိတူရကီ၊ ပြင်သစ်နှင့်ဗြိတိသျှတပ်များသည် ယင်းတို့၏ရေတပ်ဖြင့် ဗာနာမြို့မှ ထွက်ခွာလာခဲ့ပြီး ပင်လယ်နက်ကိုဖြတ်ကူးကာ ၁၈၅၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကရိုင်းမီးယားကျွန်းဆွယ်၏ အနောက်ဘက်ကမ်းခြေရှိ ယူပါတိုးရီးယားမြို့သို့ ရောက်ရှိခဲ့ကြသည်။ ထိုမြို့သည် ဆက်ဗာစတိုပိုးလ်မြို့၏မြောက်ဘက် မိုင် ၂၀ခန့်အကွာတွင် ရှိသည်။ ထို့နောက် မဟာမိတ်တပ်များသည် ဆက်ဗာစတိုပိုးလ်မြို့သို့ ဦးတည်၍ ချီတက်လာခဲ့ရာ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အဲလ်မာမြစ်၏ မြောက်ဘက်ကမ်းပေါ်၌ တပ်စွဲထားသော မင်းသား မင်ရှီကော့ဗ်ခေါင်းဆောင်သည့် အင်အား ၂၀,၀၀၀ ခန့်ရှိ ရုရှားတပ်များနှင့် တွေ့ဆုံမိပြီး အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မဟာမိတ်တပ်များဘက်မှ အင်အား ၃,၃၀၀ ခန့် သေကြေ ဒဏ်ရာရရှိခဲ့ပြီး ရုရှားဘက်မှ ၅,၅၀၀ ခန့် သေကြေ ဒဏ်ရာရရှိခဲ့ကြသည်။ ထိုသို့ရုရှားတပ်များ အရေးနိမ့်ကာ ဆုတ်ခွာသွားခဲ့သောကြောင့် ဆက်ဗာစတိုပိုးလ်မြို့သို့ ချီတက်ရန် လမ်းကြောင်းပွင့်သွားခဲ့သည်။
ဆက်ဗာစတိုပိုးလ်မြို့ ခံတပ်တွင် ဂျင်နရယ်တော့လဲဗဲန် ဦးဆောင်သော ရုရှားတပ်များက အခိုင်အမာ တပ်စွဲထားကြသည်။ ထိုစဉ်ကသာ မဟာမိတ်တပ်များသည် မြို့ကို ချက်ချင်း တိုက်မည်ဆိုပါက အောင်မြင်ရန် အလားအလာများ ရှိနေခဲ့သော်လည်း မတိုက်ခဲ့ကြချေ။ ထို့ပြင် မြို့၏ ထောက်ပံ့ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက် သွားစေရန် မြို့၏မြောက်ဘက်မှ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ရမည့်အစား မဟာမိတ်တပ်များသည် ပို၍ ရှည်လျား ကြမ်းတမ်းသော ခရီးလမ်းကြောင်းအတိုင်း မြို့၏တောင်ဘက်သို့ ချီတက်သွားခဲ့ကြပြီး ယင်းတွင် တပ်စွဲထားခဲ့ကြသည်။ ထိုနေရာတွင် စခန်းချရခြင်း၏ ရည်ရွယ်ချက်မှာ ပင်လယ်ဘက်မှသာ ရရှိနိုင်မည့် ယင်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းနှင့် နီးကပ်နေစေရန် ဖြစ်သည်။ ခံတပ်အတွင်းရှိ ရုရှားတပ်များသည် မဟာမိတ်တပ်များ ထိုသို့မြို့၏ တောင်ဘက်သို့ ချီတက်နေစဉ်ကာလအတွင်း မိမိတို့၏ခံတပ်ကို ပိုမို တောင့်တင်းခိုင်မာစေရန် ပြင်ဆင် စီစဉ်ထားနိုင်ခဲ့ကြသည်။
