ချစ်စာလွှာ မြင့်ထွန်း ရေးသည် သောကြာ စာစောင်၊ ၁၉၆၂ ခုနှစ်၊ မတ်လ




 ချစ်စာလွှာ

မြင့်ထွန်း ရေးသည်

သောကြာ စာစောင်၊ ၁၉၆၂ ခုနှစ်၊ မတ်လ


ကျောင်းတိုင်းလိုလိုတွင် လှပသော အမျိုးသမီး ကျောင်းသူလေးများ နာမည်ကျော်ကြား လူသိများသကဲ့သို့ ချစ်စာလွှာ အရေးကောင်းသော ကျောင်းသားလေးများသည်လည်း တနည်းအားဖြင့် နာမည်ကြီးတတ်ကြလေသည်။


ထို့အတူ ကျွန်တော်တို့ကျောင်းတွင် ကိုမောင်မောင်ဌေးသည် လူငယ်ချင်း ကူလီကူမာ အချစ်စာတမ်းဖွင့်၍ မေတ္တာချင်း ဆက်သွယ်မိစေရန် ချစ်သဝဏ်လွှာ အရေးအလွန်ကောင်းသူ ဖြစ်လေသည်။ သူရေးလေသမျှသော ချစ်စာလွှာများကို ဖတ်မိသောသူတိုင်းက တကယ့်ကို ထိလှမိလှပါသည်ဟူ၍ နှုတ်မှ ချီးကျူးဂုဏ်ပြုရလေသည်အထိ ရသမြောက်ပြီး လူကြိုက်များလှသည်။


သူ၏ သစ်လွင်သော စကားလုံး နုနုထွတ်ထွတ်၊ လှလှပပလေးများနှင့် တန်ဆာဆင်ပြီး အသက်သွင်းထားသည့် ချစ်စာလွှာများကို သဲလွှာနုပါသည်ဆိုသော အမျိုးသမီးလေးများ ဖတ်မိပါမူ သနားလွန်း၍ မျက်ရည်များပင် တောက်တောက်ကျလာမည်လား မပြောတတ်။


ကျွန်တော်တို့ကဲ့သို့ ဘုရားဆုကို အခါခါပန်လာသည့် မင်းယောက်ျား ရင့်ရင့်မာမာကြီးပင်လျှင် သူ၏ ဖွဲ့-နွဲ့-ညှ-ချွဲ ခယာသည့် စာနုစာယဉ်ကျောဝယ် နစ်မျောကာ စာလွှာပိုင်ရှင်အား သနားကြင်နာ ကရုဏာသက်လာသလိုလို ဖြစ်လာသည်အထိ စွမ်းအားကောင်းလေစွ။


ကိုမောင်မောင်ဌေးသည် ရာဇဝင်ရှိသူဖြစ်၏။ သူ၏ ချစ်စာလွှာကို ဖတ်လိုက်ရသော အမျိုးသမီး ဆယ်ယောက်လျှင် ခုနစ်ယောက်မှာ ဧကန်ဧကစွံရမည်ဟု ရဲရဲတောက် မိန့်ကြားလေ့ရှိသည်။ သူမိန့်ကြားသည့်အတိုင်းလည်း ကျွန်တော့်မျက်မြင်အရ ဟုတ်တန်သလောက် ဟုတ်ခဲ့ပါ၏။


တနေ့သောခါ................။

ကျောင်းမုန့်စားလွှတ်ချိန်တွင် တချို့သော ကျောင်းသားများက ကျောင်းအောက်သို့ ဆင်းပြီး မုန့်စားသူစား၊ ကစားသူကစား၍ နေကြသော်လည်း၊ ကျွန်တော်တို့ကဲ့သို့ ဘလွတ်ရွတ်တောက် ပြောပြီး ‘ဂျီ’ ကျလေ့ရှိသော ကျောင်းသားတစုနှင့် ရည်းစားစာ စာရေးဆရာကြီး ကိုမောင်မောင်ဌေးသာ အတန်းထဲတွင် ကျန်ရစ်ခဲ့လေသည်။ ကိုမောင်မောင်ဌေးက သူ၏မူအတိုင်း စာပွဲပေါ်တွင် အချစ်ဝတ္ထုလုံးချင်းတအုပ်ကို မျက်မှန်ထဲက မျက်စိအစုံနှင့် ဖတ်၍ နေလေသည်။


သည်အချိန်တွင် ကိုအောင်သူ ဆိုသူက သူ၏နောက်နားသို့ ကပ်လာပြီး—


“ရည်းစားစာ စာရေးဆရာကြီးရဲ့ စာဖတ်လှချည်လား.... ကျွန်တော့်ကိုလဲ ချစ်စာလွှာ တစောင်လောက် မစစမ်းပါအုံးခင်ဗျာ....”


