ဟေ့ ငါလဲလူဘဲကွ တိုယိုတာယာ ရေးသည် သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
ဟေ့ ငါလဲလူဘဲကွ
တိုယိုတာယာ ရေးသည်
သောကြာ စာစောင် ၁၉၆၂ စက်တင်ဘာလ
ဦးကြွယ်မိုးနှင့် ကိုကျော်ကြီးတို့သည် တဇောင်းစေးနှင့် မျက်ချေးလို ဦးကြွယ်မိုးက ကိုကျော်ကြီးကို မမြင်ချင်သည့်နည်းတူ ကိုကျော်ကြီးကလည်း ကြွယ်မိုးကို မကြည့်ချင်အောင် ဖြစ်၍နေလေသည်။
ဦးကြွယ်မိုးဆိုသည်က သီတင်းနေ့တိုင်း ဘုန်းကြီးကျောင်း သွားကာ အခြား ဥပုသ်သည်များ ယူလာကြသည့် အစားအသောက်မျိုးစုံကို အလကားရတိုင်း အားမနာတမ်း စားတတ်သူဖြစ်ပြီး သူများနားထောင်ချင်သည် - နားမထောင်ချင်သည်ကို ဂရုမစိုက်၊ သူပြောချင်သမျှ တရားတော်ကိုသာ မမောမပန်း ပြောတတ်သူဖြစ်လေသည်။
သူ့တွင် တော်တော်သောက်ညင်ကပ်စရာကောင်းသော သ္မီးတယောံရှိ၏။ ဂျင်းပင်ခေါ် ဘောင်းဘီဖင်ကြပ်ကို ကြပ်သထက် ကြပ်အောင်ဝတ်၍ တင်လေး လိမ်ဖယ်လိမ်ဖယ်နှင့် လမ်းသလားသည်မှာ သူ့ကိုယ်လုံးလေးက ပိန်ချပ်ချပ်နှင့်ဖြစ်၍ အမဲချောက်လေး လမ်းလျှောက် နေသည်နှင့်ပင် တူသေးတော့သည်။
ဦးကြွယ်မိုးသမီး ခင်နံ့ပျံ အကြောင်း တခန်းရပ်၍ ဦးကြွယ်မိုးအကြောင်း ပြန်ဆက်ရချေဦးမည်။ ဦးကြွယ်မိုးသည် နေ့လည်နေ့ခင်းဘက်တွင် ဝတ်ဖြူစင်ကြယ်ဝတ်ကာ ပုတီးကြီးတကားကားနှင့် တရားဓမ္မတွေကို ဟောနေ တတ်သော်လည်း ညဘက်ဆိုလျှင်- ရမ်နံ့လေး တသင်းသင်းနှင့် အပျိုကြီးမယဉ်ဦး၏ အိမ်ခန်းထဲသို့ ရောက်နေစမြဲ ဖြစ်လေသည်။ သည်အကြောင်းကို လူကြီးများက ရိပ်မိကြသော်လည်း မျက်နှာအပျက်မခံဘဲ ရေငုံနေကြလေသည်။ လူငယ်များကမူ ဦးကြွယ်မိုးအား အကြီးအကျယ်ချဉ်နေကြသည်။ ကိုကျော်ကြီးကမူ ဦးကြွယ်မိုး အကြောင်းကို အစင်းသိဖြစ်ရကား ကျနော်တို့ တတွေကိ ပြန်လည်ဖောက်သည်ချတတ်၏။ ထို့ကြောင့်ပင်လျှင် ဦးကြွယ်မိုးက ကိုကျော်ကြီးဟု ဆိုလှာလျှင် မကြားချင်လောက် အောင် သောက်ညှင်ကပ်နေခြင်းပင်ဖြစ်သည်။
ဦးကြွယ်မိုးသည် ကျော်ကြားမှု ဂုဏ်ဒြပ်ကို အတင်းရော - အဓမ္မပါ အလိုရှိသူဖြစ်ရကား ဘယ်တုံး က ဘယ်သူက ပေးလိုက်သည်မသိသော ဓမ္မကထိကဘွဲ့ကို (ဦးကြွယ်မိုး ဓမ္မကထိက) ဟု ဧရာမဆိုင်းဘုတ်ကြီးဖြင့် အိမ်ရှေ့လူမြင်ကွင်းတွင် ခပ်တည်တည်နှင့် ချိတ်ထားခဲ့၏။ လူငယ်များကဒါကိုပင် မျက်စေ့အပ်စူး (ဟုတ်ပေါင်) စပါးမွှေးစူးနေကြခြင်း ဖြစ်သည်။ ဤဆိုင်းဘုတ်ကြီးကို ဘယ်လိုနည်းနှင့် ဖြုတ်ရပါဟူ၍လည်း အမြဲ အကြံထုတ်ခဲ့ကြလေသည်။
“ဗျို့.... ကိုကျော်ကြီး လာဗျာ- လမ်းထိပ်မှာစောင့်နေကြပြီ”
ထမင်းစားအံ့ဆဲဆဲရှိနေသော ကိုကျော်ကြီးမှာ အားနာစွာဖြင့် ကျနော်နှင့်အတူ လမ်းထိပ်သို့ လိုက်လာခဲ့သည်။ လမ်းထိပ်၌ကားကျနော့ရောင်းရင်းကြီးများ ဖြစ်ကြသော စိုးကြီးတို့ လူသိုက်သည် စုရုံးလျက် စကားပြောနေကြသည်။ ကျနော်နှင့်ပါလာသော ကိုကျော်ကြီးကို မြင်လျှင် စိုးကြီးက ထ၍--
“ကိုကျော်ကြီး ဟိုဟာတော့ရခဲ့ပြီ....”