နှစ်ဖက်တပ်များ၏ အနေအထားနှင့် အင်အား
ရုရှားတို့သည် မဟာမိတ်ရေတပ်၏ရန်ကို ကာကွယ်ရန် မြို့၏ ဆိပ်ကမ်း အဝင်တွင် ယင်းတို့၏ ပင်လယ်နက်ရေတပ်မှ သင်္ဘော ခုနစ်စင်းကို ဖောက်ခွဲနစ်မြှုပ်ထားခဲ့ကြသည်။ မြို့အရှေ့ဘက်ရှိ တောင်ကုန်းထူထပ်သော အရပ်တွင် မင်ရှီကော့ဗ်၏ တပ်များ တပ်စွဲထားသည်။ ထို့ပြင် မြို့၏မြောက်ဘက်ရှိ ရုရှားပြည်တွင်းမှ ထောက်ပံ့ ဆက်သွယ်ရေးလမ်းကြောင်းသည်လည်း ပွင့်လျက်ရှိသည်။
မဟာမိတ်တို့၏ ရေတပ်သည် ဆက်ဗာစတိုပိုးလ်မြို့၏ တောင်ဘက်ရှိ မိုင်အနည်းငယ်သာကွာဝေးသော ဘာလာကလာဗာမြို့တွင် တပ်စွဲထားသည်။ ဆက်ဗာစတိုပိုးလ်မြို့ကိုတိုက်မည့် မဟာမိတ် တပ်များသည် အခြေစိုက်စခန်းဖြစ်သည့် ဘာလာကလာဗာမြို့ရှိ ရေတပ်နှင့် အလွယ်တကူ အဆက်အသွယ် ပြုလုပ်နိုင်မည့် ဆက်ဗာစတိုပိုးလ်မြို့မှ ခြောက်မိုင်ကွာအရပ်ရှိ ကာဇာတ်ပင်လယ်ကွေ့နှင့် ကာမစ်ရှ် ပင်လယ်ကွေ့အကြားတွင် တပ်စွဲထားခဲ့ကြသည်။
ဆက်ဗာစတိုပိုးလ်မြို့ခံတပ်အတွင်း ဂျင်နရယ် တော့လဲဗဲန်၏ လက်အောက်တွင် စစ်သည်အင်အား ၂၀,၀၀၀ ခန့်ရှိပြီး ယင်းတို့ အားလုံးလိုလိုမှာ ရေတပ်သားများဖြစ်ကြကာ အမြောက် အလက် ၃၄၀ခန့်ရှိသည်။ မဟာမိတ်တပ်များ၏ အင်အား စုစုပေါင်းမှာ ၆၀,၀၀၀ ခန့်ရှိပြီး အမြောက်လက်နက် ၁၂၆ လက်ရှိသည်။ မဟာမိတ် တပ်ပေါင်းစု ပြင်သစ်တပ်တော်မှ မာရှယ်စိန်အာနိုးလ်သည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သဖြင့် ယင်း၏နေရာကို ဂျင်နရယ်ကန်ရိုဘတ် က ဆက်ခံခဲ့သည်။
မဟာမိတ်တို့၏ စစ်ရေး အစီအစဉ်မှာ မြို့ကို ဝိုင်းဝန်း ပိတ်ဆို့ထားကာ အစာရေစာပြတ်တောက်စေခြင်းဖြင့် အညံ့ခံစေရန် မဟုတ်ဘဲ မြို့တွင်းသို့ အမြောက်ကြီးများဖြင့် ပစ်ခတ်ချေမှုန်းခြင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြင့် သိမ်းယူရန်ဖြစ်သည်။
ပထမတိုက်ပွဲ
မဟာမိတ်တပ်များသည် အောက်တိုဘာလ ၁၇ ရက်နေ့ ရောက်သောအခါ စတင်တိုက်ခိုက်ကြသည်။ ထိုသို့ မတိုက်မီကာလအတွင်း မြို့တွင်းသို့ ရုရှားစစ်ကူအင်အား ၃၀၀၀ ကျော် ထပ်မံ ရောက်ရှိလာခဲ့သည်။
