အညာဘုရားပွဲ စာရေးဆရာ - သိပ္ပံမောင်ဝ (မောင်လူအေး)

 


**အညာဘုရားပွဲ**

စာရေးဆရာ - သိပ္ပံမောင်ဝ (မောင်လူအေး)

အညာဘုရားပွဲကား ဘုရားပွဲလည်းဖြစ်၏။ ဈေးပွဲကြီးလည်းဖြစ်လေသည်။ အညာတွင် ဘုရားပွဲ သွားကြသည်မှာ ဘုရားလည်းဖူးရင်း လိပ်ဥလည်း တူးရင်း၊ လိပ်မကြီးကိုလည်း ဖမ်းရင်း သွားကြခြင်းဖြစ်၏။ ဘုရားလည်း ဖူးရ၊ ပျော်လည်းပျော်ပါကြ၊ ဈေးလည်း ရောင်းရ တစ်ချက်ခုတ် သုံးချက်ပြတ်သော အညာ ဘုရားပွဲများပေတည်း။


အညာတွင် ဘုရားပွဲသွားသူတို့သည် မိမိတို့၌ ရောင်းရန်ရှိသော အရာဝတ္ထုများကို ယူဆောင်သွားကြပြီးလျှင် ဆိုင်များခင်းကျင်း၍ ရောင်းချကြလေသည်။ တစ်ဦးတွင် ပါလာသော ပစ္စည်းကို တစ်ဦးကဝယ်နှင့် ပစ္စည်းများကို ဘုရားပွဲ၌ ဖလှယ်လေ့ရှိကြလေသည်။ နံနက်ခင်းတွင် အရောင်းအဝယ် လုပ်ကြပြီးနောက် ညနေ မိုးချုပ်လျှင် ပွဲကြည့်သူကြည့် ဘုရားဖူးသူဖူး လှည့်လည် ကြည့်ရှုသူ ကြည့်ရှုနှင့် နေကြလေသည်။


အညာဘုရားပွဲကား ဘုရားပွဲနှင့် ဈေးကို တွဲ၍ထားသောကြောင့် တစ်လ ကိုးသီတင်း စည်ကားလေ့ရှိလေသည်။ ရွှေစက်တော်ဘုရားပွဲမှာ တစ်လကျော်ကျော် နှစ်လနီးပါး စည်ကား၏။ ကျောင်းတော်ရာ၊ မြသလွန်၊ ကုသိုနန္ဒာရုံ ဘုရားပွဲတို့ကား ၁၀- ရက်ထက် မနည်းစည်ကားလေသည်။


စလင်းကုသိုနန္ဒာရုံပွဲကား ကဆုန်လဆန်း ၈ ရက်၊ ၉ ရက်မှစ၍ လပြည့်ကျော် ၉ ရက်၊ ၁၀ ရက်တိုင်အောင် စည်ကားလေသည်။ ဘုရားပွဲကို စသည့်နေ့ ကတည်းက စလင်းမြူနီစီပယ်ဈေး တစ်ဈေးလုံး ဘုရားပွဲသို့ ရောက်သွားလေသည်။ ဈေးဆိုင် တစ်ဆိုင်မျှ ဈေးအတွင်း၌ မရှိတော့ပြီ။ ဈေးတံခါးကို ပိတ်၍ ထားရ၏။ ကုန်ကုန်ပြောရလျှင် ဈေးအတွင်း၌ ခွေးများ၊ ကြောင်များပင် မရှိ။ သူတို့လည်းဘုရားပွဲသို့ ရောက် ကုန်ကြပြီဟု ထင်ရ၏။


ဈေးဝယ်လိုသူများ နံနက်တိုင်း ညနေတိုင်း ဘုရားပွဲသို့သာ သွား၍ ဝယ်ကြရလေသည်။ မြူနီစီပယ်ဈေးတွင်သာ ဆိုင်များမရှိသည် မဟုတ်၊ ဈေးအနီး ကုလားအထည်ဆိုင်၊ တရုတ် ကုန်စုံဆိုင်တို့လည်း ဘုရားပွဲသို့ ရောက်ကုန်ကြလေပြီ။ ဤဆိုင်များသာ မကသေး၊ ကာဖီဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်၊ အသုပ်ဆိုင်မှ စ၍ မြို့တွင်းရှိမျှသောဆိုင်တို့မှာ ဘုရားပရားပွဲသို့ ရောက်ကုန်ကြပြီ ဖြစ်သောကြောင့် တစ်မြို့လုံး တိတ်လျက်သာ နေလေတော့သည်။ ဘုရားပွဲမှာသာလျှင် ဆူညံနေတော့၏။


