ပန်းပွတ်သည်မျိုးနွယ် ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည်


 


ကောက်နှုတ်ချက် 


“အဘိုး၊ ဘုရားစေတီကို ထီးတင်သောအခါ အဘယ်အရာဖြင့် တင်သနည်း”


“အရှင်မင်းကြီး၊ ငြမ်းဖြင့် တင်ရပါသည်”


“ကောင်းပြီ အဘိုး၊ ထီးတင်ပြီးသောအခါ ငြမ်းကို ဘယ်သို့ ပြုလုပ်ရသနည်း”


“အရှင်မင်းကြီး၊ ငြမ်းကို ဖျက်ပစ်ရပါသည်၊ သို့မှသာလျှင် ထီး တင့်တယ်ပါမည်”


“မှန်ပေသည် အဘိုး၊ အဘိုးက ငြမ်းနှင့်တူ၏။ ကျွန်ုပ်က ထီးနှင့်တူ၏။ ငြမ်းနှင့်တူသော အဘိုးမရှိပါမှ ထီးနှင့်တူသောကျွန်ုပ် တင့်တယ်မည်”


---------------------------


ပန်းပွတ်သည်မျိုးနွယ်


ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည် 



ပုဂံခေတ်တွင် မင်းဆက် ၅၅-ဆက် အုပ်စိုးခဲ့ရာ၌ ၅၃-ဆက်မြောက် အုပ်စိုးသူမှာ နရသီဟပတေ့မင်း ဖြစ်၏။ ထိုမင်း ထီးနန်းကိုရရှိသည်မှာ အစဉ်အလာအရ ရိုးရိုးတန်းတန်း ရရှိခြင်း မဟုတ်ပေ။ ရာဇသင်္ကြန်အမတ်ကြီး ဦးဆောင်သော မူးမတ်ဗိုလ်ပါတို့၏ အစီအစဉ်ဖြင့် နောင်တော်ကိုကျော်လွန်ပြီး မင်းအဖြစ်သို့ ရောက်ရှိခြင်း ဖြစ်လေသည်။


ခမည်းတော် ဥဇနာမင်းသည် သက္ကရာဇ် ၆၀၂-ခုတွင် ကွယ်လွန်၏။ ထိုအခါ ၎င်း၏ သားနှစ်ယောက်အနက် အကြီးဖြစ်သော သီဟသူ ထီးနန်းအမွေ ဆက်ခံရန်ဖြစ်သည်။ ဥဇနာမင်း ကိုယ်တိုင်ကလည်း သားအကြီး သီဟသူကို နန်းမွေဆက်ခံရန် လျာထားပြီး ဖြစ်သည်။


သို့သော် သီဟသူသည် အမတ်ကြီး ရာဇသင်္ကြန်ကို လူပုံအလယ်တွင် စော်ကားပြောဆိုခဲ့ဖူး၏။ ထို့ပြင် သီဟသူသည် အမျက်ဒေါသ ကြီး၏။ မာန်မာန ကြီး၏။ မူးကြီး မတ်ကြီးများကို ပမာမခန့် မလေးမစား ပြောဆိုဆက်ဆံလေ့ရှိ၏။ ထိုအကြောင်းကြောင့်ပင် ရာဇသင်္ကြန်အမတ်ကြီး ဦးဆောင်သော မူးမတ်ဗိုလ်ပါတို့က သီဟသူ နန်းတက်လုချိန်တွင် ပရိယာယ်ဆင်၍ ဖမ်းချုပ်ထားလိုက်ကြသည်။ ညီဖြစ်သူ နရသီဟပတေ့ကို နန်းတင်ပေးလိုက်ကြသည်။


ရာဇသင်္ကြန် အမတ်ကြီးသည် နန်းတွင်း နန်းပြင်၌ ဩဇာကြီးသူဖြစ်၏။ ဉာဏ်ပညာ အမြှော်အမြင်နှင့် ပြည့်စုံသူလည်း ဖြစ်၏။ ‘ရာဇသင်္ကြန်၊ ပညာလျှံ၊ ပုဂံပြည်လုံးကဲ’ ဟူ၍ စိန္တကျော်သူဦးဩက ကဝိလက္ခဏ သတ်ပုံကျမ်း၌ ဖော်ပြထားလေသည်။


နရသီဟပတေ့သည် မင်းအဖြစ်သို့ ရောက်ပြီးနောက် ကာလအတန်ကြာသည့်တိုင် ရာဇသင်္ကြန်အမတ်ကြီးကို မေ့လျော့နေ၏။ သူ့အား မင်းအဖြစ်သို့ ရောက်ရှိအောင် စီမံဖန်တီးပေးသည်ကို အသိအမှတ် မပြုသကဲ့သို့ ရှိနေ၏။


