မပီဝိုးဝါးဆိုစကား ဝိဓုရ ဒုက္ခ ကဗျာ နောက်ခံသမိုင်းကြောင်း
မပီဝိုးဝါးဆိုစကား ဝိဓုရ ဒုက္ခ ကဗျာ နောက်ခံသမိုင်းကြောင်း
ကျွန်တော်တို့ ဆရာဇော်ဂျီ ရေးသားခဲ့တဲ့ ‘မောင်သစ်ဆင်း ကဗျာစု’ ထဲက ‘ဝိဓုရဒုက္ခ’ ဆိုတဲ့ ကဗျာကို တွေ့ဖူး၊ ဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ်ခင်ဗျာ။
မြန်မာစာပေနဲ့ သမိုင်းကို အထူးတလည် လေ့လာလိုက်စားသူတွေကလွဲရင်၊ ဒီကဗျာကို ဖတ်မိတဲ့သူအများစုဟာ ကဗျာရဲ့ နောက်ခံအကြောင်းအရင်းစုံကို သိပ်မသိကြတာများပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ ဆရာဇော်ဂျီရဲ့ ‘ဝိဓုရဒုက္ခ’ ကဗျာနဲ့အတူ သူ့ရဲ့ စိတ်ဝင်စားစရာ နောက်ခံသမိုင်းကြောင်းကို ဆရာဦးလေးမြိုင် ရေးသားပြုစုထားတဲ့ ‘လောကကြေးမုံ’ စာအုပ်ထဲကနေ ကောက်နုတ်ပြီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။"
ဝိဓုရ ဒုက္ခ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းလည်းဝမ်းပါး၊ ငါလည်းပါး၏
နဂါးမိဖုရား၊ ဆိုဝိုးဝါးကြောင့်
နဂါးမင်းအို၊ မယားငိုလျှင်
လိုလိုက်ချင်အား၊ သိဝိုးဝါးကြောင့်
ချစ်အားကြွကြွ၊ ပုဏ္ဏကသည်
ပြလိုပြစား၊ သိဝိုးဝါးကြောင့်
ဘုရား - ဘုရား
ဘုရားတမိ၊ တို့မချိခဲ့
သိပြီစင်စစ်၊ ဖြစ်ရလေခြင်း
မတ်မင်းဒုက္ခ၊ ကြီးလိုက်ရသည်
နာဂပြည်သို့ မရောက်ခင်တည်း။
(ဆရာဇော်ဂျီ၏ မောင်သစ်ဆင်းကဗျာစုမှ)
အသည်းနှလုံးလား၊ တရားနှလုံးလား
ဣန္ဒပတ္တနဂိုရ်ပြည်၌ ဝိဓုရသုခမိန်အမည်ရှိသော ပညာရှိအမတ်ကြီးတဦးရှိလေသည်။ ထိုအမတ်ကြီးသည် တရားဓမ္မဟောပြောရာ၌ အထူးကျော်ကြား၏။ အခြားတိုင်းနိုင်ငံများမှ လာရောက်တရားနာသူများပင်ရှိလေ၏။ သူ့တရားကို နာကြားမိလျှင် မနှစ်သက် မကြည်ညိုသူဟူ၍ မရှိ။ နောက်ထပ်တဖန် နာကြားလိုကြပြန်မြဲဖြစ်၏။
နဂါးမိဖုရား တရားနာချင်၍
ဝရုဏနဂါးမင်း၏မိဖုရား ဝိမလာဒေဝီသည် ဝိဓုရသုခမိန်၏ သတင်းကို ကြားသိရသဖြင့်တရားနာလိုစိတ် ဖြစ်ပေါ်လာသည်။ တမ်းတမ်းတတ ပြင်းပြသောဆန္ဒ ဖြစ်ပေါ်နေလေသည်။ ထို့ကြောင့် "ဝိဓုရသုခမိန်၏ နှလုံးသားကို အလိုရှိပါသည်" ဟု ဝရုဏနဂါးမင်းအား ဖွင့်ဟတောင်းဆိုလေတော့သည်။
ထိုအခါ ဝရုဏနဂါးမင်းက သမီးတော် ဣရန္ဓတီအား အကူအညီတောင်း၏။
ဣရန္ဓတီက "ဝိဓုရသုခမိန်၏နှလုံးသားကို ယူဆောင်ပေးနိုင်သူအား မိမိနှင့်ကြင်ဖက်ချစ်သူအဖြစ် ကြည်ဖြူမေတ္တာ နှင်းအပ်ပါမည်" ဟု ကြွေးကြော်လိုက်လေသည်။
