ရွှေမန်းသူ လက်မရွံ့ မောင်မောင် ကြားဖူးသည် သောကြာ စာစောင် ၁၉၆၂ မေလ


 

ရွှေမန်းသူ


လက်မရွံ့ မောင်မောင် ကြားဘူးသည်


သောကြာ စာစောင် ၁၉၆၂ မေလ



မော်လမြိုင်က အစား၊ ရန်ကုန်က အကြွား၊ ရွှေမန်းက စကား ဟု ဆိုစမှတ်ပြုကြသည်။


ဆိုလည်း ဆိုလောက်ပါပေသည်။ မော်လမြိုင်က အစားကြီးသလောက်၊ ရန်ကုန်က နေရာတကာ အကြွားပိုသလောက်၊ ရွှေမန်းသူ ရွှေမန်းသားတို့ကလည်း စကားအရာတွင် ပရိယာယ် ကြွယ်ပါပေသည်။


ရွှေမန်းက ဈေးချိုထဲ တခေါက်လောက် သွားကြည့်စမ်းပါ မိတ်ဆွေ။


ဆိုင်တဆိုင်ကို မိတ်ဆွေ ဝင်မိသည်ဆိုလျှင်ပင်—


"ထိုင်ပါအုံး မောင်ကြီးရယ် ဘာများအလိုရှိပါသလဲ၊ အေးလေ လိုတာနောက်မှပြောပေါ့၊ ကဲ လက်ဖက်ရည်နဲ့ မုန့် သုံးဆောင်ပါအုံး၊ အော် စီးကရက်လဲ သောက်ပါအုံးရှင်...." စသည် စသည်အားဖြင့် ဈေးဝယ်သူကို အားနာသွားလောက်အောင် အပင်းရှိုခိုင်းတတ်သည်။


ပြီးတော့မှ ပစ္စည်းလိုချင်၍ ဈေးမေးလိုက်သည်နှင့် တပြိုင်နက် ခေါင်ခိုက်အောင် တင်ပစ်လိုက်တတ်သည်။ ဈေးဝယ်သူကလည်း သူ့အစာ ဝင်ထားပြီးမှဆိုတော့ များများစားစား မဆစ်ရက်တော့ပေ။ ဒီကြားထဲက ကျိန်လိုက် တွယ်လိုက်သေးသည်။


"မောင်ကြီး နှစ်မ ကျားကိုက်ရစေတော့ အရင်းပါပဲ တဲ့"


တနေ့တော့ လက်မရွံ့နှင့် သူငယ်ချင်းတို့ ဆပ်ပြာတခဲနှင့် ခေါင်းလိမ်းဆီတဘူး လိုချင်သဖြင့် ကုန်စုံဆိုင်တဆိုင်သို့ ရောက်သွားသည်။ သူငယ်ချင်းကလည်း ခေသူမဟုတ်။ ပေလေးပင် ရှင်လေးပါး ထွန်းကားရာ တောင်တွင်းကြီးသားဖြစ်သည်။ သူကလည်း လေပန်းစရာရှိလျှင် သူသာ ဒိုင်ခံ၍ ပန်းမည်။ တခြားသူများ ပန်းနေသည်ကို မြင်ရက နဲနဲမှ ကြည့်ရတတ်သူ မဟုတ်ပေ။


ထိုနေ့က ကုန်စုံဆိုင်တွင် ဆိုင်ပိုင်ရှင်က မရှိဘဲ အရောင်းစာရေးမကလေး နှစ်ဦးသာ ရှိနေသည်။ သူတို့နှစ်ယောက်ကလည်း ရွှေမန်းသူ ပီပီ နှစ်ယောက်သား ရေပက်မဝင်အောင် တွတ်ထိုးနေကြသည်။


သူငယ်ချင်းက ချောင်းတချက် ဟန့်လိုက်သည်။


"အဟမ်း... ဆပ်ပြာတခဲနဲ့ ခေါင်းလိမ်းဆီဘူးလေး လိုချင်လို့"


အရောင်းစာရေးမ နှစ်ဦးကဖြင့် လက်မရွံ့တို့နှစ်ယောက်ကို ရှိလေသည့် ငါးပိဖုတ်ထားသည်ပင် မအောင့်မေ့ပေ။ အနှစ်နှစ် အလလ ကွဲကွာနေကြသော သမီးယောက်မပမာ ရှိုးကေ့စ်ပေါ်တွင် လက်ထောက်ပြီး အချက်မပြတ် စက်သေနတ်ပစ်နေကြသည်....။