ထိုစကားသံကို ကြားလေသော ကိုမောင်မောင်ဌေးက သူ၏အလုပ်ကို ဝင်ရောက်နှောက်ရှက်သဖြင့် စိတ်မရှည်သည့် အယ်ဒီတာချုပ်ကြီးများ ဟန်မျိုးဖြင့် မျက်မှောင်ကုတ်ကာ—


“နေစမ်းပါအုံး.... ကိုအောင်သူ၊ ခင်ဗျားလို ရုပ်ချော၊ ပစ္စည်းပေါ၊ ပညာရှိတဲ့သူတယောက်က အမျိုးသမီးတယောက်ရဲ့ အချစ်ကို ရယူဘို့အရေး စာတတန် ပေတဖွဲ့နဲ့ ချစ်ရေးဆိုဘို့များ လိုသေးသလား....”


“လိုပါပြီလားခင်ဗျာ- ကျွန်တော့်အနေနဲ့ ကိုမောင်မောင်ဌေး ပြောသလို အရည်အချင်းတွေ ပြည့်စုံနေပေမဲ့.... ခုချိန်ထိ အမျိုးသမီးတယောက်က ကိုယ့်ကို ပြန်ပြီး ချစ်တုံ့ပြန်လေဝံအောင် မပြောတတ်သေးဘူး။ ဒါကြောင့်လဲ ဆရာ့ကို အပူကပ်ရတာပေါ့-”


ထိုကဲ့သို့ ကိုမောင်မောင်ဌေးသည် သူ့အား ‘ဆရာ’ ဟု ခေါ်သံကြောင့်လောမသိ၊ အတော်လေး ဘဝင်မြင့်သွားဟန်ဖြင့် မျက်မှန်ကိုချွတ်၍ အိတ်ထဲက လက်ကိုင်ပုဝါသန့်သန့်နှင့် အသာပွတ်သတ်လိုက်လေသည်။ ပြီးလေတော့မှ မျက်မှန်ပြန်တပ်ရင်း—


“အင်း.... အပူကပ်တဲ့သူက လာကပ်တော့လဲ ဖြေရှင်းတန် ဖြေရှင်းပေးရတာပေါ့ဗျာ။ ဒါထက်.... ဆိုစမ်းပါအုံး။ ခင်ဗျားရဲ့ အမျိုးသမီးလေးက ဘယ်လိုအမျိုးအစားထဲကလဲ.... ရိုးရိုးအေးအေးထဲကလား၊ ဒါမှမဟုတ် ဇတ်ဇတ်ကျဲလေးထဲကလား”


“ဇတ်ဇတ်ကျဲထဲကပဲ ဆရာ.... အသက်ကတော့ နှစ်ဆယ်လောက်ပဲ ရှိသေးတယ်။ ရုပ်ရေကတော့ ရုပ်ရှင်မင်းသမီး သင်းသင်းလဲ့နဲ့ ဆင်သလိုလို၊ ပြီးတော့ ခေတ်ဆန်ပြီး ဆိုရှယ်ကျတယ်၊ သူကြည့်ရတာ ရှင်းရှင်းနဲ့ ဘွင်းဘွင်းထဲက....”


ဤတွင် ကိုမောင်မောင်ဌေးက လက်ကာလိုက်ပြီး—


“ဟိုး.... ဟိုး.... ဒီလောက်ဆိုရင် ဆရာရိပ်စားမိပြီ။ ကိုအောင်သူ လိုချင်တာက ချစ်စာလွှာ မဟုတ်လား.... ရမယ်လေ။ စာတစောင်ရဲ့ ဉာဏ်ပူဇော်ခကော သိတယ်မဟုတ်လား”


“သူများကို ဆရာရေးပေးတော့ ဉာဏ်ပူဇော်ခ သုံးကျပ်လို့ ကျွန်တော် ကြားမိပါတယ်....”


