စာရေးဆရာ ဇာတ်လိုက်ကြီးများ အကြောင်း မြတ်လှရေးသည် သောကြာ စာစောင် (၁၉၆၂ မတ်လ)



 စာရေးဆရာ ဇာတ်လိုက်ကြီးများ အကြောင်း

ရုပ်ရှင် ဟာသ 
မြတ်လှရေးသည် 


သောကြာ စာစောင် (၁၉၆၂ မတ်လ)


စာရေးဆရာတွေ ရုပ်ရှင်ထဲဝင်ကြသည်။ စာရေးဆရာ ဒါရိုက်တာ၊ စာရေးဆရာ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ မင်းသား၊ စာရေးဆရာ ဆိုက်ပတ် (Side-part)၊ ထိုထိုဤဤ အနှီနှီသော စာရေးဆရာကြီးများ၊ စာရေးဆရာငယ်များ ရုပ်ရှင်နယ်ပယ်ထဲဝင်၍ လူတွင်ကျယ်လုပ်ကြသည့် နည်းတူ....


ကျွန်ုပ်တို့၏ စာရေးဆရာကြီးများ ဖြစ်ကြသော— စာရေးဆရာ မိုးဝေ၊ ပန်းချီ အောင်စိုး၊ မဏ္ဍိုင် လှမင်း (ယခု-တံခွန်အပတ်စဉ်) တို့ သုံးဦးသည်လည်း သူများနည်းတူ အစွမ်းပြချင်သောဆန္ဒ တဖွားဖွား ပေါ်နေခိုက်တွင်....


စာရေးဆရာမင်းသား၊ ဆရာဝန် အကယ်ဒမီရွှေစင်ရုပ်ဆုရ၊ ရွှေဟင်္သာရုပ်ဆုရ၊ စာပေဗိမာန်ထောင်ဆုရ၊ 

ဒါရိုက်တာ မောင်မောင်သင်၏ (တင့်လူပေဟန်) ဇာတ်ကားတွင် ဝတ္ထု၊ ဇာတ်လမ်းအရ စာရေးဆရာ၊ ပန်းချီဆရာ၊ သတင်းထောက်များ ပါရှိနေသည်ဟု သတင်းကြားရသဖြင့်၊ သူများနည်းတူ ဇာတ်လိုက်မင်းသား ဖြစ်ရလိုဖြစ်ညား၊ ရေးဖော်ရေးဖက် ဆရာဝန် မောင်မောင်သင်ထံ ချဉ်းကပ်ကြလေသတည်း။



စာပေသံယောဇဉ် ကြီးလှသော ဆရာဝန် စာရေးဆရာ မင်းသား ဒါရိုက်တာ မောင်သင်ကလည်း ရေးဖော်ရေးဖက်ကြီးများ၏ တောင်းဆိုချက်ကို လိုက်လျောလိုပါသော်လည်း အခကြေးငွေကိစ္စကို ကုမ္ပဏီနှင့် တိုင်ပင်ပါရစေဦးဟု ဆိုပြန်သဖြင့်၊ အစွမ်းပြချင်သောဆန္ဒ တဖွားဖွားကြောင့် စာရေးဆရာ၊ ပန်းချီဆရာ၊ သတင်းစာဆရာ တည်းဟူသော သုံးဦးသော သူရဲကောင်းများမှာ ဇာတ်လိုက် မဖြစ်ရမှာစိုး၍ ဇွတ်လိုက်ရန်....

ဆုံးဖြတ်ကြပြီး၊ ဤ (တင့်လူပေဟန်) ဇာတ်ကားထဲတွင် ငွေကြေးအတွက် ဘယ်လောက်ပဲဖြစ်ဖြစ် ကုမ္ပဏီက တောင်းသမျှ မရှိမဲ့-ရှိမဲ့ စု၍ဆောင်း၍ ပေးပါမည်ဟု ဝန်ခံကတိပြုကာ ဇွတ်လိုက် ရာထူးကို ယူလိုက်ကြသတည်း။ကုမ္ပဏီပိုင်ရှင်ကလည်း စာရေးဆရာများထံမှ ပါဝင်သရုပ်ဆောင်ခ ရလိမ့်မည်ဖြစ်သဖြင့် စာရေးဆရာ မိုးဝေ၊ ဗဂျီ အောင်စိုး၊ တံခွန် လမင်း တို့အား ဇွတ်လိုက်ရာထူးဖြင့် (တင့်လူပေဟန်) ဇာတ်ကားတွင် ပါဝင်ခွင့် ပြုထားလေသည်ဟူသတတ်။



မိုးဝေ မီးရထားဟိုတယ်မှာ ရှိသည်။ ရဲဆေးတင်နေသည်။ ဆက်ဆက်လာခေါ်ပါ။


ဤစာလေးတစောင်ကို စာရေးဆရာ မိုးဝေက ရေးထားခဲ့သည်။ အကြောင်းမှာ ၆ နာရီ လာခေါ်မည်ဆိုသော်လည်း၊ ၇ နာရီထိုးအထိ လာမခေါ်သေး၍ အပြင်ခဏထွက်စဉ် လူချင်းလွဲသွားလျှင် ကားထဲမပါရမှာစိုး၍ စာရေးထားခဲ့ခြင်း ဖြစ်သည်။


ဗဂျီ အောင်စိုးနှင့် လမင်းတို့သည် ကားကိုယ့်စရိတ်နှင့်ကိုယ် ဘယ်နေရာမှာ ကားရိုက်နေသည်ကို အနှံ့အပြား ရှာ၍လိုက်ရသည်။


ဤသို့ ကြိုးစားကြ၍လည်း ဤဇွတ်လိုက်ကြီး သုံးဦးမှာ ဇာတ်ကားထဲတွင် ပါဝင်ခွင့်ရကြလေသတည်း။


စာရေးဆရာ၊ ဗဂျီဆရာ၊ သတင်းစာဆရာ သုံးဦးသားကို ဒါရိုက်တာက ကနှိပ်စက်လိုက်သေးသည်။ သူတို့က အရွှမ်းကို သရုပ်ဆောင်လိုသည်။ ဒါရိုက်တာက အလွမ်းကို သရုပ်ဆောင်စေသည်။


ထို့ကြောင့်လည်း ဗဂျီ အောင်စိုး ငိုခဲ့ရသည်။ စာရေးဆရာ မိုးဝေ ငိုခဲ့ရသည်။ သူတို့အလွမ်းကား မကြာမီပင် ပိတ်ကားပေါ်တွင် မြင်ရတော့မည်။


သူတို့သည်ကား ဇာတ်ကားအပြီးသတ် ရိုက်ကူးပေးပြီးနောက် ကုမ္ပဏီပိုင်ရှင်သို့ ပါဝင်ခပေးရန်၊ ယခုအခါ စာရေး၍ ငွေကြေးများ စုဆောင်းနေသည်ဟု ကြားရလေသတည်း။


မြတ်လှ

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်