အဝေးအနီးရွာများမှ လာကြသော သူတို့လည်း မနည်းပြီ။ မိုင်ပေါင်း သုံးလေးဆယ်မှပင် လာရောက်ကြလေသည်။ မုန်းကမ်းတစ်လျှောက် ချင်းတောင်တစ်ဝိုက်မှလည်း လာကြကုန်၏။ မိုးတွင်းတွင် စားသောက်သုံးဆောင်ရန် ပစ္စည်းအလုံအလောက်ကို ဤဘုရားပွဲ၌ လာရောက်ဝယ်လေ့ရှိကြလေသည်။ မိမိတို့၌ ရောင်းရန်ရှိသော ပစ္စည်းများကိုလည်း ဤဘုရားပွဲမှာပင် လာ၍ ရောင်းကြလေသည်။ ဤဘုရားပွဲတွင် လိုလေသေးမရှိရ အားလုံးရနိုင်လေသည်။ အထည်အလိပ်၊ ငါးပိ၊ ငါးခြောက်၊ ကြက်သွန်၊ ငရုတ်သီး၊ ဆေးဖက်၊ ရမ်း၊ ထွန်းတုံး၊ ခြင်းတောင်း စားသှေးကျောက်၊ ကျောက်ပြင်မှစ၍ များလှစွာ။ ရေတွက်၍ ပြနေရလျှင် ဆုံးခန်းတိုင် ရောက်နိုင်ဖွယ်မရှိ။ ကုသိုနန္ဒာရုံ ဘုရားဘေးရှိ ကွင်းပြင်ကြီးမှာ အထူးစည်ကားလျက် နေတော့၏။


ထိုကွင်းပြင်ကြီးအတွင်း ကိုယ့်လူစုနှင့်ကိုယ်၊ လှည်းဝိုင်းကြီးများကို ချကာ ချက်ပြုတ် စားသောက်နေကြသည်မှာ ပျော်စရာကောင်းလှပေတော့သည်။ စားအိုး၊ စားခွက်များနှင့် လာကြသောသူတို့ပေတည်း။ အောက်အရပ်တွင်မူကား မော်တော်ဘတ်စ်၊ မော်တော်ကားတို့ ကျက်စားရာနေရာ ဖြစ်သောကြောင့် လှည်းဝိုင်းကြီးများကို ဘုရားပွဲ၌ မမြင်ရတော့ပြီ။ လှည်းဝိုင်းကြီးများ အစား မော်တော်ကား၊ မော်တော်ဘတ်စ်ဝိုင်းကြီးများကိုသာလျှင် မြင်ရတော့၏။ အခုသွား၊ အခုရောက်၊ အခုပြန် အညာဘုရားပွဲများမှာလောက် ပျော်စရာ ကောင်းမည်မထင်။ ကိုယ့်အသက် ကိုယ့်မက်လုံးကလေးများနှင့် သွားသူတို့အဖို့ကား မပြောနိုင်ပေ။


တောသူ တောင်သားတို့ကား ဤကုသိုနန္ဒာရုံ ဘုရားပွဲ အချိန်တွင် ငွေချေးယူခြင်း၊ အကြွေးဆပ်ခြင်း၊ လယ်အချိမ်း စာချုပ်ခြင်း၊ ပေါင်နှံခြင်းတို့၏ ပြုလုပ်လေ့ရှိကြလေသည်။


မြို့တွင် တစ်စုံတစ်ခုရာ ပြုလုပ်ဆောင်ရွက်ရန် ရှိလျှင် ဘုရားပွဲတိုင်အောင် စောင့်ဆိုင်းနေလေ့ရှိနေကြလေသည်။