ကိုမောင်မောင်ဌေးက ဦးခေါင်းကို ဖတ်ကနဲ ငြိမ့်ပြလိုက်လေ၏။ ဤတွင် ကိုအောင်သူက—


“သုံးကျပ်မဟုတ်ဘူး ဆရာရေ၊ ငါးကျပ် ချက်ခြင်းပေးပါ့မယ်။ နောက်ပြီးတော့ ကျွန်တော့်အမျိုးသမီးနဲ့ အောင်ပွဲခံသွားရင်.... ဆရာနဲ့ဟောဒီက သူငယ်ချင်းတစုကိုလဲ ခေါက်ဆွဲနဲ့ ဝေဿန္တရာ ပြုလုပ်ပါ့မယ်....”


“လုပ်လှချည်လား ကိုအောင်သူ”


“မလုပ်နဲ့လေ.... ကျွန်တော့်အဖို့ ဒီကိစ္စသာ မူလပထမပဲ”


“ဒီလိုဆိုလဲ- စိန်လိုက်လေဗျာ”


ပြောပြောဆိုဆိုနှင့် ကိုအောင်သူသည် ငါးကျပ်သော ငွေအသပြာကို ကိုမောင်မောင်ဌေး၏ လက်ထဲသို့ ဝံမကွက်ဘဲ အပ်နှင်းလိုက်တော့သည်။ ကိုမောင်မောင်ဌေးကလည်း သူ၏လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ကော်ပီစာအုပ်အတွင်းမှ ဗလာစာရွက်တရွက်ကို ဖြီးကနဲ အသံမြည်အောင် ဆွဲဖြဲလိုက်ပြီး ချစ်စာလွှာကို ဖေါင်တိန်တချောင်းနှင့် စတင်၍ ရေးလေတော့၏။


သို့ဖြင့် တရက်ပြီးတရက် ရက်ပေါင်းအလီလီ ကြာညောင်း၍ အချိန်တွေပင် ပြောင်းလာခဲ့လေပြီ။


ဇူဇကာပုဏ္ဏားထက် အစားကြီးသော ကျွန်တော်တို့ သူငယ်ချင်းတသိုက်က ကိုအောင်သူ ဝေဿန္တရာ ပြုလုပ်မည့် ခေါက်ဆွဲဟင်းလျာကိုသာ အာသာငန်းငန်းနှင့် သွားရည်ယိုယင်း စောင့်မျှော်လျက်ရှိကြသည်။


ကျွန်တော်သည် စာမေးပွဲကြီး နီးလာပြီဖြစ်သောကြောင့် ယခင်ကကဲ့သို့ အချိန်ကို အလဟဿ ဖြုန်းတီး၍မရ၊ ကျောင်းပြေးပြီး ရုပ်ရှင်ကြည့်နေ၍လည်း မဖြစ်နိုင်တော့။ အချိန်ရှိသမျှ သည့်ရက်လတွေက လွတ်လာခဲ့သော စာကြွေးများကို ပြေလည်အောင် ဆပ်နေရသည့် ဒုက္ခကြီးက ဖိစီးလျက်ရှိနေပြန်သည်။ ထို့အတွက်ကြောင့်လည်း ကိုအောင်သူနှင့် ကိုမောင်မောင်ဌေးတို့၏ ချစ်စာလွှာပြဿနာကို ဦးနှောက်ထဲထားပြီး မတွေးတောနိုင်ခဲ့။


ကျွန်တော့်စိတ်အထင် နှစ်ပါတ်ခန့် ရှိသွားပြီထင်၏။ ထိုအချိန်ဝယ် ကိုအောင်သူက သူ၏အမျိုးသမီးနဲ့ အောင်ပွဲခံသဖြင့် ကျွန်တော်တို့တတွေအား ညနေကျောင်းဆင်းချိန် သမယ၌ ခေါက်ဆွဲ ဆပ္ပလိုင်းမည့်အကြောင်းကို ပြောသွားတော့သည်။


ကျွန်တော်နှင့် တက်ညီလက်ညီ ‘ဂျီ’ ကျလေ့ရှိသော ကျောင်းသားသုံးယောက်နှင့်အတူ ကိုအောင်သူ၏ ရည်းစားစာ စာရေးဆရာကြီး ကိုမောင်မောင်ဌေး အပါအဝင် ပေါင်းသူငယ်ချင်း ခြောက်ယောက်တို့သည် ယခင်အင်္ဂလိပ်မင်းလက်ထက်က ‘ချိုင်းနားတောင်း’ (ဝါ) တရုတ်မြို့တော်ဟု လူသိများသော တရုတ်တန်းရှိ အကောင်းဆုံး စားသောက်ဆိုင်တဆိုင်အတွင်းသို့ ဝင်လာခဲ့ကြလေ၏။


