ဘကြီးထင်ရဲ့ အတွေး မောင်တက်အင်း — မှတ်တမ်းသည်။ သောကြာ စာစောင် (၁၉၆၂ ခုနှစ်၊ ဇွန်လ)
ဘကြီးထင်ရဲ့ အတွေး
မောင်တက်အင်း — မှတ်တမ်းသည်။
သောကြာ စာစောင် (၁၉၆၂ ခုနှစ်၊ ဇွန်လ)
ဟိုက်ဒရိုဂျင်ဓာတ်နှင့် အောက်ဆီဂျင်ဓာတ် ပေါင်းစပ်လိုက်သောအခါ ရေဖြစ်လာသလို အတွေးချော်တတ်ခြင်းနှင့် ဒေါသကြီးတတ်ခြင်း ပေါင်းစပ်လိုက်သော အခါ၌လည်း ဘကြီးထင်ခေါ် လူသားတယောက် ဖြစ်ပေါ်လာသည် ဟုဆိုချင်ပါသည်။
ဘကြီးထင် အတွေးချော်တတ်ပုံနှင့် ဒေါသကြီးတတ်ပုံကို တင်ပြရမည်ဆိုလျှင် သူ၏နာမည်ခေါ်ပုံမှစ၍ တင်ပြရမည်။ ဘကြီးထင်ကို အူဝဲဘဝမှစ၍ သူ၏မိဘများက “ဖိုးထင်” ဟု မှည့်ခေါ်ခဲ့ရာ အရွယ်အလိုက် မောင်ကို-ဦးတပ်၍ အဆင့်ဆင့်ခေါ်ခဲ့ကြပါသည်။ သို့သော်... ယခုလို ငါးဆယ်ကျော် ခြောက်ဆယ်တွင်း၌ အရွယ်လိုက်၍ သူ၏မိမွေးတိုင်းဘမွေးတိုင်း အမည်ကိုဘကြီးတပ်၍ ဘကြီးဖိုးထင်ဟုများ ယောင်မှား၍ သွားမခေါ်လိုက်ပါလေနှင့်။
အကယ်၍ ခေါ်မိလျှင် စက်သေနတ်ပစ်သလို ဆဲဆိုကြိမ်းမောင်းခြင်းကို ဒလစပ် မလွတ်တမ်း ခံရမည်မှာ အသေအချာဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော်....
“ဘကြီးဖိုးထင်ဟု ခေါ်သည်မှာ သူ့ကို ဘကြီးဖင်ထိုး” ဟု စကားလိမ်ဖြင့် နောက်ပြောင် ခေါ်သည်ဟု အတွေးတော်ချော်စောင်း၍ ဒေါဖောင်းတတ်သောကြောင့် ဖြစ်ပါသည်။ အဲသဟာကြောင့် သူ့ကို ဘကြီးထင်ဟုခေါ်ကြရသည်။
တခါကမူ ကြာဆံသဖွယ် ဖြူဖွေးနေသော သူ၏ဆံပင်နှင့် အမဲချောက်လို တွန့်လိမ်ညှိုမဲနေသော အသားအရေကိုကြည့်၍ လူရွယ်တယောက်က ဘကြီးထင်အား “အသက် မည်မျှရှိပါပြီလဲ” ဟု လေးစားသောအားဖြင့် မေးမိရာ —
“ဟော-ဘာလဲ မင်းကငါ့ကိုစော်ကားသလား.... ဟင် လူပါးဝလို့၊ မင်းက အသက်မေးဒါက တမျိုးလှည့်ပြီး ဘယ်တော့သေမလဲ မေးနေဒါမဟုတ်လား” စသည်ဖြင့် ဒေါသမီးတညီးညီး တောက်လေသောကြောင့် ထိုသူမှာ အမျိုးမျိုးတောင်းပန်၍ ဘကြီးထင်၏ ကျေနပ်မှုကို ယူရရှာသည်။
ဤသည်တို့မှာ ဘကြီးထင်၏ အတွေးချော်တတ်ခြင်းနှင့် ဒေါသကြီးခြင်းတို့၏ အခြေခံ နိဒါန်းမျှသာ ရှိပါသေးသည်။ မိတ်ဆွေ သိချင်သေးပါက ပိုထင်ရှားအောင် တင်ပြပါဦးမည်။...