ဘုရားပွဲအချိန်ကျမှသာလျှင် ဘုရားပွဲသို့လာရင်း တစ်ပါတည်း ဆောင်ရွက်ဖွယ်ရှိသည်တို့ကို ဆောင်ရွက်သွားကြလေသည်။ ဘုရားပွဲအချိန်တွင် ဘုရားပွဲသာလျှင် လူစည်ကားသည်မဟုတ်၊ အစိုးရရုံးများတွင်လည်း လူစည်ကားသည်ပင်။ ရေစာဇာရီ စာရေးကား မအားရတော့ပြီ။ ခါတိုင်း တစ်နေ့လျှင် ရေစာဇာရီစာချုပ်သုံးလေးစောင်အပြင် မလုပ်ရ၊ ဘုရားပွဲအချိန်တွင်ကား တစ်နေ့လျှင် စာချုပ်ပေါင်း ၁၅ စောင်ထက်မနည်း ပြုလုပ်ပေးရလေသည်။ ဘုရားပွဲ လာရင်းမှ စာချုပ်ဝင်၍ ချုပ်သွားခြင်းဖြစ်လေသည်။


မောင်လူအေးသည် ဘုရားပွဲအတွင်း တစ်ညသ၌ ညစာစားသောက်ပြီးလျှင်ပြီးချင်း အဝတ်အစား ညစ်ညစ်များကို ဝတ်စားကာ တစ်ယောက်တည်း ဘုရားပွဲသို့ ထွက်သွားသော ဟူ၏။ ညအခါ၌ဘုရားပွဲတွင် တောသူတောင်သားတို့က များသောကြောင့် မောင်လူအေးအား မည်သူမှ မဟုတ်မိချေ။ မိမိတို့ကဲ့သို့ တောသားဟုရှ်ပင် သဘောထားကြလေသည်။ တောသားနှင့် မောင်လူအေး၊ မောင်လူအေးနှင့် တောသား၊ တစ်စားတည်း ဖြစ်နေလေပြီ။ မောင်လူအေး ဝမ်းမြောက်မိတော့၏။ လွတ်လပ်ခြင်းကို ရလေပြီ။ တောသားများနှင့် တိုးဝှေ့ခွင့်ကိုရလေပြီ။ တောသားတို့၏ နဂိုသဘောထားအပြုအမူများကို တွေ့မြင်ရတော့မည်။


လက်ဦးဆုံး ကြက်တူရွေး ဆပ်ကပ်သို့ ရောက်၍ သွား၏။ ဆပ်ကပ်ရှေ့တွင် တောသားများ ဝိုင်းအုံနေကြသောကြောင့် တိုး၍မပေါက်။ ပိုက်ဆံပေးနိုင်သူတို့ကား တစ်ပဲစီပေး၍ ဝင်သွားကုန်ပြီ။ ပိုက်ဆံမပေးနိုင်သော သူတို့မှာမူ ဆပ်ကပ်ရုံရှေ့တွင် ဆွဲထားသော အရုပ်ကားများကို ကြည့်ကာသာလျှင် မှတ်ချက်ချနေကြကုန်၏။


‘မူးစေ့နှင့် မတ်စေ့ကို ခွဲခြားပြီး ကြက်တူရွေးက ပြနိုင်တယ်ဆိုတာ ဟုတ်နိုင်ပါမလား’ ဟု အင်္ကျီမရှိ ဆံပင်တိုနှင့် လူကမေး၏။


‘ဟာ သင်ထားရင် တတ်မှာပေါ့ကွာ၊ စကားတောင် တတ်သေးတာပဲ ကြက်တူရွေးဆိုတဲ့ အကောင်မျိုးဟာ အင်မတန် လိမ္မာတာ ကလားကွာ’ ဟု မျက်နှာသုတ်ပုဝါ ခေါင်းမှာ ပေါင်းထားသူက ဖြေလေသည်။


