ကုဋီတက်ခြင်းနှင့် ရာထူးစည်းစိမ် ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည်


  
ကုဋီတက်ခြင်းနှင့် ရာထူးစည်းစိမ်
 

 ဆရာဦးလေးမြိုင် ရေးသားပြုစုသည့် လောကကြေးမုံ မှ ကောက်နှုတ်ဖေါ်ပြသည် 

 

မြန်မာသက္ကရာဇ် (ကောဇာသက္ကရာဇ်) ၁၀၂၃-ခုနှစ်တွင် အင်းဝထီးနန်းကို မဟာပဝရ ဓမ္မရာဇာ လောကာဓိပတိ ဘွဲ့တံဆိပ်ခံယူသော ပြည်မင်းက သိမ်းပိုက်လေသည်။


ထိုပြည်မင်းသည် နန်းသိမ်းပွဲခံယူပြီးနောက် မိမိဘုန်းတန်ခိုးကြီးရန်၊ အသက်ရှည်ရန် ဓာတ်ရိုက်ဓာတ်ဆင် ယတြာမှု ပြုလုပ်လေသည်။


(မှတ်ချက်။ ။ထိုမင်းသည် အသက် ၅၃နှစ်၊ နန်းစံသက် ၁၁-နှစ်မျှဖြင့် သက္ကရာဇ် ၁၀၃၄-ခု၊ တန်ခူးလတွင် ကွယ်လွန်၏။)


ယတြာပြုလုပ်ပုံမှာ-


မြောက်နန်းဆောင်ကိုဖျက်ပြီး ကျောင်းဆောက်သည်။ တောင်နန်းဆောင်ကိုဖျက်ပြီး မြောက်နန်းဆောင်နေရာဟောင်း၌ ထပ်မံတည်ဆောက်သည်။ ထို့ပြင် ထိုတောင်နန်းဆောင်ဟောင်းမှ သစ်သားများကို ကျောင်းလည်းဆောက်သေးသည်။ မြောက်နန်းကျောင်း၊ တောင်နန်းကျောင်းဟု အမည်တွင်၏။


တောင်နန်းကျောင်းကို အဂ္ဂဓမ္မာလင်္ကာရပုဂ္ဂိုလ်အား လှူဒါန်းလေသည်။ ထိုပုဂ္ဂိုလ်သည် အမတ်ကြီးနေမျိုးရာဇာ၏သား ဖြစ်ပေရာ မှူးမတ်မျိုးရိုး သာသနာ့ဝန်ထမ်း ရဟန်းတော်ဖြစ်လေသည်။



ထိုရဟန်းတော်သည် သဒ္ဒါကြီးရှစ်စောင်နိဿယ၊ အဘိဓမ္မတ္ထသင်္ဂြိုဟ် နိဿယ၊ အဘိဓမ္မတ္ထကျမ်းရိုးမာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်း အရကောက်ကျမ်းများနှင့် ရာဇဝင်ချုပ်ကျမ်း စုစုပေါင်း ကျမ်းခုနစ်စောင် ရေးသားပြုစုခဲ့သည်။ ၎င်းပြုစုသော ရာဇဝင်ချုပ်ကျမ်းကို မြောက်နန်းကျောင်း ရာဇဝင်ဟု ခေါ်တွင်ကြလေသည်။


ထိုရဟန်းတော်သည် ပိဋကတ်တော်ဆိုင်ရာ ကျမ်းဂန်စာပေများကို တတ်မြောက်သည့်ပြင် လောကကြောင်း၊ ရာဇကြောင်းများ၌လည်း ကျွမ်းကျင်လိမ္မာတော်မူ၏။ မှူးမတ်မျိုးရိုးမှ ရဟန်းဖြစ်လာသူလည်းဖြစ်၏။ ထို့ကြောင့်ပင် နန်းရိုးနန်းနွယ် ပရိသတ်၊ မှူးမျိုးမတ်မျိုး ပရိသတ်တို့ အဝင်အထွက်များဟန်တူသည်။ ဆွေးနွေးမေးမြန်းမှု၊ ဆည်းပူးလေ့လာမှု များဟန်တူသည်။