တနေ့သောအခါ ရာဇသင်္ကြန် အမတ်ကြီးသည် ဘုရင့်ထံ အခစားဝင်ရာ၌ ပန်းကလပ် အပဲ့ကို ယူဆောင်သွားလေ၏။ ပန်းကလပ် ဟူသည်မှာ ကွမ်း၊ ပန်း စသည်ကို ထည့်ရသော မူးမတ်တို့၏ အဆောင်အယောင် ပစ္စည်း ဖြစ်၏။


“အဘိုး၊ ဘာကြောင့် ပန်းကလပ် အပဲ့ကို ကိုင်ဆောင်သနည်း၊ အသစ်ကို ကိုင်ဆောင်ပါတော့လား”ဟု နရသီဟပတေ့မင်းက မေးလေသည်။


“မှန်လှပါ အရှင်မင်းကြီး၊ ယခုအခါ၌ ပန်းပွတ်သည်မျိုးနွယ်များ ကောင်းစားနေသဖြင့် ပန်းပွတ် လုပ်ကိုင်မည့်သူမရှိပါ” ဟု အမတ်ကြီး ရာဇသင်္ကြန်က ပြန်လည်လျှောက်တင် လိုက်လေသည်။


နရသီဟပတေ့၏ မယ်တော်သည် ပန်းပွတ်သည် (ပန်းပွတ်သမား) ၏ သမီးဖြစ်၏။ ထို့ကြောင့် နရသီဟပတေ့မင်းသည် ပန်းပွတ်သည်၏ မြေး ဖြစ်လေသည်။


ရာဇသင်္ကြန် တင်လျှောက်သည်ကို ကြားရသောအခါ အမျက်ဒေါသ ကြီးသော နရသီဟပတေ့မင်းသည် ချက်ချင်းပင် တုံ့ပြန်မြွက်ကြားလိုက်လေသည်။


“အဘိုး၊ ဘုရားစေတီကို ထီးတင်သောအခါ အဘယ်အရာဖြင့် တင်သနည်း”


“အရှင်မင်းကြီး၊ ငြမ်းဖြင့် တင်ရပါသည်”


“ကောင်းပြီ အဘိုး၊ ထီးတင်ပြီးသောအခါ ငြမ်းကို ဘယ်သို့ ပြုလုပ်ရသနည်း”


“အရှင်မင်းကြီး၊ ငြမ်းကို ဖျက်ပစ်ရပါသည်၊ သို့မှသာလျှင် ထီး တင့်တယ်ပါမည်”


“မှန်ပေသည် အဘိုး၊ အဘိုးက ငြမ်းနှင့်တူ၏။ ကျွန်ုပ်က ထီးနှင့်တူ၏။ ငြမ်းနှင့်တူသော အဘိုးမရှိပါမှ ထီးနှင့်တူသောကျွန်ုပ် တင့်တယ်မည်”


နရသီဟပတေ့မင်းသည် ယင်းသို့ ပြောကြားပြီးနောက် တဆက်တည်းပင် ရာဇသင်္ကြန် အမတ်ကြီးကို ရာထူးစည်းစိမ် အဆောင်အယောင်များ ဖျက်သိမ်းစေလျက် ဒလသို့ နှင်ထုတ်ရန် အမိန့်ချမှတ်လိုက်လေ၏။


‘ပညာရှိ သတိဖြစ်ခဲ’ ဆိုသည့်အတိုင်း ပညာရှိအမတ်ကြီးရာဇသင်္ကြန် ၏ ပြုလုပ်ပြောဆိုမှုသည် သတိလက်လွတ် ဖြစ်ချေ၏။ အမျက်ဒေါသ မာန်မာန ကြီးလှသော အာဏာပိုင် နရသီဟပတေ့ဘုရင်အား မပြောကြားသင့်သည့် စကားကို ပြောကြားလိုက်မိ၏။


ကျေးဇူးတုံ့ပြန်မှု လာဘ်လာဘကို ရလိုခြင်း တည်းဟူသော အလိုဆန္ဒနှင့် ‘ငါ ဆောင်ရွက်ပေးလို့ ရှင်ဘုရင် ဖြစ်ရတာ’ ဟူသော မာနစိတ်တို့သည် ပညာရှိအမတ်ကြီးအား ဖုံးလွှမ်းခဲ့ပေမည်။ ထို့ကြောင့်ပင် မပြောသင့်သောစကားကို ပြောကြားမိကာ မဖြစ်သင့်သည်ကို ဖြစ်ရ ကြုံရခြင်း ဖြစ်လေသည်။

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်