စာရေးဆရာ ဖြစ်စရာ စာပေါလောက သွေးသောက် မဂ္ဂဇင်း
စာရေးဆရာ ဖြစ်စရာ
ဝေါင်ရင့်ကလာ
အချစ်ဝတ္ထုနယ်ပယ်တွင် အလွမ်းဝတ္ထုသည် လည်း ပယ်ပယ်နယ်နယ် ပါဝင်သည်ဆိုကြောင်းကို ကျွန်ုပ်ကလည်း ဖော်ပြပြီးခဲ့ပြီ။ ဖတ်သူတွေလည်း မေ့ပစ်ပြီးကြလေပြီ။ (နှစ်ဦးနှစ်ဖက် တာဝန်ကျေလေစွ)
သို့ဖြစ်သည်နှင့်အညီ၊ အချစ်ဝတ္ထုဖြင့် ထမင်းအငတ်ခံပါတော့မည်ဟု သဓိဌာန်ချထားသော ကလောင်သစ်၊ ကလောင်ပေါက်စတို့သည် ချစ်တတ်ဖို့ရုံသာမက၊ လွမ်းဖို့လည်း လိုပေသေး၏။
ချစ်ရသည်မှာ လွယ်၏။ မိန်းကလေး နုနုပျိုပျိုကလေးတွေကိုတွေ့တိုင်း (တွေ့ဘို့လည်း လွယ်သည်။ ဘယ်ကြည့်ကြည့် မျက်စိက မလွတ်နိုင်။) ကိုယ်ဘက်က ချစ်ပစ်လိုက်နိုင်၏။ သို့သော် လွမ်းရသည်ကား ခက်ပါသည်။ မိန်းကလေး နုနုပျိုပျိုကလေးတွေကို တွေ့တိုင်း သူတို့ရှေ့သို့သွား၍ တရှုံ့ရှုံ့ငိုနေ၍မရပါ။
ငိုတိုင်းလဲ ဘေးလူများက လွမ်းသည်ဟုမထင်ပါ။ ဇာတ်ထဲ၊ ရုပ်ရှင်ထဲဆိုလျှင်လည်း သီချင်းကလေး ဆို၍ လွမ်းနိုင်သေးသည်။ အသံလွှင့်ဇာတ်ဆိုလျှင်လည်း နောက်ခံတေး ( နောက် နောက်ကခံထားရသမျှ ကြောင့် တေးထားခြင်း) ၏ အကူအညီဖြင့် လွမ်းနိုင်သည်။
လက်တွေ့တွင်ကား လွမ်းရသည်မှာ ခက်၏။
ထိုကြောင့် ကိုယ်ကိုယ်တိုင်လွမ်းခြင်းထက် သူတပါး လွမ်းသည်ကို ဘေးကလေ့လာခြင်းက ပို၍ ပညာရစရာအကြောင်းရှိသည်။ မိမိ၏အနီးပတ်ဝန်းကျင်ကလူတွေကို တယောက်နှင့်တယောက် ချစ်ကုန် အောင် အားသွန်ခွန်စိုက် ကြံဆောင်ပြီးသော် မကွဲ-ကွဲအောင်လည်း ကြီးမားသော လုံ့လဥဿဟဖြင့် ဝါယာမ စိုက်ထုတ်ရမည်။ သေကွဲ ကွဲလျှင်လည်း လွမ်းရ၏။ သို့သော် သင်၏အနေဖြင့် ချစ်နေကြသူတဦးဦးကို သေ အောင်လုပ်ခြင်းကိုကား ရှောင်ကြဉ်ပါလော့။ မရှောင်ကြည်လျှင် သင်၏ဝတ္ထုများသည် အလွမ်းဝတ္ထုဖြစ်ဖို့ ထက် ထောင်ဝတ္ထုဖြစ်ပြီး ထောင်စာရေးဆရာဖြစ်ကာ ထောင်ဆုတွေ ရကုန်ပေမည်။ စာရေးဆရာနှင့်ငွေ အတူမနေကောင်းပါ။ ချမ်းသာသောစာရေးဆရာသည် စာရေးဘို့ မလုံးပန်းတော့ဘဲ စားရေးအတွက် လုံးပန်း သွားတတ်ကြသည်။ သို့ဖြစ်၍ ထောင်ဆုတွေ ဘာတွေရမှာကို ရှောင်ဘိဦးလော့။
ချစ်သူနှစ်ဦး ရှင်ကွဲ ကွဲခြင်းသည်လည်း လွမ်းနိုင်သည်။ စောစောက သင်က ချစ်အောင် ကြံဆောင် ပေးထားသည့် ချစ်သူများကို ယခုအခါတွင် ခွဲပစ်ရတော့မည်။ ခွဲရာတွင်လည်း ရှင်ကွဲ ကွဲအောင် ခွဲရမည်။
သိပ်လွယ်ပါ၏။ သင့်အနီးအပါးတွင် မိန်းကလေးတဦးရှိလျှင် သူ့ကို ရုပ်ရှင်ရုံမန်နေဂျာ၊ မျက်မှန်ဆိုင် အမှုထမ်း၊ သို့မဟုတ် လျှပ်စစ်ဆိုင်ဝန်ထမ်းတဦးဦးနှင့် မချစ် ချစ်အောင်လုပ်ပေးလိုက်ပါ။ ဒါမှ မဖြစ်နိုင်သေး လျှင် လမ်းဘေးဈေးသည်တဦးဦးနှင့် အတင်းချစ်အောင် လုပ်ပေးပါ။
ယောက်ျားလေးဖြစ်နေလျှင် ဖဲရိုက်တတ်သည့် မိန်းကလေး၊ လူမွေးတတ်သည့်မိန်းကလေးနှင့် ကုန်ကူးတတ်သည့် မိန်းကလေးတဦးဦး၊ လွယ်လွယ်ရာရာကို ချစ်သွားအောင် လုပ်ပေးပါ။
နေ့မြင် ညပျောက်၊ ယနေ့ လမ်းမကြီးပေါ်၊ နောက်တနေ့ နောက်ဖေးလမ်းကြားထဲ ရောက်သွားတတ် သော အခါကာလမျိုးတွင် ထိုချစ်သူတို့သည် ကွဲမှာသေချာ၏။ ထိုအခါ သူတို့လွမ်းကြမည်။ တဝကြီး လေ့လာ ၍ ကိုယ်ကျိုးကို တထွေးကြီးရယူရုံသာ ရှိတော့သည်။
ဝေါင်ရင့်ကလာ
စာပေါလောက
သွေးသောက် မဂ္ဂဇင်း
Comments
Post a Comment