အာဏာကိုသတိပြု (နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစာစောင် (၁၉၅၅ နိုဝင်ဘာလ)


 

အာဏာကိုသတိပြု


အာဏာလွှဲပြောင်းခြင်းဆိုသည်မှာ ဒေသန္တရအဖွဲ့တွေရဲ့ ကျွမ်းကျင်မှုပေါ်မှာ အများဆုံးတည်ရှိပါတယ်။ ကျွမ်းကျင်မှုရရှိစေရန်လည်း အတော်ပင်ကြိုးစားဘို့ လိုအပ် ပါတယ်၊၊ကျွမ်းကျင်ပြီး အရည်အချင်းနှင့်ပြည့်စုံ၍ အဆင့်အတန်းမြင့်သော ဒေသန္တရ အဖွဲ့များဖြစ်ပေါ်လာစေရန် လူထုကိုယ်စားလှယ်များဖြစ်တဲ့ ကောင်စီလူကြီးများနှင့် အုပ်ချုပ်ရေးကျွမ်းကျင်သူများဖြစ်တဲ့ ရာထမ်းမှူးထမ်းများသာ အစွမ်းကုန်ကြိုးစားရမည် ဖြစ်ပါတယ်။


အာဏာဆိုတာ လူကိုဖျက်စီးစေတတ်တယ်။ ကိုယ်ကျင့်တရားကို ပျက်ပြား စေတတ်တယ်။တည်ကြည်သောသမာဓိကို ယိုင်လဲစေတတ်တယ်။ အာဏာရလာရင် အမြင်မှန်မရဘဲ၊ စည်းကမ်း ဥပဒေတွေကို ဥပေက္ခာပြုပြီး ထင်ရာ လုပ်တတ်တယ်။ အကတိတရားလိုက်စားချင်တဲ့စိတ်တွေ ဝင်လာတတ်တယ်။အာဏာမရခင် လူထုအကျိုး အတွက်ဆောင်ရွက်ပေးပါမယ်လို့ တွင်တွင်ကြီးအော်ဟစ်ခဲ့ပေမဲ့ အာဏာရပြီးတာနဲ့ တပြိုင်နက်လူထုကိုတခါထဲမေ့ပစ် ပြီး ကိုယ့်အကျိုးကိုယ့်စီးပွါး ကိုယ့်ဆွေမျိုးသားချင်းရဲ့ စီးပွားရေးကိုသာ အဓိကထားပြီး ဆောင်ရွက်တတ်ကြတယ်။


လူကြီးမင်းများ ထင်ထင်ရှားရှားကြီးသိနေကြတဲ့ သာဓကတခုကို ပြရမယ်ဆိုရင် လယ်ယာမြေ ကော်မတီတွေကိုကြည့်ပါ။ ဒီလယ်ယာမြေ ကော်မတီတွေဟာ တချို့ ကတော့ လူထုရဲ့ အကျိုးစီးပွားကို တရားမျှတစွာ ဆောင်ရွက်ကြပါရဲ့ ၊ တာပေမယ့် အတော် ခပ်များများဟာ လူထု အကျိုး စီးပွား အတွက် မဟုတ်ဘဲ၊ ကိုယ့်အကျိုး ကိုယ့်မိသားစု ကိုယ့်ဆွေမျိုးသားချင်းတွေရဲ့ အကျိုးစီးပွားတွေလောက်ကိုသာ အဓိက ထားပြီး လုပ်ခဲ့ကြတာကို ကျွန်တော်တွေ့ခဲ့ရတယ်။ ဒီလယ်ယာမြေကော်မတီတွေဟာ မကသေးဘူး ပြည်ထောင်စု တခုလုံးကပဲ ဒီလိုမတော်မတရား ရှုပ်ရှုပ်ပွေပွေ ပြုလုပ်ကိုင် ကြတဲ့ကိစ္စမျိုးတွေကို ကျွန်တော်အများကြီးတွေ့ရတယ်။ အဲဒီလို မတော် မတရားကိစ္စ တွေဟာ ရပ်တန်းကရပ်ဘို့သင့်ပြီ၊ တခြား ဘယ်နေရာ ဘယ်ဌာနမှာဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီမိုကရေစီဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ရေးမှာတော့ ဒီလိုဟာမျိုးတွေ ဘယ်နည်းနဲ့မှ မဖြစ်ကြဖို့ ကျွန်တော်အထူးသတိပေးလိုတယ်။


(နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု)

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစာစောင် (၁၉၅၅ နိုဝင်ဘာလ) 



Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်