တခုသော ဆန်းသစ်စ နွေဦးအခါက ဖြစ်ပါ၏။ ဘကြီးထင် တယောက် ဓာတ်လေးပါးမညီမျှ၍ အိပ်ရာထဲ လှဲနေရရှာပါသည်။ ရှေးလူကြီးပီပီ ဦးထုပ်ဆောင်း၍ဘောင်းဘီဝတ်သော ဆရာဝန်ကို မကြိုက်သောကြောင့် ဘကြီးထင် အကြိုက် ဗမာဗိန္ဒောဆရာတယောက် ရှာဖွေခေါ်ပေးရသည်။ ဆရာမှာ ခေါင်းပေါင်း တိုက်အင်္ကျီနှင့် ဗန်ကောက် ပုဆိုးတောင်ရှည်ကို ခါးပုံစထိုး၍ ဗမာပီပီ ဝတ်စား ဆင်ယင်လာခဲ့ရာ.... ဘကြီးထင်မှာ ဆရာကိုမြင်သည်နှင့်ပင် ရောဂါသက်သာ၍ ရွှင်ရွှင်ပျပျ ဖြစ်နေပေသည်။
ဆရာသည် လူနာအနီး၌ တင်ပလ္လင်ခွေထိုင်လိုက်ကာ ဟန်ပါပါဖြင့် ဆီးဝမ်းသွေးများနှင့် အပူအအေးကို စမ်းသပ် စစ်ဆေးပြီး —
“ဘကြီး မဖျားမှီ တရက်နှစ်ရက်က နေပူထဲများသွားမိသလား” ဟု မေးပါသည်။
ဘကြီးထင်က မသွားရကြောင်း ပြန်ဖြေသောအခါ ဆရာမှာ အတွေးခက်ဟန်ဖြင့်...
“ဘယ်နှယ်လဲ ဘကြီးဟာက နေပူထဲ မသွားဘူးဆိုတော့ အိမ်မှာနေရင်း အပူရှတ်ရသလား” ဟု ပြော၍မှ မဆုံးသေးမှီ —
“ခွေးဆရာသွား အခုဆင်းသွား မြန်မြန် ဆင်းကွာ” ဟု ပြောပြောဆိုဆို ခေါင်းရင်းရှိထားသော ဆောင်ဒါးကြီးကို ထ,ဆွဲလေတော့ရာ အနီးရှိလူများက ဘကြီးထင်ကို ဝိုင်းဝန်းဆွဲငင် ကြရသည်။ ဆရာမှာကား ဘာမှမပြောနိုင်ဘဲ ဆေးအိတ်ကိုဆွဲ၍ တချီထဲ သုတ်ခြေတင်ပါလေတော့သည်။
အေးဆေးသွား၍ အကျိုးအကြောင်း ဘကြီးထင်အား မေးမြန်း ကြည့်သောအခါ —
“ဟ.... စိတ်မဆိုးဘဲနေမလားကွ ဒီဆရာက ငါ့ကို အိမ်မှာနေရင်း အပူရှတ်တယ်ဆိုဒါဟာ စကားလိမ်နဲ့ အပူရှတ်ကို မင်းဘဲ စဉ်းစားကြည့်ကွ” ဟု မကျေနိုင် မချမ်းနိုင် ပြောပြပါသည်။
ဤသည်တို့ကား ဘကြီးထင်၏ အတွေးချော်တတ်ပုံတည်း။
မောင်တက်အင်း
Comments
Post a Comment