တနေ့၌ သတိုးမင်းကြီးဘွဲ့ရ ဝန်ကြီးတဦး တောင်နန်းကျောင်း ဆရာတော်ထံရောက်လာသည်။ ကျမ်းဂန်စာပေအကြောင်း၊ လောကီလောကုတ္တရာဆိုင်ရာ အကြောင်းရပ်များကို ဆွေးနွေးကြသည်။


ထိုသတိုးမင်းကြီးသည် ဆရာတော်ထံမှ ပြန်ခါနီးတွင် စကားတခွန်းကိုပြော၏။ ထိုစကားသည် သတိုးမင်းကြီး၏ ရင်ထဲနှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်နိုင်လောက်ပေ၏။ ပြောဆိုဆွေးနွေးကြရာ၌ ဆရာတော်၏ အရည်အချင်းကို ကျေနပ်အားရလှသဖြင့် ရုတ်တရက် လွတ်ခနဲ ပြောလိုက်မိခြင်း ဖြစ်နိုင်လောက်ပေ၏။


ယေဘုယျသဘောအားဖြင့် သူလိုရဟန်းလူထွက် သုခမိန် ဝန်ကြီးမှူးကြီးတဦးက ထိုစကားမျိုး ပြောထွက်ဖွယ်ရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အထက်တန်းကျ မြင့်မြတ်လှသောဘဝမှ ဆွဲချလိုက်သလို သဘောသက်ရောက်နေ၍ဖြစ်သည်။


သတိုးမင်းကြီး ပြောလိုက်သည့် စကားကိုလည်း နားထောင်ကြည့်ပါဦး။


“အရှင်ဘုရား . . . ၊ အရှင်ဘုရားသာ လူဝတ်လဲပြီး လူအဖြစ်ရောက်လို့ကတော့ - ရာထူးဘွဲ့ထူးကြီးကြီးရမှာ ဧကန်ပါပဲ။ အဆောင်အယောင် ခမ်းခမ်းနားနားနဲ့ အထက်တန်းကျကျ နေထိုင်ရမှာ သေချာပါတယ်”


ထိုအခါ တောင်နန်းကျောင်းဆရာတော်ကလည်း တုံ့ပြန်စကား ပြောကြားလိုက်ပါ၏။ ဆရာတော်၏စကားကိုလည်း နားထောင်ကြည့်လိုက်ပါဦး။


“ဪ-ဒကာကြီးရယ်၊ အဲသလို ရာထူး၊ ဘွဲ့ထူးတွေ၊ စည်းစိမ်ချမ်းသာတွေကို ဘုန်းကြီးတို့ ကုဋီတခါတက်ရသလောက် တန်ဖိုးမထားပါဘူး”


ကုဋီဆိုသည်မှာ အိမ်သာပင်ဖြစ်သည်။ ကုဋီတက်ခြင်းသည်လည်း အိမ်သာတက်ခြင်းကို ဆိုလိုပါ၏။


“ကျင်ကြီးကျင်ငယ် အညစ်အကြေးစွန့်သည့်နေရာ” ဟု၍ လူအများ သိရှိထားပြီးဖြစ်ပါလိမ့်မည်။


ပုဂ္ဂိုလ်နှစ်ဦးတို့၏ နှုတ်ထွက်စကားနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်စေချင်ပါ၏။


ပထမပုဂ္ဂိုလ်၏စကားရပ်ထဲတွင် “ရာထူးဘွဲ့ထူး . . . ၊ အဆောင်အယောင် ခမ်းအခမ်းအနား . . . ၊ အထက်တန်းကျကျ . . . ” ဟူသော ပုံရိပ်သဏ္ဌာန်များ ပါရှိနေသည်။ ထိုခေတ်ထိုအခါက အများသူငါတို့ လိုလားတောင့်တနေသော (ထိုသူတို့၏) ဣဋ္ဌာရုံ ပုံရိပ်သဏ္ဌာန်များ ဖြစ်ပေသည်။


