ရှစ်ပါးသီလ (တခန်းရပ်ပြဇာတ်) ဇာတ်ဆရာ ကေတုဘုန်းမော် သောကြာ စာစောင် ၁၉၆၂ မတ်လ
ရှစ်ပါးသီလ (တခန်းရပ်ပြဇာတ်)
ဇာတ်ဆရာ ကေတုဘုန်းမော်
သောကြာ စာစောင် ၁၉၆၂ မတ်လ
ပါဝင်သူများ....
ဦးသက်ညွန့်- (ငွေတိုးပေးစားသောသူဌေး)
ခင်ခင်စန်း- (ဦးသက်ညွန့်၏ဇနီး)
ဦးနန္ဒ- (ဘုန်းကြီး)
အချိန်- (နံနက်၉-၃၀-နာရီ)
နေရာ- (ဦးသက်ညွန့်၏ဧည့်ခန်း)
(ကန့်လန့်ကာ ဖွင့် လိုက်သောအခါ ဧည့်ခန်းကုလားထိုင်တွင်ဘုန်းကြီး ဦးနန္ဒထိုင်နေစေ၊ ကုလားထိုင်ဘေး စားပွဲပေါ်တွင် ဆွမ်းလောင်းရန် ဆွမ်းထည့်ထားသည့် ချိုင့်တလုံး ရှိစေရမည်)
ဦးနန္ဒ။ ။အဟမ်း.... အဟမ်း....
“ဟော....ဘုန်းဘုန်းတောင် ကြွလာပြီဘဲ”ဟု ဆိုကာခင်ခင်စန်းထွက်လာစေ။
ခင်ခင်စန်း။ ။သီလပေးခဲ့ ပါအုန်းဘုရား (သပိတ်ထဲ ဆွမ်းလောင်းရင်း ခင်ခင်စန်းက ပြောစေ)
ဦးနန္ဒ။ ။ပေးရတာပေါ့ ဒကာမကြီးရယ်.... ဒါနဲ့ နေပါအုန်း၊ ဒကာမကြီးနေ့တိုင်း ရှစ်ပါးသီလယူရတာ မပင်ပန်းဘူးလား၊ ငါးပါး သီလဘဲနေ့တိုင်းယူပေါ့ ဥပုသ်
သီတင်းနေ့လေးမှ ရှစ်ပါးယူရင် ကောင်းပါတယ်။ ဒါပေမယ့်လေ ဒကာမကြီး စိတ်နိုင်လို့ ယူတာတော့ အကောင်းဆုံးပါဘဲ။ ဦးပဉ္စင်းတို့ အနေနဲ့ မတားမြစ်ကောင်းပါဘူး။
ခင်ခင်စန်း။ ။မှန်လှပါ ကိုယ်တော် ပြောတာလဲ မှန်ပါတယ်။ ဒါပေမယ့် တပည့်တော် ဝန်မလေးပါဘူးဘုရား....။
ဦးနန္ဒ။ ။သာဓုကွယ်.... သာဓု.... ခုလိုနေ့တိုင်း ရှစ်ပါးသီလထိန်းနိုင်တာကိုဘဲ ချီးကျူးပါတယ်။
ခင်ခင်စန်း။ ။မှန်ပါ။
ဦးနန္ဒ။ ။ကဲ....ကဲ.... သီလပေးမယ် ကန်တော့ ကန်တော့... ။
ခင်ခင်စန်း။ ။ကြုံ့ကြုံ့လေး ထိုင်ကာ လက်အုပ်ချီပြီး သြကာသ-သြကာသ-သြကာသ-ကာယကံ-ဝစီကံ
(ထိုစဉ်ဦးသက်ညွန့် ကမန်း ကတန်းထွက်လာစေ)
ဦးသက်ညွန့်။ ။(လက်ဟန်ဖြင့်) ခင်ခင်စန်း နေအုံး နေအုံး ငါပြောအုံးမယ်....