‘ငါ ဝင်ကြည့်စမ်းချင် ပါဘိတော့ကွာ၊ ပိုက်ဆံမရှိလို့’ ပထမလူကပြော။



‘မထူးပါဘူးကွာ’ ဟု ဒုတိယလူက ဆို။


ဤသို့ တောသားနှစ်ယောက် စကားဆိုနေကြခိုက် အနီးတွင် ဝါးခနဲ ကလေးငိုသံကို ကြားရ၏။ အမေလုပ်သူက ‘မနက်ဖြန်မှကြည့် ငါ့သား၊ မငိုနဲ့၊ မနက်ဖြန်မှကြည့်’ ဟု ကလေးကို နှစ်သိမ့်စေလေသည်။


ကြက်တူရွေး ဆပ်ကပ်ရှေ့တွင် တောသားများနှင့် တိုးလားဝှေ့လား လုပ်ပြီးနောက် လှည်းဝိုင်းများ ချထားရာဘက်သို့ ထွက်လာခဲ့ပြန်၏။


ထိုလှည်းဝိုင်းများ ချထားရာတွင်ကား လှည်းပေါင်းငါးရာ ခြောက်ရာထက် မနည်းပြီ။ အလွန်စည်ကားလှပေ၏။ ထိုတစ်ဝိုက်တွင် လရောင်အပြင် အခြား မီးဟူ၍မရှိ။ လှည်းဝိုင်းတစ်ဝိုက်တွင် ဟိုဖြတ်လိုက်သည် ဖြတ်လိုက်နှင့် တောသားတောသူတို့၏ ပြောကြားသော စကားတို့ကို နားထောင်၏။


အချို့မှာ ထမင်းစားရင်း နေ့ခင်းက အရောင်းအဝယ်များအကြောင်းကို ပြောကြားနေကြကုန်၏။ ဟိုဘက် အနီးတွင်ကား ညကပွဲနှင့် လူပြက်များ၏ ပြက်လုံးတို့ကို ဖောက်သည်ချနေသောကြောင့် တဝါးဝါးနှင့် ရယ်နေကြလေသည်။ အောင်မယ် ဟိုမှောင်ရိပ်သစ်ပင်အောက်က လှည်းသမား တယောထိုးနေလိုက်တာ တယ်နားထောင်လို့ ကောင်းပါကလား။ တစ်ယောက်တည်း အလွမ်းသယ်နေထိုင်ပါရဲ့။ သူလက်သံ သာသလောက် သူရုပ်ရည်က ညစ်စုတ်လွန်းပါတကား။ ဟိုဘက်နားက အမယ်ကြီးမှာကား ဖက်ဆိပ် ဆေးလိပ်ကြီးကို ဖွာရင်း စည်းစိမ်ယူနေ၏။ ဘယ်သူနှင့်မျှ စကားမပြော။ တစ်ဘက်သော နေရာတွင်ကား မိန်းမကြီး တစ်ယောက်သည် ဆယ်နှစ်ရွယ် သမီးလေးအား အုပ်ဝယ်ပေးမည်ဆိုကာ ညာ၍ အခိုင်းခိုင်းနေပေသည်။ အောင်မယ် ဟောဟိုဘက်က အဘိုးအိုနှင့် မြေးကလေးတို့မှာ ဘာလုပ်နေကြပါလိမ့်။ မြေးကလေးက ထမင်းခူးကျွေးနေ၏။ အဘိုးအိုကား အသက် ၇၀ ကျော် မြေးကလေးမှာ ၁၁ နှစ်ခန့် သူတို့မြေးအဘိုးအပြင် မည်သူမျှ သူတို့နားတွင် မရှိ၊ မြေးအဘိုးနှစ်ယောက်စကား တတွတ်တွတ်နှင့် နေကြလေတော့သည်။ ဤအဘိုးကြီးကား မိမိအား ကူညီထောက်ပံ့မည့်သားသမီးရှိဟန်မတူ၊ သည်မြေးကလေးနှင့်လုပ်ကိုင်စားသောက်လာပုံရ၏။ အဘိုးကြီးကား အရွယ်လွန်ပြီ။ မြေးမိန်းကလေးကား အရွယ်မရောက်သေး။ မိဘနှင့် အတူတကွ နေထိုင်ရသော မိန်းကလေးတို့ကား ပျော်တုန်း၊ ပါးတုန်း၊ ကစားတုန်း။ ဤမိန်းကလေးကား အဘိုးကြီးကို လုပ်ကျွေးနေရ ရှာပေသည်။