ထိုအခါ ဣရန္ဓတီ၏အလှကွန်ရက်တွင် အုပ်မိနေသော ပုဏ္ဏကဘီလူး စစ်သူကြီးက "အကျွန်ုပ် တာဝန်ယူပါသည်" ဟု ကတိပေးဝန်ခံလာလေ၏။ ပုဏ္ဏကသည် ဝန်ခံကတိပြုထားသည့်အတိုင်း သူ၏စွမ်းရည်စွမ်းအားဖြင့် ဝိဓုရသုခမိန်ကို အရခေါ်ဆောင်နိုင်ခဲ့၏။
ထို့နောက် ရင်ခွဲပြီး နှလုံးသားကို ထုတ်ယူနိုင်ရန် ဝိဓုရအား အသေသတ်ရပေဦးမည်။ နှလုံးသားကို ပေးဆပ်နိုင်ပါမှ အလှပိုင်ရှင် ဣရန္ဓတီ၏ အချစ်ကို ရယူနိုင်မည်မဟုတ်လား။
ပုဏ္ဏကဘီလူး၏ ညှဉ်းပန်းနှိပ်စက်မှုများ
ပုဏ္ဏကသည် ဣန္ဒပတ္တနဂိုရ်ပြည်မှ ဝိဓုရအမတ်ကြီးကို ခေါ်ထုတ်လာခဲ့ပြီးနောက် နည်းမျိုးစုံဖြင့် ညှဉ်းပန်းသတ်ဖြတ်၏။
တောင်ထိပ်ပေါ်မှ ပစ်ချသည်။
ကျောက်တောင်စွန်းတွင် ဇောက်ထိုးဆွဲတင်သည်။
ပုဏ္ဏကသည် ကမ္မဇိဒ္ဓိ တန်ခိုးရှိသော ဘီလူးမျိုးဖြစ်ရာ ကြောက်မက်ဖွယ်ရာ နည်းမျိုးစုံ ဖန်ဆင်းပြီး နှိပ်စက်သတ်ဖြတ်လေသည်။ သို့သော်လည်း ဝိဓုရသုခမိန်ကား အသက်မသေ။ ကာယိကဒုက္ခ ကိုယ်၏ပင်ပန်းဆင်းရဲခြင်းမျှသာ ခံစားရလေသည်။ ပုဏ္ဏက၏ ကမ္မဇိဒ္ဓိ တန်ခိုးသည် ဝိဓုရသုခမိန်၏ သီလတန်ခိုးနှင့် သစ္စာတန်ခိုးကို မကျော်လွန် မလွှမ်းမိုးနိုင်ပေ။
ဇာတ်သိမ်းနှိဂုံး
နောက်ဆုံးတွင် ပုဏ္ဏကသည် ဝိဓုရသုခမိန်ကို ရင်ခွဲပြီး နှလုံးသားကို မထုတ်ယူဘဲ အသက်ရှင်လျက်နှင့်ပင် ဝိမလာမိဖုရားကြီးထံ ပို့ဆောင်လေတော့သည်။ ထိုအခါ ဝိမလာမိဖုရားသည် ဝိဓုရကို တွေ့မြင်ရ၊ ဝိဓုရ၏တရားစကားကို နာကြားရသဖြင့် တမ်းတမ်းတတ ပြင်းပြသော အလိုဆန္ဒ ပြီးမြောက်သွားလေ၏။ ဝိဓုရသုခမိန်ကို လေးမြတ်ကြည်ညိုလှသဖြင့် ရတနာမျိုးစုံ စုပုံ၍ ပူဇော်ကန်တော့လေ၏။
ထို့နောက် ပုဏ္ဏကသည် ဝိဓုရသုခမိန်ကို ဣန္ဒပတ္တနဂိုရ်ပြည်သို့ ချောမောကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ပေးလေသည်။ ဣရန္ဓတီကိုလည်း ကြင်ဖက်ချစ်သူအဖြစ် ရယူခေါ်ဆောင်သွားလေသည်။
ကောက်ချက်နှင့် သင်ခန်းစာ
"အရှင်မင်းကြီး...၊ ကျွန်တော်မ ဝိဓုရသုခမိန် ဟောကြားသည့်တရားကို နာကြားချင်ပါသည်" ဟု ဝိမလာမိဖုရား ရိုးရိုးစင်းစင်း ရှင်းရှင်းလင်းလင်း လိုရင်းကိုပြောလိုက်လျှင် လွယ်လွယ်ကူကူ သက်သက်သာသာဖြင့် ကိစ္စအားလုံး ပြီးမြောက်နိုင်ပေ၏။ ယခုသော် ဝိမလာမိဖုရား၏ မပီဝိုးဝါးဆိုစကားကြောင့် မလိုအပ်ဘဲ ကိစ္စတွေများခဲ့ကြရသည့်အပြင် ဝိဓုရအမတ်ကြီးမျာ ကြုံရသည့်ဒုက္ခ ကြီးမားလှပါပေ၏။
Comments
Post a Comment