မဟာမိတ်တပ်များသည် နံနက် ၆ နာရီခွဲအချိန်တွင် အမြောက်များနှင့် အပြင်းအထန် စတင်ပစ်ခတ်ကြသည်။ မြို့တွင်းရှိ ရုရှားတပ်များကလည်း အပြင်းအထန်ပင် ပြန်လှန် ခုခံပစ်ခတ်ကြသည်။ မဟာမိတ်တပ်များဘက်မှ ပစ်ခတ်သော အမြောက်ဆန်များကြောင့်ခံတပ်၏ နေရာအတော်များများတွင် ပျက်စီး ကျိုးပဲ့သွားခဲ့သည်။ သို့သော် နံနက် ၁၀ နာရီခန့်တွင် မဟာမိတ်တပ်များဘက်မှ ယမ်းတိုက်တခု စတင်ပေါက်ကွဲသွားပြီး နောက်ထပ်နှစ်ခုလည်း ဆက်တိုက် ပေါက်ကွဲခဲ့ရာ လူအမြောက်အမြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး အမြောက်လက်နက် အများအပြား ပျက်စီးသွားခဲ့သည်။
မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် မဟာမိတ်ရေတပ် ရောက်ရှိလာပြီး မြို့ကို အမြောက်များနှင့် စတင်ပစ်ခတ် တိုက်ခိုက်ကြသည်။ သို့သော် မြို့၏ သင်္ဘောဆိပ်အဝင်တွင် ရုရှားသင်္ဘောများ နစ်မြှုပ်ထားသောကြောင့် ရေတပ်ဖြင့်တိုက်ခိုက်မှုမှာ မထိရောက်လှချေ။
မဟာမိတ်တပ်များသည် တပတ်ခန့်ကြာသည်အထိ မြို့တွင်းသို့ အမြောက်များနှင့် ပစ်ခတ် တိုက်ခိုက်ကြသေးသော်လည်း နောက်ဆုံးတွင် ထိုးစစ်ကို ရွှေ့ဆိုင်းလိုက်သည်။
ရုရှားတို့၏ တုံ့ပြန်ထိုးစစ်
ထိုသို့ မဟာမိတ်များသည် ဆက်ဗာစတိုပိုးလ်မြို့ကို ထိုးစစ်ဆင်ရန် ဖင့်နွှဲလျက်ရှိစဉ် ၁၈၅၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့၌ မင်ရှီကော့ဗ်၏ တပ်တော်မှ ဂျင်နရယ်လီပရန်ဒီ ဦးဆောင်သော အင်အား ၂၀,၀၀၀ ခန့်ရှိ ရုရှားတပ်များသည် မဟာမိတ်တို့၏ အခြေစိုက် စခန်းမြို့ဖြစ်သော ဘာလာကလာဗာကို ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ကြသည်။ တိုက်ပွဲ၏ အစပိုင်းတွင် ရုရှားတပ်များက အရေးသာခဲ့သော်လည်း မဟာမိတ်တပ်များ၏ အပြင်းအထန် ခုခံမှုကြောင့် ရုရှားတပ်များ ပြန်လည်ဆုတ်ခွာသွားကြရသည်။ ထိုတိုက်ပွဲအတွင်း မဟာမိတ်တပ်များဘက်မှ မြင်းတပ်မဟာတခုမှာ အလွန် ထင်ရှားကျော်ကြားခဲ့သည်။ ထိုတပ်မဟာတွင် အင်အား ၇၀၀ ခန့်ရှိသည့်အနက် ၅၀၀ နီးပါးခန့် သေကြေ ဒဏ်ရာရရှိခဲ့ကြသည်။ ရုရှားတပ်များသည် မြို့ကိုမသိမ်းနိုင်ခဲ့သော်လည်း မဟာမိတ်တပ်များဘက်မှ ကတုတ်ကျင်းသုံးခုကို သိမ်းယူနိုင်ခဲ့ပြီး ထိုတိုက်ပွဲအပြီးတွင် အင်ကာမန်မြေနှင့် ဆက်ဗာစတိုပိုးလ်မြို့ တောင်ဘက်ရှိ မဟာမိတ်တပ်စခန်းများကို ဆက်သွယ်ထားသည့် လမ်းမကြီးကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။