ခင်ခင်စန်း။ ။(ဦးသက်ညွန့် ဘက်လှည့် ကြည့်လျက်) ဒါဘာ သဘောလဲ သီလယူမလို့ ကန်တော့နေတာကို မနှောင့်ယှက်ပါနဲ့။
ဦးသက်ညွန့်။ ။ဦးပဉ္စင်းဘုရား သီလမပေးပါနဲ့။
ဦးနန္ဒ။ ။ဘာလဲ မင်းတို့ လင်မယား စိတ်ဆိုးနေသလား၊ သည်းခံဒကာကြီး သီလဖြောင့်ဖြောင့်ယူပါစေ။
ဦးသက်ညွန့်။ ။သည်းမခံ နိုင်တော့ဘူးဘုရား၊ အရှင်ဘုရားကို တပည့်တော် မေတ္တာ ရပ်ခံပါတယ် သီလမပေးပါနဲ့။
ဦးနန္ဒ။ ။ငါတို့တာဝန်က သီလယူသူရှိရင် ပေးရမယ်ကွ့။
ခင်ခင်စန်း။ ။တပည့်တော်မကို သနားတော်မူသဖြင့် သီလပေးတော်မူခဲ့ပါဘုရား....။
ဦးသက်ညွန့်။ ။တပည့်တော်ကို ငဲ့ညှာတဲ့ အနေနဲ့ သီလ မပေးခဲ့ပါနဲ့၊ တပည့်တော်တောင်းပန်ပါတယ်။
ဦးနန္ဒ။ ။ဒကာကြီး- ဒကာ ကြီး ဟာ ဓမ္မန္တရယ် ဖြစ်နေပြီ၊ ခင်ခင်စန်းရဲ့ လွတ်လပ်ခွင့်ကို မပိတ်ပင် ပါနဲ့၊ ခုလို ပိတ်ပင်တာဟာ နိုင်ငံတော် ဘာသာကို စော်ကားတာနဲ့ အတူတူပါဘဲ။
ဦးသက်ညွန့်။ ။ခင်ခင်စန်းဟာ တပည့်တော်ရဲ့ ဇနီးပါ၊ တပည့်တော် ပိုင်ပါတယ်၊ ဆိုင်ပါတယ် သူ့ကိုပိတ်ပင်နိုင်ပါတယ်။
ဦးနန္ဒ။ ။ဒကာကြီး ငရဲကြီးမှာမကြောက်ဘူးလား၊ ဘာဖြစ်လို့ ကိုယ့် ဇနီး ကုသိုလ်ကောင်းမှု ပြုတာကိုပိတ်ပင်ချင် ရတာလဲ၊ ခုခေတ်မှာ မိန်းမတွေဟာ အမျိုးမျိုး ဘက်က ဖောက်ပြားလေလွင့်နေတယ် ခင်ခင်စန်းတို့လို ဘုရားနဲ့ တရားနဲ့ လိမ်လိမ်မာမာလေးကို ဒကာကြီးရတာဟာအများကြီးကံ ကောင်းပါတယ်....။
ဦးသက်ညွန့်။ ။ကိုယ်တော် သူ့ကို (လက်ညှိုးထိုး၍) ကောင်းတယ်ထင်လို့လား....
ဦးနန္ဒ။ ။ခုလို ဘုရားနဲ့ တရားနဲ့ နေတာကောင်းတာပေါ့ ဒကာရဲ့။
ဦးသက်ညွန့်။ ခုလိုဘုရားနဲ့တရားနဲ့ နေတာ တပည့်တော်ကို သက်သက် စော်ကားတာ၊ ငရဲပြည်ပို့တာဘဲ။
ဦးနန္ဒ။ ။ဒကာကြီးဟာ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးမဟုတ်လား....
ဦးသက်ညွန့်။ ။တပည့်တော်လူပါ ဘုရား....
ဦးနန္ဒ။ ။ဟေ-ဒါ့ကတော့ ဘာမို့လဲ။
ဦးသက်ညွန့်။ ။အရှင်ဘုရားဟာ ဘုန်းကြီးပါ၊ ခင်ခင်စန်းကို နေ့တိုင်းရှစ်ပါး သီလပေးနေတာ အရှင်ဘုရားက ဝမ်းသာပေမဲ့၊ တပည့်တော် ဝမ်းမသာနိုင်ဘူး၊ ခင်ခင်စန်းနဲ့ တပည့်တော်ဟာ လင်မယားပါ....
ဦးနန္ဒ။ ။ဟဲ-ဒကာနဲ့မင်းဟာကကြွားလှချည့်လား....
