စနေ မြေဒူး ပေစူး စာပေါလောက သွေးသောက် မဂ္ဂဇင်း


စနေ

မြေဒူး ပေစူး 

 “ဟ-ဒီနေ့ မောင့်မွေးနေ့ဘဲ ” 

“ဟုတ်တယ်တော့...ကျုပ်မွေးနေ့လဲ.. ဒီနေ့ဘဲ” 

သည်နေ့ကား စနေနေ့။ သည်နေ့တွင် လင်မယားနှစ်ယောက်စလုံး မွေးခဲ့၏။ မဟုတ်သေးပါ၊ လင်မယားနှစ်ယောက်စလုံး အမွေးခံခဲ့ကြရပါသည်။ ကိုတင်ငွေက စနေသား၊ မတင်ငွေကလည်း စနေသမီး။

“အမယ်..... တော်-ကျုပ်ကို စာလိုက်ပေးခဲ့တာလဲ ဒီနေ့ဘဲ” 

“အေးကွ၊ မင်းဆီက ပထမဆုံး ပြန်စာရတာလဲ ဒီနေ့ဘဲ” 

ဟုတ်ပါသည်။ သူတို့နှစ်ဦး ခိုးရာလိုက်ကြသောနေ့သည်လဲ ဒီစနေနေ့ပင်။ 

“စနေသားဟေ့..... စနေသား" 

သူတို့ သားဦးလေး (သား၏ ဦးလေးမဟုတ်ပါ) မွေးတုန်းက ထိုကလေးအား အဖေနာမည်ရော၊ မအေ နာမည်ပါပါအောင် “မောင်တင်ငွေ (၁)” ဟုခေါ်တွင်စေခဲ့သည်။ 

မွေးပြန်ပြီ နောက်တယောက်။ (မြန်လှချည်လားဟု မယူဆစေလိုပါ။ ) 

“စနေသမီးလေးဗျား။ မတင်ငွေ (၂) လို့ခေါ်စေ” 

”သုံးယောက်မြောက်လဲ စနေသား အမည် မောင်တင်ငွေ [၃] ။ လေးယောက်မြောက်သည်ကလဲ အားကျမခံ စနေသမီး မတင်ငွေ [၄] ဖြစ်သွားပြီ။ ကိုတင်ငွေတို့လင်မယား ကလေးမွေးသည်မှာ စီမံကိန်းကဲ့သို့ တိကျကြောင်း အရပ်ကချီးမွမ်းသလိုနှင့် ကဲ့ရဲ့ကြသည်။ ကဲ့ရဲ့သည်ကိုပင် ချီးမွမ်းသည်ဟုထင်ကာ ကိုတင်ငွေ တို့ လင်မယားက ဂုဏ်ယူနေသည်။ (ဂုဏ်ယူသဖြင့် ပပဝင်း ကျန်နေခဲ့ပါလားဟုမေးလျှင် ဖြေမည်မဟုတ်ပါ။) 

ကိုတင်ငွေ အရက်မူးလာသည်။ စနေနေ့ညဘက်။ 

မတင်ငွေ ထမီပြဲချုပ်သည်။ စနေနေ့ပါဘဲ။ 

မောင်တင်ငွေ (၁) ဆေးခန်းသွားပြသည်။ စနေနေ့။ 

မတင်ငွေ (၄) ရင်ကျပ်နေသည်။ စနေမနက်။ 

စနေနေ့ ညသန်းခေါင်ယံမှာ လေတိုး၍ အိမ်ပြိုသည်။ ကိုတင်ငွေ အရိုက်ခံရသည်။ ရိုက်သူမှာ သူ့မိန်းမ မတင်ငွေဖြစ်၍ သည်စနေမှာပင်။ 

အလုပ်နေ့တဝက်လုပ်ရသည်။ စနေနေ့ကိုး၊ တနေ့လုံး နေ့ဝက်သာ ထမင်းစားရသည်။ စနေနေ့ ဥပုသ် ကြုံသဖြင့် တအိမ်လုံး ဥပုသ်စောင့်ထားကြသည်ကိုး။ 

ကိုတင်ငွေ၏ သူငယ်ချင်း စနေသား ကိုတင်မြိုင် (ယင်းပုဂ္ဂိုလ်ကား ကျွန်ုပ် မြေဒူးပေစူးပင်ဖြစ်ချေ၏) သိန်းထီပေါက်သည်မှာ ဤစနေနေ့။ ထီကျေညာချိန်ဖြစ်ပြီး ကိုတင်ငွေ ကားတိုက်ခံရသောရက်နှင့် တရက်ထဲ ဖြစ်နေပြန်ပါသည်။ ကိုတင်ငွေ၏ အခြားသော သူငယ်ချင်းတဦးဖြစ်သော စနေသားကိုမြင့်ဦး အချုပ်ခံရသည် မှာလဲ ဤနေ့ပင်ဖြစ်သည်။ ကိုတင်ငွေက အပေါ်ရောက်သည့်အခါရောက် စနေက အပေါ်ရောက်သည့်အခါ ရောက်နှင့် ဖြစ်ရသည်။ စနေရော ကိုတင်ငွေတို့လင်မယားနှစ်ဦးပါ လုံးရထွေးရလွန်းသဖြင့် လောက်စာလုံး တွေ အများကြီးရပြီး တံတွေးတွေ အတော်ကုန်ကြ၏။ 

ဖြစ်ရလေပြီ။ သည်စနေနေ့ မနက်မှာပင် သူတို့လင်မယားနှစ်ယောက်စလုံး စနေနံကစသော တီဘီ ရောဂါဖြင့်ဆုံးရှာသည်။ ညနေဘက်မှာပင် စနေနံကစသော တာမွေသုသာန်သို့ချ၏။ 

စနေသား ကိုတင်အေးကား တွင်းတူးလျက် ကျွန်တော်ဆိုသော စနေသားသည်လည်း စနေနံက စသော ဒူးယားကိုကိုက်ပြီး စနေနံကစသော တိုယိုတာကရော်လာကားပေါ်မှ အသုဘလိုက်ပိုရန်- စနေနံ ဒူးကို နှံ့လျက်။ ဝမ်းနည်းကြပါစို့။ 

မြေဒူး ပေစူး 

စာပေါလောက 

သွေးသောက် မဂ္ဂဇင်း


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်