ယင်းစားသောက်ဆိုင်အတွင်းရှိ စာပွဲခုံဝယ် ကိုယ့်နေရာကိုယ် အသီးသီးယူကြ၏။ ကိုအောင်သူ၏နဘေးဝယ် ကိုမောင်မောင်ဌေးနှင့် ကျွန်တော်၊ မျက်နှာချင်းဆိုင်ရှေ့တွင်မူကား သူငယ်ချင်းသုံးယောက်။


ကျွန်တော်တို့လူသိုက် ရောက်လာသည်နှင့် စာပွဲထိုး တရုတ်လေးသည် စားသောက်ပွဲ ထမင်းဟင်းလျာ အမျိုးအမည်များ ရေးထားသော စာရွက်ကိုကိုင်ကာ အနားသို့ ရောက်လာချိန်တွင်—


“ဟော.... ပင်မည့် ခြောက်လုံးနဲ့ သုံးကျပ်တန် ခေါက်ဆွဲကြော်တပွဲ.... ကောင်းကောင်းကြော်ပေးနော်” ဟူ၍ မှာကြားလိုက်လေသည်။


ဤတွင် စာပွဲထိုးတရုတ်လေးလည်း အရိုအသေပေးကာ အနားမှ ထွက်ခွာသွား၏။ ကျွန်တော်ကား အကြောင်းအကျိုးဆက်၍ နှစ်ဦးပူးပေါင်းဖက်မိကာမှ အောင်မြင်မှုရလာလေသော ဒကာတော် ရေမြေ့ရှင်နှစ်ဦးကို တလှည့်စီ အကဲခတ်ကြည့်နေ၏။


ကိုအောင်သူကား မထိုးဘဲနှင့် ကောက်ရသော ထီလက်မှတ်ဖြင့် သိန်းဆုကြီးပေါက်လာသော ဟန်မျိုးနှင့် ပြုံးရွှင်နေ၏။ ထို့အတူ ကိုမောင်မောင်ဌေးကလည်း ရွေးကောက်ပွဲတွင် မဲအနိုင်ရလာသော အမတ်မင်းက သူ့မဲစည်းရုံးရေးမှူးအား ကြည့်ပြီး အားရနှစ်သိမ့်သော အပြုံးမျိုးနှင့် တွေ့မြင်ရလေသည်။


ဤနှစ်ဦးသားကို တယောက်တလှည့် အပြန်ပြန်ကြည့်ရင်း စာပွဲပေါ်တွင် တင်ထားသော ကိုအောင်သူ၏ အလိပ်နှစ်ဆယ်ဝင် ရွှေရောင်စီးကရက်ဗူးထဲမှ လက်မြန်သည့်ကျွန်တော်သည် တလိပ်သော စီးကရက်ယူ၍ မီးညှိသောက်ပြီး—


“ကိုအောင်သူ.... ခင်ဗျားရဲ့ အမျိုးသမီး ပြဿနာမှာ ဘယ်လိုများ အထမြောက် အောင်ပွဲခံခဲ့သလဲဆိုတာ သိရအောင် ပြောစမ်းပါအုံးဗျာ။ တကယ်လို့ ဝမ်းသာစရာရှိရင်လဲ ကူညီပြီး ဝမ်းသာရအောင်” ဟူ၍ စလိုက်ရုံမျှ ရှိသေး....။


“ဟုတ်သားပဲ.... ကျွန်တော့်ရဲ့ ချစ်စာလွှာတန်ခိုးနဲ့ ဘယ်လိုလုပ်ပြီး ငြိသွားရတယ်ဆိုတဲ့ ဇာတ်လမ်းလေး သိချင်တယ်” ဟူ၍ ကိုမောင်မောင်ဌေးက သူ၏လက်စွမ်းကို သိလိုသောဇောနှင့် စကားဝင်၍ ထောက်လိုက်လေသည်။