နောက်တနေ့တွင် ဆက်ဗာစတိုပိုးလ် မြို့တွင်းမှ အင်အား ၅၀၀၀ ခန့်ရှိ ရုရှားတပ်များသည်လည်း မဟာမိတ် တပ်စခန်းများကို ထွက်၍တိုက်ကြသေးသည်။ ထိုသို့ ရုရှားတပ်များ၏ တုံ့ပြန်ထိုးစစ်ဆင်မှုကြောင့် လော့ဒ်ရက်လန်သည် ဘာလာကလာဗာမြို့ ဆိပ်ကမ်းရှိ ရေတပ် သင်္ဘောများ၏ တစိတ်တဒေသကိုပင် ဆုတ်ခွာနေစေရန် အမိန့်ပေးထားခဲ့ရသည်။
မင်ရှီကော့ဗ်ထံ ရုရှားမှ နောက်ထပ်စစ်ကူများ ရောက်ရှိလာပြီးနောက် ရုရှားတပ်များသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဆက်ဗာစတိုပိုးလ်မြို့၏ အနောက်တောင်ဘက်ရှိ အင်ကာမန်တောင်နှာမောင်းပေါ်၌ တပ်စွဲထားသော မဟာမိတ်စခန်းများကို ထပ်မံ၍ ထိုးစစ်ဆင်ပြန်သည်။ ဂျင်နရယ်ဒန်းနင်ဘတ်ဦးစီးသော ထိုထိုးစစ်တွင် စစ်သည်အင်အား ၄၂,၀၀၀ ခန့် ပါဝင်သည်။ ရုရှားတပ်များသည် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်ရာ စစ်ကြောင်းတကြောင်းမှာ မြောက်ဘက်မှချီလာသော စစ်ကြောင်းဖြစ်ပြီး အခြားစစ်ကြောင်းတကြောင်းမှာ ဆက်ဗာစတိုပိုးလ်မြို့တွင်းမှ ထွက်၍တိုက်သော စစ်ကြောင်းဖြစ်သည်။
မဟာမိတ်တပ်များသည် ရုရှားတို့၏ ထိုးစစ်ကို အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရာ ရုရှားတို့ဘက်မှ ၁၀,၀၀၀ ကျော် သေကြေဒဏ်ရာ ရရှိခဲ့ပြီး မဟာမိတ်တပ်များဘက်မှ ၄၀၀၀ ကျော် သေကြေဒဏ်ရာ ရရှိခဲ့ကြသည်။
ထိုသို့ ရုရှားတပ်များ၏ တုံ့ပြန်ထိုးစစ်ဆင်မှုကြောင့် မဟာမိတ်တို့၏ ဆက်ဗာစတိုပိုးလ်မြို့ကို သိမ်းပိုက်မည့် ထိုးစစ်မှာ များစွာ နှောင့်နှေး ကြန့်ကြာခဲ့ရသည်။
ရာသီဥတုနှင့် ရောဂါဘယ
ကရိုင်းမီးယားဒေသ၏ ရာသီဥတုမှာ အလွန် ဆိုးရွားပြီး ရောဂါဘယလည်း အလွန်ထူပြောလှသည်။ ထို့ကြောင့် မဟာမိတ်တပ်များသည် ရုရှားတပ်များကိုသာမက ရာသီဥတုနှင့် ရောဂါဘယများကိုပါ ရင်ဆိုင်ကြရသည်။ ရောဂါဘယကြောင့် ဆေးရုံတက် ကုသကြရသည့် စစ်သည်များအနက် ၁၈၅၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ၄၂ ရာခိုင်နှုန်း သေဆုံးသွားခဲ့ပြီး မတ်လအတွင်း ၅၆ ရာခိုင်နှုန်း သေဆုံးသွားခဲ့ကြသည်။ ၁၈၅၄ ခုနှစ် အောက်တိုဘာလမှ ၁၈၅၅ ခုနှစ် ဧပြီလအတွင်း