ဤမြေးအဘိုးတို့ကား နောင် မည်သို့ စခန်းသွားကြပေ ဦးမည်နည်း။


ဤလှည်းဝိုင်းကြီးမှ ထွက်လာပြီးလျှင် ရုံပွဲသို့ ရောက်ခဲ့ပြန်၏။ စောသေးသောကြောင့် ရုံပွဲရှေ့တွင် လူများစွာ မရှိသေးပေ။ ရုံထဲတွင်ကား ဆိုင်းဆရာများ ဆူညံစွာ ဆိုင်းတီးကာ ပွဲကြည့်လိုသူတို့ကို ဖိတ်ခေါ်နေလေသည်။ ရုံအရှေ့ရှိ ပွဲဈေးဆိုင် သုံးလေးဆိုင်တို့တွင် ထွန်းထားသော ဓါတ်မီးများကြောင့် ရုံရှေ့တစ်ဝိုက်တွင် အတော်လင်းလျက်နေ၏။ မောင်လူအေးသည် ရုံပွဲအနီး ပတ်ဝန်းကျင်တွင် မယောင်မလည် လျှောက်၍ သွားလေသည်။ လားလား ရုံဘေးနားတွင် လူတစ်ယောက်သည် ကုန်းကုန်း ကုန်းကုန်းနှင့် ဘာလုပ်နေသည် မသိ၊ မတရားကျင့်မည့် သူများပေလော။ ခါးပိုက်နှိုက်ရန် စောင့်စား၍နေသော လူပေလော။ အခင်းသွားရန် စီမံနေသော သူပေလော။ ထိုနေရာမှာ အတော်မှောင်သော နေရာဖြစ်လေသည်။ မောင်လူအေးသည် မယောင်မလည် ထိုသူအနီးမှာ ဖြတ်၍ လျှောက်သွားရင်း ထိုသူ၏ အသံကို ခတ်၏။ မောင်လူအေး ကြားရသည်မှာကား ‘လက်ထဲ သည့်တစ်မတ်ပဲရှိ၊ သည့်တစ်မတ်ပဲ ပျောက်၊ တယ် ခက်တာကိုး’ ဟူသော စကားပေတည်း။ ဤစကားကို ကြားရသော မောင်လူအေးတွင် စဉ်းစားစရာတွေ များစွာ ပေါ်ပေါက်၍လာလေသည်။ အကယ်ပင် ပိုက်ဆံတစ်မတ် ပျောက်သွားသောကြောင့် ရှာနေသူပေလော။ မောင်လူအေး အနီးလာသောကြောင့် တမင်ဟန်ဆောင်ကာ မောင်လူအေးအား တစ်ပတ်ရိုက် လွှတ်လိုက်ခြင်းပေလော။ ဤသို့ စဉ်းစားရင်းပင် ထိုနေရာမှ ထွက်ခဲ့သတည်း။


ထို့နောက် ကုသိုနန္ဒာရုံ ဘုရားပရိဝုဏ် အတွင်းသို့ ဝင်ခဲ့လေသည်။ သီချင်းဆိုကာ ပိုက်ဆံတောင်းနေသော မျက်မမြင်တစ်ယောက်၏ အနီးတွင် လူအများ ဝိုင်းလျက်နေသည်ကို မြင်ရ၏။ ထိုသူမှာ ချွေးတလုံးလုံးနှင့် နေလေတော့သည်။ သူပင် သီချင်းဆို၊ သူပင် ပါးစပ်ဆိုင်းတီး၊ သူပင် စည်းလိုက်၊ သူပင် လက်ခုပ်တီး၊ တစ်ယောက်တည်း ရှုပ်ပွေနေ၏။ မမောဘဲ နေမည်လော။ ရွှေပြည်ကြီးသီချင်းကို ဖွဲ့နွဲ့ကာ ချွဲချွဲပျစ်ပျစ် ဆိုလေသည်။ အချို့က စုတ်သတ်ကြကုန်၏။ သီပေါမင်းတရားအား တမ်း တသောကြောင့်ပေလော၊ ထိုသူ၏အဆိုမှာ ကောင်းသောကြောင့်ပေလော မပြောနိုင်။ သီချင်းကို နားထောင်နေကြသော သူတို့၏ ကျေးဇူးကြောင့် ဆယ်မိနစ်အတွင်း ငွေတစ်ကျပ်ခန့် ထိုသူမှာ ရရှိသွားသည်။ အတော်ပင် နေရာကျသော အလုပ်ပါတကား။