သို့ကလို စကားကောင်းနေစဉ်မှာပင် စာပွဲထိုးတရုတ်လေးက ပင်မှည့်လိမ္မော်ရည်ပုလင်းများနှင့် ဖန်ခွက်များ စားပွဲပေါ်သို့ လာချနေ၏။ ပြီးတော့မှ ခေါက်ဆွဲကြော်ထည့်စားရန် ပန်းကန်နှင့် တူများ၊ လက်သုတ်ပုဝါများကို သူ့နေရာနှင့်သူ နေသားတကျဖြစ်အောင် လိုက်ချနေလေသည်။ သည့်နောက်မှ ပင်မှည့်လိမ္မော်ရည်ပုလင်းများကို ဖောက်၍ ဖန်ခွက်ထဲသို့ သွန်လောင်းနေစဉ်မှာပင်—


“ဟဲ....ဟဲ.... ခင်ဗျားတို့ ဒီလောက်သိချင်ရင်လဲ ကျွန်တော်ပြောပြပါ့မယ်။ ဖြစ်ရပုံက ဒီလိုဗျ....ဒီလို.... ကိုမောင်မောင်ဌေး ရေးပေးတဲ့ ချစ်စာလွှာကို ကျွန်တော့်အမျိုးသမီး ကျောင်းကအပြန်မှာ လိုက်ပို့ပေးတယ်။ ပထမတော့ မယူဘူး.... ထုံးစံအတိုင်း မိန်းမသားပီပီ မူလကြည်လေးတော့ လုပ်ကြည့်သေးတာပေါ့.... ဒါပေမယ့် ဘာရမလဲ....”


ဤစကားစလိုက်ပြီး မတင်မကျနှင့် အဆက်ဖြတ်လိုက်ကာ ကိုအောင်သူက သူ၏ရှေ့တွင်ရှိသော ပင်မှည့်လိမ္မော်ရည်ကို တငုံမျှ အာဆွတ်ရုံ သောက်လိုက်၏။ သူ၏စကားအဆက်ကို အလွန်အလွန် သိလိုဇောနှင့် မောနေသော ကိုမောင်မောင်ဌေးက အငြိမ်မနေနိုင်တော့ဘဲ—


“ဒါပေမယ့် ဘာဖြစ်သလဲဗျာ....”


“ဒါပေမယ့် ကျွန်တော်က ဇွဲသန်သန်နဲ့ အတင်းပေးတာကြောင့် နောက်ဆုံးတော့ ကျွန်တော့်စာကို ယူသွားတယ်။ ဒီတော့ သူ့ဆီက ပြန်စာ လာတယ်။ စာထဲမှာ ကျွန်တော့်မေတ္တာကို လက်ခံတဲ့အကြောင်း၊ ပြီးတော့ သူမလဲ ကျွန်တော့်ကို မြင်မြင်ချင်း ချစ်နေမိတဲ့အကြောင်းကို သူ့အရှက်နဲ့ ဣန္ဒြေကို မထောက်ဘဲ ဝန်ခံရှာတယ်။ သစ္စာရှိဘို့အကြောင်း၊ တမျက်နှာက နှစ်မျက်နှာမပြောင်းဘို့ အကြောင်းတွေ စုံလို့ပါပဲ.....။ ဒါထက်ပိုပြီး ထူးခြားတာက သူပြန်စာနဲ့အတူ သူ့ရဲ့ ရုပ်ပုံလွှာ ဓာတ်ပုံကိုပါ အစဉ်အမြတ်တရ ဖြစ်ဘို့ဆိုပြီး ထည့်ပေးလိုက်တယ်....”


တဝိုင်းလုံးရှိ သူငယ်ချင်းများမှာ ကိုအောင်သူ၏ စကားကြောင့် အံ့ဩနေကြသည်။ ကျွန်တော်ကိုယ်တိုင်လည်း ထိုအတိုင်းပင်။ ရည်းစားစာ စာရေးဆရာကြီး ကိုမောင်မောင်ဌေးတယောက်ကသာ ဂုဏ်ယူသော အပြုံးမျိုးနှင့် မပွင့်တပွင့် ပြုံးလျက်ရှိသည်။ သည်နေရာမျိုးတွင် နှုတ်ဆော့လေ့ရှိသော ကျွန်တော်က—


“ဒီအတိုင်းဆိုရင် ဝမ်းသာစရာကြီးပေါ့။ ကိုအောင်သူ့ရဲ့ အမျိုးသမီး ရုပ်ပုံလွှာ ခုပါလာရင်လဲ.... တဆိတ်လောက် ကြည့်ရအောင်”