ရောဂါဘယဖြစ်ပွားမှုသက်သက်ကြောင့် ဗြိတိသျှစစ်သည် ၁၀၀၅၃ ဦး သေဆုံးသွားခဲ့သည်။ ထိုကာလအတွင်း အခြား အကြောင်းများကြောင့် သေဆုံးခဲ့သူများ အပါအဝင် ဗြိတိသျှတပ်များ၏ အဆုံးအရှုံး စုစုပေါင်းမှာ ၁၁,၆၅၂ ဦး ရှိသည်။ ထိုကာလအတွင်းမှာပင် ပြင်သစ်စစ်သည် စုစုပေါင်း ၁၁,၄၈၅ ဦး ဆုံးရှုံးခဲ့သည်။
မဟာမိတ်တပ်များထံ စစ်ကူများ ထပ်မံရောက်ရှိခဲ့သော်လည်း ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်းမှာ ပင်လယ်နက်ကို ဖြတ်ကျော်လာရသဖြင့် ရှည်လျားခက်ခဲလှနေရာ မဟာမိတ်တပ်များအဖို့ ဆေးဝါးနှင့် စားနပ်ရိက္ခာ ချို့တဲ့မှုဒဏ်ကို အမြဲလိုလို ခံစားရလျက်ရှိသည်။ အထူးသဖြင့် ဆိုးရွားပြင်းထန်လှသော ကရိုင်းမီးယား ဒေသ၏ ဆောင်းရာသီအတွင်း မဟာမိတ် စစ်သည်များမှာ အနွေးထည်ပင် လုံလုံလောက်လောက်မရှိဘဲ ရာသီဥတုဒဏ်ကို အပြင်းအထန် ခံစားခဲ့ကြရသည်။
၁၈၅၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လေပြင်းမုန်တိုင်းကြီး တိုက်ခတ်ပြန်ရာ ဆေးဝါးပစ္စည်းများ၊ လက်နက်ခဲယမ်းမီးကျောက်များနှင့် စားနပ်ရိက္ခာ အမြောက်အမြားနှင့် သင်္ဘော ၄၀ စင်း ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူအမြောက်အမြား သေဆုံးခဲ့ရပြန်သည်။ ထိုသို့သော အကြောင်းအမျိုးမျိုးကြောင့် မဟာမိတ်တပ်များသည် ဆက်ဗာစတိုပိုးလ်မြို့ကို ထိုးစစ်ဆင်ရန် ဆောင်းရာသီ ကုန်ဆုံးသည်အထိ စောင့်ဆိုင်းနေခဲ့ကြရသည်။ ၁၈၅၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် မဟာမိတ်တပ်ပေါင်းစု ဗြိတိသျှတပ်တော်မှ လော့ဒ်ရက်လန်သည် ဖျားနာပြီး ကွယ်လွန်သွားသောကြောင့် ယင်း၏နေရာကို ဂျင်နရယ်ဆင်မဆွန် က ဆက်ခံခဲ့သည်။
ထိုကာလအတွင်း မဟာမိတ် တပ်များသည် ခံတပ်ကို အမြောက်များနှင့် ပစ်ခတ်ကြသကဲ့သို့ ရုရှားတပ်များကလည်း မဟာမိတ်တပ်များကို မကြာခဏ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ဆက်ဗာစတိုပိုးလ်မြို့ပြင်ရှိ မင်ရှီကော့ဗ်၏ တပ်တော်မှ တပ်များသာမက မြို့တွင်းမှတပ်များသည်ပင် မဟာမိတ်တပ်စခန်းများကို တခါတရံ ထွက်၍ တိုက်ခိုက်တတ်ကြသည်။
နောက်ဆုံးတိုက်ပွဲ