ဦးသက်ညွန့်။ ။ကြွားတာ မဟုတ်ပါဘူးဘုရား၊ ရှင်းရှင်း ပြော ရရင် လင်မယားဘဝဆိုတာပျော်ပျော်နေချင် ပါသေးတယ်ဘုရား၊ ရကထဲက နေ့တိုင်း ရှစ်ပါး သီလချည်းယူနေတော့၊ တပည့်တော် ဟာ ငရဲကြီးမှာ ကြောက်လို့ သူ့ကိုလက်ဖျားနဲ့ တောင် မတို့ဝံ့ ပါဘူး၊ တကယ်တော့ တပည့်တော် ဟာ ချစ်ဇနီးလေးနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင်နေချင်ပါတယ် ဘုရား။ တပည့်တော်ဟာ သူနဲ့ရကတည်းက ရှစ်ပါးသီလကိုရှောင်နေရတာပါဘဲဘုရား။
ဦးနန္ဒ။ ။အိမ်း- ဒီလိုတော့ ဟုတ်တာပေါ့၊ ကဲဒကာမကြီး ငါးပါး သီလဘဲ ယူပေ။
ခင်ခင်စန်း။ ။တပည့်တော်မကိုသနားသဖြင့် ရှစ်ပါးသီလဘဲပေးခဲ့တော်မူပါဘုရား....။
ဦးနန္ဒ။ ။ဒကာမကြီး လောကရဲ့ အိမ်ထောင်သားမွေးကို ညည်းငွေ့ရင်လဲ သီလရင်ဝတ်ပါလား....။
ခင်ခင်စန်း။ ။မဖြစ်ပါဘူးဘုရား၊ ဦးသက်ညွန့်ကို တပည့်တော် အိမ်ထောင်ပြုနေရပေမယ့် စိတ်မပါပါဘူးဘုရား၊ ဒါပေမဲ့တပည့်တော်မရဲ့မေမေဟာသူ့ဆီကငွေတွေချေးထားပြီး ပြန်မဆပ်နိုင်လို့ တပည့်တော်ကို ငွေအစား သူနဲ့ အိမ်ထောင် ချပေးလိုက်တာပါဘုရား၊ တပည့်တော်မ သူ့ကိုမပေါင်းဘဲ သီလရင်ဝတ်ရင် သူ မေမေ ထံက ငွေပြန်တောင်းမှာပါ၊ မေမေက မပေးနိုင်ရင် ထောင်ကျမှာမို့ တပည့်တော် သူ့ဇနီးအဖြစ်မနေချင်ဘဲနဲ့နေရတာပါဘုရား၊ တပည့်တော်ကို ငဲ့ညှာတဲ့ သဘောနဲ့ ရှစ်ပါး သီလ ပေးခဲ့ပါဘုရား။
ဦးသက်ညွန့်။ ။တပည့် တော်ကို အပါယ်မကျစေချင်ရင် ရှစ်ပါး သီလ မပေးခဲ့ပါနဲ့ဘုရား။
ခင်ခင်စန်း။ ။ပေးခဲ့ပါဘုရား....။
ဦးသက်ညွန့်။ ။မပေးဘို့ တပည့်တော် တောင်းပန်ပါတယ်။
ဦးနန္ဒ။ ။(စိတ်ပျက်ဟန်ဖြင့်) ငါတော့ စိတ်ရှုပ် လာပြီဟေ၊ မင်းတို့ပြဿနာမရှင်းနိုင်သေးဘူး တော်ကြာ နေမြင့်သွားလို့ ဆွမ်းမစားလိုက်ရဘဲနေအုံးမယ်။
(ဦးနန္ဒသပိတ်ယူ၍ ဝင်သွားစေ)
ခင်ခင်စန်း။ ။တပည့် တော်မကို မကယ်နိုင်တော့ဘူးလားဘုရား။
ဦးသက်ညွန့်။ ။ဇနီး အလှ လေးရယ် မင်းငါ့ကို မနှိပ်စက် ပါနဲ့တော့၊ မင်းနဲ့ ညားကတည်းက၊ ရှစ်ပါးသီလအားနာပြီး မချစ်ရတာတွေ ခု မှ အတိုးချပြီး ချစ်ရတော့မယ်။
ခင်ခင်စန်း။ ။အမေရေ....အမေ လုပ်ပုံကောင်းသေးရဲ့လား၊ ဒီလူကြီးက ဘုရားတရားကြည်ညိုလို့ နေ့တိုင်း ရှစ်ပါးသီလယူရင် သမီးကိုမစော်ကားရဲပါဘူးဆို၊ ခုတော့ မြင်လှဲ့ပါအုံး မေမေရဲ့ (ပြောပြီး ငိုနေစေ)
ဦးသက်ညွန့်။ ။ငိုမနေ ပါနဲ့တော့ အချစ်လေးရယ်... အစ် ကို ကြီး ကို ချစ်ပါနော်- (ဦးသက်ညွန့်သည် ခင်ခင်စန်းကို ရင်ခွင်ထဲပွေ့၍ အခန်းထဲသို့ တလှမ်းချင်း ဝင်သွား၊ ခင်ခင်စန်းယက်ကန်ယက်ကန်နှင့် ပါသွားစေ)
(ထိုစဉ် ကန့်လန့်ကာကျလာစေ)
ဇာတ်သိမ်း
Comments
Post a Comment