"ဟေ့ယု- မင့်ဟာ အသာထားစမ်းပါအုံး၊ အခု လားရှိုးဘာဘူတိုက်မှာ ရောက်နေတဲ့ မီဂါတန် နိုင်လွန်ဆိုတာ မင်းတွေ့ပြီးပြီလား"


"ဟင့်အင်း မရောက်သေးဘူးကွ၊ ဟိုအရင်က ယိုးဒယားဘက်က ခိုးသွင်းထားတယ်ဆိုတဲ့ နိုင်လွန်တမျိုးတော့ တွေ့ခဲ့တယ် တိုက်တန်းက ကိုဟာစံတို့ဆိုင်မှာ"


"ဟာ- မင့်ဟာက ရောက်နေတာကြာပြီဘဲကွ၊ ကိုယ်ပြောတာကမှ တကယ်ကိုလှတာ။ နိုင်လွန်သားပေါ်မှာ ဇာသားဖောက်ထားသလိုဘဲကွ၊ ဒါပေမယ့် အပေါက်လဲ မပါဘူး"


ရွှေမန်းဈေးချိုသူ နှစ်ယောက် စကားပြောနေသည်ကို သူငယ်ချင်းဖြစ်သူ တောင်တွင်းကြီးသားက စိတ်ရှည်ဟန် မတူတော့ပေ။


"ဒီမယ် ညီမလေးတို့ရဲ့ ဆပ်ပြာတခဲရယ်၊ ခေါင်းလိမ်းဆီဘူးတဘူးရယ်၊ ဟောလစ်တဘူးရယ် လိုချင်လို့"


သို့တိုင်အောင်လည်း သူငယ်မနှစ်ဦးမှာ လက်မရွံ့တို့နှစ်ယောက်ကို ယောင်လို့မျှ လှည့်မကြည့်သေးပေ။


လက်မရွံ့က သူငယ်ချင်းအား လက်တို့ရသည်။


"ဟေ့ကောင်... ဘယ်က ဟောလစ်ဘုံးကွ...."


သူငယ်ချင်းက လက်မရွံ့အား အသာနေစမ်းပါဆိုသော အဓိပ္ပါယ်ဖြင့် တတောင်နှင့် တချက်တွက်လိုက်သည်။ လက်မရွံ့မှာလည်း အသာငြိမ်နေလိုက်ရသည်။ သူငယ်မနှစ်ဦးကမူ အဝတ်အထည် အကြောင်းမှတဆင့် ရွှေမန်းအငြိမ့်အကြောင်း ရောက်လာပြန်သည်။


"ဟေ့.... မိခိုင် မင်းတို့အိမ်နားက မြို့လည်ဘုရားပွဲ ဘယ်အငြိမ့်လဲကွ"


"ဟိုကွာ... မကောင်းပါဘူး။ ဘယ်သူဆိုလား"


"အေးကွာ.... နွဲ့နွဲ့စမ်းတို့ လင်ယူသွားတာ နာတာဘဲနော်.... သူတို့ယောက်ျားတွေကလဲ အငြိမ့်မကရဘူးတဲ့...."


"နွဲ့နွဲ့စမ်းတင် မဟုတ်ဘူး။ အခု ဟိုမင်းသမီးပါ စွံသွားပြီလို့ ကြားတယ်...."


"ဟင်.... ဘယ်သူနဲ့လဲ"


"ဟိုကွာ.... ရုပ်ရှင်ရုံက မန်နေဂျာနဲ့ဆိုလားဘဲ။ သူတို့က တိတ်တိတ်ပုန်း လက်ထပ်ထားတာ ကြာပြီတဲ့ကွ။ အခုမှ လူတွေက သိကြတာတဲ့"


"ဟေ့.... မင်းသမီးများတော့ တယ်စွံတာဘဲနော်...."


တောင်တွင်းကြီးသား သူငယ်ချင်းက ပါးစပ်ပြင်လိုက်ပြန်သည်။


"ဒီမယ်.... ညီမလေးတို့လဲ တနေ့ စွံအုံးမှာပါ။ ဒါထက် ကျွန်တော်တို့ လိုချင်တဲ့ ခေါင်းလိမ်းဆီဘူးရယ်၊ ဆပ်ပြာခဲရယ်၊ ဟောလစ်ဘူးရယ်၊ ဓာတ်ဘူးတဘူးရယ် ပြောကြပါအုံး...."