နောက်ဆုံးတိုက်ပွဲ မတိုင်မီကာလအတွင်း မဟာမိတ်တပ်များသည် အမြောက်များ၊ စိန်ပြောင်းများ၊ ခဲယမ်းမီးကျောက်၊ ရိက္ခာများနှင့် စစ်ကူ အမြောက်အမြား ဖြည့်တင်းနိုင်ခဲ့သည့်အပြင် ၁၈၅၅ ခုနှစ် ဇန်နဝါရီလတွင် မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်လာသော ဆာဒီးနီးယားမှ စစ်သည်အင်အား ၁၅,၀၀၀ ထပ်မံရောက်ရှိလာခဲ့သည်။ သို့ဖြင့် မဟာမိတ်တပ်အင်အား စုစုပေါင်း တသိန်းခွဲအထိ စုစည်းမိလာခဲ့သည်။
၁၈၅၅ ခုနှစ် မေလကုန်ခန့်တွင် မဟာမိတ် ရေတပ်သည် အဇော့ဗ်ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ကရိုင်းမီးယားဒေသသို့ ရုရှားတို့၏ ရေလမ်းခရီးဖြင့် ထောက်ပံ့ဆက်သွယ်မှုများကို ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့သည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် မဟာမိတ် တပ်များသည် နောက်ဆုံးတိုက်ပွဲ၏ ပဏာမအဖြစ် ဆက်ဗာစတိုပိုးလ်မြို့ကို အမြောက်များ၊ စိန်ပြောင်းများဖြင့် အပြင်းအထန် စတင်ပစ်ခတ်ကြသည်။
ထိုသို့ နေ့ရောညပါ သုံးရက်တိုင်တိုင် ဆက်တိုက် ပစ်ခတ်ပြီးနောက် စက်တင်ဘာလ ၈ ရက်နေ့တွင် ထိုးစစ်ကို စတင်ရန် သတ်မှတ်ခဲ့သည်။ မြို့တွင်းရှိ ရုရှားတပ်များ အငိုက်မိစေရန် ရုရှားစစ်သည်များ တာဝန်မှ အနားရချိန်ဖြစ်သော နေ့လယ်ပိုင်းအချိန်တွင် ထိုးစစ်ကို စတင်ခဲ့သည်။
မဟာမိတ် တပ်များသည် သုံးနေရာခွဲ၍ ထိုးစစ်ဆင်ကြရာ မြို့၏ အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ပြင်သစ်တပ်များကလည်းကောင်း၊ မြို့၏ တောင်ဘက်စူးစူးတွင် ဗြိတိသျှတပ်များကလည်းကောင်း တပြိုင်နက် ချီတက်တိုက်ခိုက်ကြပြီး မဟာမိတ်ရေတပ်မှ သင်္ဘောများကလည်း မြို့အနီးသို့ နီးနိုင်သမျှနီးအောင် ချဉ်းကပ်ပြီး အမြောက်များနှင့် ကူပစ်ပေးခဲ့သည်။ ထိုထိုးစစ်၏ အမိကအကျဆုံး ပစ်မှတ်အဖြစ် မြို့၏ အရှေ့တောင်ဘက်ပိုင်းတွင်ရှိသော မာလာကော့ဗ် တောင်ကုန်းထိပ်ရှိ ခံတပ်ကို သတ်မှတ်ထားကြသည်။ ထိုခံတပ်ကို ပြင်သစ် ဂျင်နရယ် ပဲလစ်ဆီးယဲ ၏ တပ်မက ထိုးစစ်ဆင်ခဲ့သည်။
တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားရာ အခြားနေရာများတွင် မဟာမိတ် တပ်များက မသိမ်းပိုက်နိုင်သေး သော်လည်း မာလာကော့ဗ် ခံတပ်ကို လက်တကမ်း တိုက်ပွဲဖြစ်ပွားပြီး ပဲလစ်ဆီးယဲ၏ တပ်မက စီးမိသွားသည်။ ရုရှားတို့သည် ပုဆိန်များ၊ ဓားလှံများ၊ ကျောက်တုံးများ စသည့် ရရာ လက်နက်များဖြင့် အကြိတ်အနယ် ခုခံကြသေးသော်လည်း ထိုခံတပ်ကို လက်လွှတ်လိုက်ကြရသည်။ ရုရှားတပ်များသည် ထိုခံတပ်ကို ပြန်လည် သိမ်းပိုက်မိရန် အကျအဆုံးများစွာဖြင့် အကြိမ်ကြိမ် တုံ့ပြန် ထိုးစစ်ဆင်ကြသေးသော်လည်း ပဲလစ်ဆီးယဲ၏တပ်မသည် မဆုတ်မနစ် ရွတ်ရွတ်ချွံချွံ တွန်းလှန်တိုက်ထုတ် ပစ်နိုင်ခဲ့ကြသည်။
ထိုးစစ် စတင်ပြီး ၅ နာရီခန့် ကြာသည်အထိ နှစ်ဖက်တပ်များ အပြင်းအထန် တိုက်ခိုက်ကြပြီးနောက် ရုရှား တပ်များသည်ဆုတ်ခွာရန် စတင်ပြင်ဆင်ကြသည်။ ထိုသို့ ဆုတ်ခွာခြင်းကို မရိပ်မိစေရန်နှင့် ရန်သူများ မြို့တွင်းသို့ ရုတ်တရက် မဝင်ရောက်စေနိုင်ရန် ရုရှားတို့သည် မြို့ကြီးတခုလုံးအား ဖောက်ခွဲမီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ ရှုပ်ထွေးလျက်ရှိသော အခြေအနေနှင့် အမှောင်ထုကို အကာအကွယ်ပြု၍ ရုရှားတပ်များသည် မြို့တွင်းမှ ထွက်ကြပြီးနောက် လှေသင်္ဘောများကို ဆက်စပ်ပြုလုပ်ထားသော တံတားမှဆင့် ပင်လယ်ကွေ့ကို ဖြတ်ကူးကာ ဆုတ်ခွာသွားခဲ့ကြသည်။
ထိုတိုက်ပွဲတွင် မဟာမိတ်တပ်များဘက်မှ စစ်သည် ၁၀,၀၀၀ ကျော်နှင့် ရုရှားတပ်များဘက်မှ ၁၂,၀၀၀ ကျော် သေကြေဒဏ်ရာ ရရှိခဲ့ကြသည်။ ထို့ကြောင့် ထိုတိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှ ကျဆုံးဒဏ်ရာရသူ စုစုပေါင်းမှာ ဂျင်နရယ်အဆင့်ရှိသူ ၁၉ ဦး အပါအဝင် စစ်သည် ၂၃,၀၀၀ ကျော်ခန့်ရှိသည်။
သို့ဖြင့် ၁၈၅၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၈၅၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့အထိ ၁၁ လကြာ တိုက်ခိုက်ခဲ့ရသော ဆက်ဗာစတိုပိုးလ်တိုက်ပွဲသည် ပြီးဆုံးသွားခဲ့သည်။
တိုက်ပွဲမှ သင်ခန်းစာ
ဆက်ဗာစတိုပိုးလ် တိုက်ပွဲကို ပြန်လည် ဆန်းစစ်ကြည့်ပါက ထိုတိုက်ပွဲသည် မြို့ကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်သော တိုက်ပွဲ မဟုတ်ကြောင်းကို တွေ့ရှိရသည်။ ထိုအချက်သည် တိုက်ပွဲ ကာလ ရှည်ကြာရသော အကြောင်းရင်းတရပ် ဖြစ်သည်။ မဟာမိတ်တပ်များသည် အဲလ်မာတိုက်ပွဲအပြီးတွင် မင်ရှီကော့ဗ်၏ တပ်များကို လိုက်လံ မချေမှုန်းခဲ့ရုံမျှမက ပိုမိုအားနည်းသော