စကားမဲ့ အနမ်း၊ စကားမဲ့ အလွမ်း
စကားမဲ့ အနမ်း၊ စကားမဲ့ အလွမ်း
တိတ်ဆိတ်ခြင်းတွေရဲ့ အကွယ်မှာတောင်...
မင်းကို ငါ ဘယ်လောက်တောင် လွမ်းနေရသလဲဆိုတာ
မင်းသာ သိခဲ့မယ်ဆိုရင်...
ငါ့ရဲ့ ဝိညာဉ်ဟာ
မင်းဆီကနေ ဘယ်တော့မှ အဝေးကို ထွက်ခွာမသွားခဲ့ဖူးဆိုတာ
မင်း နားလည်ပါလိမ့်မည်။
ဘာကြောင့်များလဲဆိုတော့...
လူတယောက်ကို လွမ်းရတဲ့ အလွမ်းဆိုတာ
အမြဲတမ်း ဟစ်အော် ကြွေးကြော်နေဖို့ မလိုလို့ပါပဲ။
တခါတလေကျရင်လည်း
ဒီအလွမ်းဟာ တိတ်ဆိတ်လွန်းတဲ့ ခဏလေးတွေထဲမှာ ပုန်းကွယ်နေတတ်တယ်။
အမှတ်မထင် ဝင်လာတတ်တဲ့ အတွေးစတွေထဲမှာ၊
ရုတ်တရက် အသည်းနှလုံးကို ခပ်လေးလေး ဖိနှိပ်သွားတဲ့ သီချင်းသံတွေထဲမှာ၊
မင်းကို အမျှင်မပြတ် ပြောပြချင်စိတ်တွေ တဖွဖွ ဖြစ်ပေါ်လာပြီးမှ
မဖြစ်နိုင်တော့မှန်း သတိထားမိလိုက်တဲ့ ခဏလေးတွေထဲမှာပေါ့။
လူတွေကတော့ တိတ်ဆိတ်သွားကြတာကို
သံယောဇဉ်တွေ ကုန်ခန်းလို့ အေးစက်သွားကြပြီလို့ ထင်မှတ်တတ်ကြတာပေါ့။
ဒါပေမဲ့ တခါတလေကျရင်လည်း
ဒီတိတ်ဆိတ်ခြင်းဆိုတာဟာ
အနက်ရှိုင်းဆုံး ချစ်ခြင်းမေတ္တာကို ငြိမ်သက်စွာ ပွေ့ဖက်ထားတာမျိုးပါ။
ဒါကြောင့်...
ငါ ဘယ်လောက်ပဲ စကားမဲ့ တိတ်ဆိတ်သွားပါစေ
ငါ့ရဲ့ ဝိညာဉ်၊ ငါ့ရဲ့ အစိတ်အပိုင်းတခုဟာ
မင်းအနားမှာ အမြဲတမ်း ရှိနေမှာပါ။
Comments
Post a Comment