“Kဲ.... ခင်ဗျားတို့တတွေ ဒီလောက်ကြည့်ချင်ရင် ရော့” ဟူ၍ ဆိုပြီး သူ့အိတ်ထဲမှ စာရွက်ခေါက်လေးနှင့် ညှပ်နေသော ဓာတ်ပုံကလေးကို ထုတ်ပေးလိုက်လေသည်။


ပထမဦးစွာ ကျွန်တော် ကြည့်ရ၏။ ခါးသေးရင်ချီပြီး ရေကူးဝတ်စုံနှင့် ကိုယ်ဟန်ပြနေသော အမျိုးသမီးအလှကလေး၏ ပုံလွှာဖြစ်သည်။ ဓာတ်ပုံ၏ နောက်ကျောဘက်၌ “ကိုအောင်သူကို ချစ်သောမ” ဟု လက်ရေးသေးသေးကွေးကွေးနှင့် ညီညီညာညာ ရေးသားထားသည်ကို တွေ့မြင်ရလေသည်။


ကျွန်တော်ကြည့်၍ အားရမှ သူငယ်ချင်းတယောက်ကို အနှီအမျိုးသမီး၏ ရုပ်ပုံလွှာလေးကို ပေးလိုက်သည်။ သူကြည့်ပြီး၍ နောက်တယောက်၊ သို့ဖြင့် တလက်ပြီးတလက် ပြောင်းသွားကြလေ၏။ ဓာတ်ပုံကြည့်ပြီးသူတိုင်း၏ မျက်နှာသည် မချိုမချဉ်နှင့်ပြီးသော အပြုံးက အထင်းသား။ ပမာတင်စားရသော် ထန်းလျက်တဝက်၊ မကျည်းသီးတဝက် ရောထားသော အပြုံးမျိုး။


သည့်အချိန်တွင် အငွေ့တထောင်းထောင်း ထွက်နေသော သုံးကျပ်တန် ခေါက်ဆွဲပွဲကြီးကား စာပွဲထိုးတရုတ်လေး လာချသဖြင့် ကျွန်တော်တို့ ပွဲတော်တည်ရန် အသင့်ရောက်ရှိ၍ နေလေပြီ။


နောက်ပိတ်တကာ့ နောက်ပိတ်ဆုံးမှ ကိုမောင်မောင်ဌေးအလှည့်သို့ ရောက်လေသည်။ သူက ဓာတ်ပုံကိုကြည့်၏။ မသဲကွဲသဖြင့် မျက်မှန်ကိုချွတ်ပြီး လက်ကိုင်ပုဝါကို သေသေချာချာ ပွတ်တိုက်၍ ပြန်တပ်ကာ ကြည့်ပါ၏။ သူ၏မျက်လုံးအစုံသည် ရုပ်ရှင်ထဲက ပျော်တော်ဆက် ဦးကြယ်နီ၏ မျက်လုံးပြူးခြင်းက လက်နက်ချအညံ့ခံလောက်အောင်ပင် ပြူးကျယ်သွား၏။ ပြီးနောက် ပါးစပ်ကြီးကလည်း အဟောင်းသားဖြစ်သွားပြီး အတန်လေးကြာလေမှ စကားပြော၍ မှတ်ချက်ချလိုက်ပါသည်။ သူပြောလိုက်သော စကားက—


“ငါ့လခွီး.... မင်းတို့ကောင်တွေ သိပ်ဆိုးတာဘဲကွာ....” ဟူ၏။


သည်ကဲ့သို့ ဝမ်းနည်းစကားကို ကိုမောင်မောင်ဌေးသည် အဘယ်ကြောင့် ပြောလေသနည်း။ ဝမ်းနည်းရခြင်းမှာ ဝမ်းနှုတ်ဆေးမစားမိသောကြောင့်မဟုတ်၊ အဖြေကား ရှိ၏။


ကိုအောင်သူ၏ချစ်သူ (ဝါ) ရုပ်ပုံလွှာထဲက အမျိုးသမီးသည် တခြားသူမဟုတ်။ ရည်းစားစာ စာရေးဆရာကြီး ကိုမောင်မောင်ဌေး၏ တဦးတည်းသော ချစ်နှမချောလေး၊ ကာယဗလမယ် ‘မမလေး’ ဖြစ်နေသောကြောင့်ပင် ဖြစ်လေသတည်း။


(ရည်းစားစာ ရေးခိုင်းလျှင် လာဘ်ရည်ဘိုး အရင်တောင်းလေ့ရှိသော ချစ်ဆွေများသို့)

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်