ထိုနေရာမှ ထွက်လာပြီးနောက် ဗုဒ္ဓဝင်ကားများကို ရေးဆွဲထားရာ တန်ဆောင်းသို့ သွားပြန်၏။ အစည်ကားဆုံးသော တန်ဆောင်းပေတည်း၊ တိုး၍ပင်မပေါက်။ ထိုဗုဒ္ဓဝင်ကားများကမူ မန္တလေးပန်းချီကျော် ဦးချစ်မြ၏ ပန်းချီကားများဖြစ်လေသည်။ ယမန်ခေတ်မင်းသမီး၏ အပျိုတော်များမှာ ယခုခေတ် အပျိုကလေးများကဲ့သို့ ဆံထုံးကြီးကြီး၊ ဆံမြှောတွေ ချလိုက်သေး။ ဝတ်စား ထားသည်မှာလည်း အင်္ကျီလက်ရှည်ပင် ဖြစ်စေကာမူ အလွန်ပင် ခေတ်ဆန်းလှပေ၏။ မျက်နှာပေါက်များမှာလည်း ခေတ်ဆန်းသူ ရုပ်ချောချောကလေးများ၏ မျက်နှာပေါက်များအတိုင်း ပင်။ ထိုအရုပ်ကားများမှာ ဓါတ်မီး၏ အရောင်တွင် အလွန်ပင် ပန်းရောင်လျက် နေကြလေသည်။ ခေတ်သမား မောင်လူအေးသည် ဦးချစ်မြ၏ လက်စွမ်းကို ချီးမွမ်း၍ မဆုံးတော့ပြီ။


မောင်လူအေးနှင့်အတူ တိုးဝှေ့ကာ ကြည့်ရှုနေကြသော သူတို့ကား မောင်လူအေး၏ မျက်စိမျိုးနှင့်ကြည့်သည် မကြည့်သည်ကို သူတို့ပြောဆိုနေကြသော စကားဖြင့် အကဲခတ်နိုင်ပေသည်။ မောင်လူအေးနှင့် အနီးဆုံးသော လူသိုက်ကား ခြောက်ယောက်ခန့်ရှိ၏။ အမယ်ကြီးသုံးယောက် အသက်လေးဆယ်ကျော်နှစ်ယောက်၊ အပျိုကလေးတစ်ယောက်၊ အမယ်ကြီးများ စာမတတ်။ အပျိုကလေးက ဖတ်ပြလေသည်။


**အပျို။ ။** ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်မည်အပြုတွင် ကြာခြည်ကို မ၊ ပြီး သားရဟတ်လာ၏ မျက်နှာကို ကြည့်နေတဲ့ပုံတဲ့။


**အမယ်ကြီး။ ။** အင်း... တောထွက်မယ့် ဆဲဆဲတောင် သားကလေး မျက်နှာကို ကြည့်ချင်သေး၊ သံယောဇဉ်ကိုး။


**အခြားအမယ်ကြီး။ ။** သားပစ်၊ မယားပစ်၊ နန်းတော်ပစ်ပြီး တောထွက်နိုင်တာပဲ တော်လှပြီ။


**အခြားတစ်ယောက်။ ။** ဒါ ဘာဟုတ်သေးသလဲ အရှင်မေတ္တာယု မြတ်စွာဘုရားလောင်းဟာ သူ့ရှေ့မှာ သူ့သားကို ဘီလူးက ကြွပ်ကြွပ်ဝါးစားတာတောင် အားရလွန်းလို့တဲ့။