လက်မရွံ့က သူငယ်ချင်းအား ကြည့်လိုက်ရာ၊ တတောင်နှင့် တချက်တွက်ခံရပြန်သည်။ သို့တိုင်အောင်လည်း သူငယ်မလေးနှစ်ဦးမှာ စကားစ မပြတ်ကြသေးပေ။ မင်းသမီးကြောင်းမှသည် မင်းသားကြောင်း ရောက်သွားပြန်သည်။


"ခုတလော မြင့်အောင်တို့ ငြိမ်သွားပြန်ပြီနော်...."


"အေးကွာ.... နောက်ပေါက် မင်းသားတွေက များလာတာကိုး"


"ဟုတ်တယ် ဆရာ.... နောက်မင်းသားတွေထဲက စာရေးဆရာ ဝင်းဦးတို့၊ ပန်းချီ အောင်စိုးတို့ ဆိုရင် နှိပ်ပုံပေါ်တယ်"


သူငယ်ချင်းသည် အတော်ကလေး ဒေါသပွလာပြီဖြစ်သည်။


"ဒီမယ်.... ကျွန်တော်တို့ ယူမှာက ဆပ်ပြာခဲရယ်၊ ခေါင်းလိမ်းဆီရယ်၊ ဟောလစ်ရယ်၊ ဓာတ်ဘူးရယ်၊ သားရေသေတ္တာရယ်၊ နောက်ပြီး သက္ကလတ်စောင် တထည်ရယ်၊ နောက်ပြီး ရေနံဆီမီးဖို တလုံးရယ် လှည့်များကြည့်ကြပါအုံးဗျ...."


သူငယ်ချင်းက ကုန်း၍ အော်လိုက်သည်။


ထိုအခါမှပင် အရောင်းစာရေးမတဦးက လက်မရွံ့တို့ဘက် လှည့်လာပြီး အရောင်းဘောင်ချာစာအုပ်ကို ကောက်ကိုင်လိုက်သည်။


"ကဲ-- ခင်ဗျားတို့ ယူမှာပြောကြ"


သူငယ်ချင်းက ပြောလိုက်သည်။


"ဘရိုက်ကရင်း ခေါင်းလိမ်းဆီတဘူးနဲ့ လိုက်ဗွိုင်ဆပ်ပြာတခဲဗျာ"


အရောင်းစာရေးမက မျက်လုံးပြူးသွားသည်။


"ဟင်.... ခင်ဗျားကြီး ခုဏပြောတုန်းကတော့ အများကြီးပါ"


ထိုအခါကျမှ သူငယ်ချင်းဖြစ်သူသည် အောင်ပွဲခံ စစ်သူကြီးပမာ ရင်ကိုကော့လိုက်ပြီး ခပ်မိန့်မိန့် ပြုံးလိုက်သည်။


"အေးလေ-- ခင်ဗျားတို့နှစ်ယောက်က စကားပြောနေလိုက်ကြတာ ပြီးမှ မပြီးနိုင်ဘဲကိုး။ ဒီတော့ ခင်ဗျားတို့ စကားစကို ဆပ်ပြာတခဲ၊ ခေါင်းလိမ်းဆီတဘူးလောက်နဲ့ ဖြတ်လို့မရတော့ ကြံဖန်ပြီး ဖြတ်ရတာပေါ့ဗျ"


သူငယ်မနှစ်ဦးသည် ဆောင့်ကြီးအောင့်ကြီးနှင့် ရေးသူကရေး၍ ပစ္စည်းထုတ်ပေးသူက ထုတ်ပေးလိုက်သည်။ လက်မရွံ့တို့လည်း ကျသမျှကိုရှင်းပြီး ပစ္စည်းယူ၍ ဆိုင်ထဲမှ ခပ်သုတ်သုတ် ထွက်ခဲ့ရသည်။


သူငယ်မနှစ်ဦးကဖြင့် မောင်ကြီးနှစ်မတွေ ကျားကိုက်ပါစေလို့များ နောက်ပိုင်းက ကျိန်ဆဲနေမည်လား မပြောတတ်တော့ပေ ခင်ဗျား။


ရထာလဒ္ဓသမ္ပတ္တိတော


လက်မရွံ့-မောင်မောင်

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်