အပိုင်းဖြစ်သည့် မြို့၏ မြောက်ဘက်ကို ထောက်လျှောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းလည်း မရှိချေ။ ထိုစဉ်ကသာ မြို့ကို ချက်ချင်း ထိုးစစ်ဆင်မည်ဆိုပါက မြို့တွင်းရှိ ရုရှားတပ်များအဖို့ မြို့ကို ပိုမိုတောင့်တင်းအောင် ပြုလုပ်ရန် အချိန်ရမည်မဟုတ်သည့်အပြင် စစ်ကူများကိုလည်း ထပ်မံ ရရှိနိုင်မည် မဟုတ်သောကြောင့် အောင်မြင်ရန် အလားအလာများ ရှိနေခဲ့သည်။
မဟာမိတ်များသည် မြို့၏မြောက်ဘက်ရှိ ရုရှားတို့၏ ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်းကို မပိတ်ဆို့ခဲ့သဖြင့် မြို့တွင်းရှိ ရုရှားတပ်များသည် ရုရှားပြည်တွင်းမှ ပေးပို့သော လူသူ လက်နက်ရိက္ခာ အကူအညီများကို ဆက်လက် ရရှိနေခဲ့သောကြောင့် ကာလရှည်ကြာစွာ မြို့ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့ပြင် မြို့ပြင်ရှိ မင်ရှီကော့ဗ်၏ တပ်များကိုလည်း လိုက်လံ ချေမှုန်းမထားခဲ့သဖြင့် ထိုတပ်များသည် မဟာမိတ်တပ်များကို အစဉ် ခြိမ်းခြောက် အနှောင့်အယှက်ပေးနေနိုင်ခဲ့သည်။
စင်စစ်တွင် မဟာမိတ်တပ်များအဖို့ ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်း ရှည်လျားခက်ခဲလှပြီး ရာသီဥတု ဆိုးရွား၍ ရောဂါဘယ ထူပြောလှသော ကရိုင်းမီးယား ဒေသတွင် မြို့သိမ်း တိုက်ပွဲတပွဲကို ထိုသို့ ကာလရှည်ကြာစွာ ဆင်နွှဲနေရခြင်းမှာ မလွယ်ကူလှချေ။ ယင်းတို့၏ ထောက်ပံ့ရေးအစီအစဉ်မှာလည်း အလွန်ညံ့ဖျင်းလှသောကြောင့် မလိုအပ်ဘဲ အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ကြရသည်။ ယင်းတို့ထံ ပေးပို့သော ခြေစွပ်နှင့် ခြေအိတ် အမြောက်အမြားသည် ကလေးဝတ်များဖြစ်နေပြီး ဖိနပ်များ၊ အနွေးထည်များမှာလည်း ဝတ်၍မရအောင် သေးငယ်လျက်ရှိကြရုံမျှမက တကြိမ်တွင် ဖိနပ်အမြောက်အမြား ပေးပို့လိုက်ရာ အားလုံးမှာ ဗယ်ဘက်ချည်း ဖြစ်လျက်ရှိသည်ဟု ဆိုသည်။
ဆက်ဗာစတိုပိုးလ် တိုက်ပွဲသည် ကြည်း၊ ရေ နှစ်သွယ်စပ်ဆိုင်သော တိုက်ပွဲဖြစ်ရာ ရုရှားရေတပ်ထက် ပိုမို စွမ်းအားကြီးမားသော မဟာမိတ် ရေတပ်က ရေပြင်ကို စိုးမိုးထားနိုင်ခဲ့ခြင်းသည် မဟာမိတ်တို့ စစ်အောင်ရခြင်း၏ အခြေခံ အချက်တရပ်ပင် ဖြစ်လေသည်။
Comments
Post a Comment