ထို့နောက် ထိုလူစုသည် အခြားကားများကို ဆက်လက်၍ ကြည့်ရင်းမှတ်ချက် ချသွားလေသတည်း။


သူတို့၏နောက် အသက် ၇၀ ခန့်အဘိုးကြီးနှင့် မြေးကလေး ၁၄ နှစ်ခန့် တစ်ယောက်၊ ထိုအနီးသို့ ရောက်လာ၏။ သိဒ္ဓတ္ထမင်းသား ကဏ္ဍကမြင်းကို စီးပြီး တောထွက်သွားသည်ကို ကြည့်ရင်း အဘိုးကြီးက

‘သည်ပန်းချီဆရာ မြင်းအဆွဲတယ်ကောင်းတာကိုး။ သူ့မြင်းဟာ ကြွနေတာပဲ’ မြင်းဝါသနာပါသူနှင့်တူရဲ့။


ထို့နောက် အသက် ၂၀ ကျော် လူငယ်ပျို နှစ်ယောက်တို့၏ စကားကို နားထောင်ကြပါဦး။


**တစ်ယောက်။ ။** ဟေ့ ဟို သိဒ္ဓတ္ထမင်းသား ဝတ်ထားတဲ့ ပုဆိုး အဆင်ကလေးဟာ မကောင်းဘူလားဟေ့။


**အခြားတစ်ယောက်။ ။** ငါ မကြိုက်ပါဘူကွာ၊ ဟိုဘက်နားက ကားမှာ ဇီဝက ဝတ်ထားတဲ့ ပုဆိုးအဆင်ကလေးကမှ ပိုကောင်းတယ်။


အခြားသူတို့လည်း မိမိကြိုက်ရာ စကားများကို ပြောကြားသွားကုန်၏။ ထိုသူတို့၏ ဝါသနာ မည်သို့မည်ပုံ ရှိသည်ကို သိရှိရလေသည်။


အတော်ကြာမှ မောင်လူအေး ထိုတန်ဆောင်းမှ ထွက်လာခဲ့လေသတည်း။


*(ဂန္ဓလောက၊ တွဲ-၂၂၊ မှတ်-၁၄၁၊ (အောက်တိုဘာလ၊ ၁၉၃၆))*






📖 **သိပ္ပံမောင်ဝရဲ့ «အညာဘုရားပွဲ» အမှတ်တရ** ✨


မြန်မာစာပေသမိုင်းမှာ ထင်ရှားတဲ့ စာရေးဆရာကြီး **သိပ္ပံမောင်ဝ** ရဲ့ "မောင်လူအေး" ဇာတ်ကောင်နဲ့ ရေးဖွဲ့ထားတဲ့ **«အညာဘုရားပွဲ»** စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


အညာဘုရားပွဲရဲ့ သဘာဝ၊ ဘုရားပွဲလာ တောသူတောင်သားတွေရဲ့ စကားဝိုင်း၊ လူမှုဘဝနဲ့ ဗုဒ္ဓဝင်ပန်းချီကားတွေကို ကြည့်ပြီး ပြောဆိုကြတဲ့ အရိုးခံ စကားသံတွေကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်ရမှာပါ။


 *"ဘုရားလည်းဖူး၊ ပျော်လည်းပျော်၊ ဈေးလည်းရောင်းရ... တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့ အညာဘုရားပွဲ"* 🎪🙏


ဆောင်းပါး ဝတ္ထုအမည် -  အညာဘုရားပွဲ

စာရေးဆရာ - သိပ္ပံမောင်ဝ (မောင်လူအေး)

စာဖတ်သူ - မနေခြည်မိုးဦး 

ကြာချိန် - ၉ မိနစ်



#သိပ္ပံမောင်ဝ #မောင်လူအေး #အညာဘုရားပွဲ #မြန်မာစာပေ #ဓလေ့စရိုက် #စာပေချစ်သူများ


သိပ္ပံမောင်ဝ,မောင်လူအေး,အညာဘုရားပွဲ,မနေခြည်မိုးဦး,မြန်မာဝတ္ထုတို,မြန်မာအသံထွက်စာအုပ်,သုတ ရသ,ခေတ်ဆမ်းစာပေ,Listener's Heaven,The sound of literature,The sound of book,audiobooks myanmar,burmese audiobooks,myanmar audiobooks,audiobooks,audiobooks free,burmese story


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်