ဝေးတသက်သက် ဇော်ထွန်း ရေးသည် ငွေတာရီမဂ္ဂဇင်း (၁၉၆၉ ဒီဇင်ဘာလ)





 ဝေးတသက်သက်

ဇော်ထွန်း ရေးသည် 

ငွေတာရီမဂ္ဂဇင်း (၁၉၆၉ ဒီဇင်ဘာလ)


နီးတကျက်ကျက်ရယ်နဲ့

ဝေးတသက်သက်ရယ်လို့

မိန့်မြွက်ကာ နှုတ်ချွေဘူးပါတဲ့

ကျေးဇူးရှင် ဘစကားကို

ကြားယောင်မိယခုခါ။

ညီကလေးတွေနဲ့

ဟိုရှေး တူနေချိန်က

အိမ်မှာလေ ကိုယ်စာရေးရင်လဲ

ဟစ်ကြွေး ဆူညံညံနဲ့။

ကြံကြံဖန် ဆော့ကစားလေတော့

မျက်ပွားကာ ထိုစဉ်ခိုက်မှာဖြင့်

စိတ်သွားရာ ကိုယ်ပါလိုက်

ရိုက်မိခဲ့ပါ ။


အပြစ်ကင်းလေတဲ့

သင်းတို့ရွယ် သဘာဝကိုဖြင့်

ဘာမျှ ကိုယ်မဆင်ခြင်မိ

အတ္တဝင် အမိုက်သည်းပါလို့

ကြီးနိုင်ရာ ငယ်ကိုညှဉ်းသလိုပ

မာန်တင်းကာ ထင်ရာစိုင်းလို့ရယ်

ရိုင်းမိခဲ့ မညှာမတာ

ကဗျာဆရာရဲ့ မဟာအမှား။



အနေဝေးပါမှ

ဟိုရှေး တူနေချိန်က

အိမ်မှာလေ သည်ချိန်များရယ်နဲ့

ခါတလေ ကျောင်းရက်အားမှာပေါ့

ကစားရာ ကိုယ်တိုင်ပါတဲ့

ပျော်စရာ တိတ်ဇာတ်ကြောင်းကိုဖြင့်

ပြန်ပြောင်းကာ အကိုတွေးမိတော့

ခုတိုင်ပင် မြင်ယောင်သေးပါရဲ့

မိုက်တူးမောင် ဆိုးပေလေးတို့ကို

ဆွေးမိသည်တကား။


ဇော်ထွန်း ရေးသည် 

ငွေတာရီမဂ္ဂဇင်း (၁၉၆၉ ဒီဇင်ဘာလ)

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်