ဒုတိယပုဂ္ဂိုလ်၏စကားရပ်ထဲတွင်မူ “ကုဋီတက်ခြင်း” ဟူသော ပုံရိပ်သဏ္ဌာန်မျှသာပါရှိသည်။


ထိုကုဋီတက်ခြင်း ပုံရိပ်သဏ္ဌာန်သည် လောကီစည်းစိမ် ကာမဂုဏ်နယ်ထဲ၌ ဝဲလှည့်နေသူ သာမန်ပုထုဇဉ်လူသားတို့အဖို့ နှစ်သက်လိုလားဖွယ်ရာ ဣဋ္ဌာရုံ မဖြစ်နိုင်ပါပေ။


ထို့ကြောင့် ဖော်ပြပါ စကားနှစ်ရပ်တို့၏ မတူကွဲပြား ခြားနားချက်မှာ တောင်နှင့်မြောက်ကဲ့သို့ ဆန့်ကျင်ဘက်ဟုပင် ဆိုနိုင်လောက်ပေသည်။


ယင်းဖော်ပြချက်တို့ကား နှုတ်ထွက်စကားနှစ်ရပ်၏ ဗဟိဒ္ဓ အပြင်ပိုင်း ပုံရိပ်သဏ္ဌာန်အပေါ် ယေဘုယျ သုံးသပ်ချက်မျှသာဖြစ်သည်။


နှုတ်ထွက်စကားနှစ်ရပ်၏ အဇ္ဈတ္တ အတွင်းပိုင်း နိမိတ်သဏ္ဌာန်များကိုလည်း နှိုင်းယှဉ် သုံးသပ်ကြည့်ပါလေဦး။


ဤနေရာ၌ သတိုးမင်းကြီး၏နှုတ်ထွက်စကားရပ်နောက်တွင် ပါရှိသော တရားကို တောင်နန်းကျောင်းဆရာတော်က မည်သို့မည်ပုံ သိမြင်ထားကြောင်း ကောက်ချက်ထုတ်ယူဖို့ လိုအပ်၏။


ရာထူး၊ဘွဲ့၊ထူး၊ အဆောင်အယောင် စည်းစိမ်ဥစ္စာဟူသည်မှာ ဖောက်ပြန် ယိမ်းယိုင် ပျက်စီး ပျောက်ကွယ်တတ်၏။ ခိုင်မြဲတည်တံ့၍ နေသည်မဟုတ် . . . ။ ထိုထို စည်းစိမ်တို့သည် စင်စစ်အားဖြင့် ချမ်းသာမဟုတ်ကြကုန်။ ပညာမျက်စိ အားနည်းသူတို့ကသာ ချမ်းသာဟု အမြင်မှားနေကြ၏။ ထိုထိုစည်းစိမ်တို့သည် စင်စစ်အားဖြင့် ဆင်းရဲစေတတ်ကုန်သည်သာဖြစ်၏။ ပညာနည်းသော ပုထုဇဉ်တို့အဖို့ စည်းစိမ်ဥစ္စာဟူသည်မှာ ပစ္စုပ္ပန်-သံသရာ ဆင်းရဲကြောင်းသာလျှင်ဖြစ်၏ . . . ။ စည်းစိမ်ဥစ္စာ ရာထူးဂုဏ်ထူး ဟူဟူသမျှတို့သည် ပိုင်သည်ဆိုင်သည် ဆိုသူတို့၏ အလိုဆန္ဒအတိုင်း လိုက်လျော ဖြစ်တည်ရိုးမရှိ။ သူသဘောသူဆောင်ကာ ဖြစ်ပျက်ပြောင်းလဲ ဖောက်ပြန်သွားကြသည်သာဖြစ်၏။ ကွယ်ပျောက် ဆိတ်သုဉ်းသွားကြသည်သာဖြစ်၏။


ဤသို့လျှင် ရာထူး၊ဘွဲ့၊ထူး၊ စည်းစိမ်ဥစ္စာများအပေါ် တောင်နန်းကျောင်းဆရာတော်က မြင်သည်-သိသည်-သဘောထားသည်ဟု ကောက်ချက်ထုတ်ယူနိုင်ပေ၏။ အဘယ်ကြောင့်ဆိုသော် ဆရာတော်က “ကုဋီတခါတက်လောက် တန်ဖိုးမထားဘူး” ဟု စကားကုန် ခြွင်းချက်မရှိ မူလိုက်သည်မဟုတ်လော။


တစ်ဖန် ကုဋီတက်ခြင်း၏ နိမိတ်သဏ္ဌာန်ဆီသို့ ဆင်းခြင်သုံးသပ်ကြည့်ပါလေဦး။


ကုဋီတက်သည့်အခါ၌ ဖြစ်ပေါ်လာသည့်၊ ဖြစ်ပေါ်နေသည့် အခြင်းအရာနှင့် အရာဝတ္ထုဟူသမျှတို့သည် ပညာမျက်စိ အားနည်းသူတို့အဖို့ မနှစ်သက်ဖွယ်ရာ အနိဋ္ဌာရုံများသာလျှင် ဖြစ်နေတတ်၏။ ပညာမျက်စိ

အားကောင်းသူ အဖို့မှာမူ အနိဋ္ဌာရုံထဲကလည်း အဖိုးတန် ဓမ္မအနှစ်သာရကို ထုတ်ယူနိုင်ကြပေသည်။


ကုဋီတက်သည့် အချိန်အနည်းငယ်အတွင်း၌ ပုဠုဝကကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်းတို့ကို ပွားများရှုမြင်နိုင်သည်။ သတိပဋ္ဌာန်ဝိပဿနာကိုလည်း ကောင်းစွာ ဆင်ခြင်ပွားများနိုင်သည့် ‘အချိန်ကောင်း’ ‘ခွင့်ကောင်း’ ဖြစ်သည်။ ထို့ပြင် ကုဋီတက်သည့် နေရာ၊ အချိန်၊ အခြင်းအရာတည်းဟူသော သုံးပွင့်ဆိုင် ခွင်ကြီးသည် ပညာမျက်စိ အမြင်ရှိသူတို့အဖို့ ဓမ္မအလင်း ပွင့်ထွန်းရာ အောင်မြေသဖွယ်ဖြစ်ပါပေ၏။ သင်္ခါရဓမ္မ ဟူဟူသမျှတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘ သဘောမှန်ကို ပီပြင်ကြည်လင်အောင် ရှုမြင်နိုင်စွမ်းရာဌာန ဓမ္မသလာ ဓမ္မကွန်းရိပ်လည်း ဖြစ်ပါပေ၏။


ဤမျှဆိုလျှင် ဘွဲ့ထူးဂုဏ်ထူး စည်းစိမ်ဥစ္စာ အာဏာရာထူးနှင့် ကုဋီတက်ခြင်းတို့၏ ပုံရိပ်သဏ္ဌာန်ကိုလည်းကောင်း၊ နိမိတ်သဏ္ဌာန်ကိုလည်းကောင်း တောင်နန်းဆရာတော် အဂ္ဂဓမ္မာလင်္ကာရ အရှင်မြတ်၏ အမြင်အသိနှင့် သဘောထားခံယူချက်ကို ကောက်ချက်ထုတ်ယူနိုင်လောက်ပါလေပြီ။


“စကားနောက် တရားပါ” ဟူသည်နှင့်အညီ စကားတိုင်းစကားတိုင်း၏နောက်တွင် ကောင်း-ဆိုး၊ မှား-မှန်တရားများ ပါရှိလာတတ်သည်မှာ မလွဲမသွေ နိယာမသဘောဖြစ်လေသည်။ ယခုဖော်ပြပါ တောင်နန်းကျောင်းဆရာတော်၏ “ကုဋီတခါတက်ရသလောက် တန်ဖိုးမထားဘူးမှတ်ပါ” ဟူသော စကား၏ နောက်ဆွယ်၌ ပါရှိသည့်တရားတို့သည်ကား ပြောလောက်ဆိုလောက်ရှိပါပေ၏။ အဟောဝတ အဗ္ဘုတ ဓမ္မကထာပါပေတည်း။


တွေးဆမမှား၊ ဉာဏ်စဥ်စားလော့

စကားတွင်းမှာ၊ တရားပါ၏။ (မဃဒေဝလင်္ကာ-၃၇၁)

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်