“အေး-ကောင်းတယ် သန်းထွန်းကြီးကော ငါ့မှာထားတာ ဘဲ့နှယ်လဲ”
“စိတ်ချစမ်းပါ အာစရိရယ်”
ကိုကျော်ကြီးက ကျနော်တို့ လူစုနှင့် အသေးစိတ်အစီအစဉ်များ ဆွေးနွေးပြီးနောက် မရိပ်မိစေရန် လူစုခွဲလိုက်ကြသည်။
သို့နှင့်ပင် တရွေ့ရွေ့ဖြင့် ည-၁၁ နာရီခန့်ရောက်ရှိလာပေပြီ။ ရပ်ကွက်တခုလုံးမှာ အိမ်တံခါး အသီးသီးပိတ်လျက် တေမိရပ်ကွက်ဖြစ်နေတော့၏။ အပျိုကြီးမယဉ်ဦး၏ အိမ်မှာကား မီးရောင်ပြာလဲလဲဖြင့် ဆိတ်ငြိမ်စွာရှိ
နေသည်။ ထိုစဉ် မှောင်ရိပ်ထဲမှ မဲမဲသဏ္ဍာန်တခုသည် ဝင်းတံခါးက လူတကိုယ် ဝင်နိုင်ရုံမျှဖွင့်ကာ အိမ်ကြီးဆီသို့ ခပ်သုတ်သုတ် ချဉ်းကပ်လာလေသည်။ ထိုသဏ္ဍာန်သည် အိမ်ကြီးအနီးသို့ ရောက်လျှင် ထရံကိုကပ်၍ နားစွင့်လိုက်၏။
“အို့... အကိုကြီးကလဲ ယားပါတယ်ဆိုမှ.... ခစ်ခစ်....”
“မယဉ်ကလဲကွယ်....”
ကြားလိုက်ရသည်က ဦးကြွယ်မိုးနှင့် အပျိုကြီးမယဉ်ဦးတို့၏ ကလူကျီစယ်သံပင် ဖြစ်သည်။ မဲမဲသဏ္ဍာန်သည် စိတ်ချလောက်မှ နောက်ဖေးဘက်သို့ သွားကာ အဝတ်တွေကို အသာဆွဲယူလာခဲ့လေသည်။ ထို့နောက် အိမ်ကြီး၏ အခြေအနေကို အကဲခတ်ပြီး ဝင်းပေါက်ဝသို့ ထွက်လာ၏။ အပေါက်ဝမှ စောင့်နေသူများက မဲမဲသဏ္ဍာန်လူဆီမှ အဝတ်တွေကို လှမ်းယူလိုက်သည်။ နောက်တယောက်က လေးထောင့်ပျဉ်ပြားကြီးကြီးတခုကို ဝင်းပေါက်ဝရှိ သစ်သားတိုင်တွင် အသံကျယ်ကျယ် မမြည်စေရန် အသာအယာရိုက်၍ တွယ်နေသည်။ ပျဉ်ပြားကြီးကို တိုင်တွင်တွယ်ပြီးမှ ပျဉ်ပြားကြီး၏ တဘက်စွန်းဆီတွင် သံချောင်းနှစ်ချောင်းရိုက်ခါ၊ အဝတ်နှစ်ခုကို သပ်သပ်ယပ်ယပ်ခေါက်၍ တင်လိုက်ပြီး ပုလဲပုတီးကဲ့သို့ ကြိုးကုံးတခုကိုလည်း သံချောင်းတွင် ချိတ်လိုက်ကြသည်။ ပြီးမှ ခပ်သုတ်သုတ် မှောင်ရိပ်အောက်မှထွက်သွားကြလေသည်။
အာရုဏ်ကျင်း၍ အလင်းမိုးသောံ ရောက်ခဲ့လေပြီ-။
ဦးကြွယ်မိုး (ဓမ္မကထိက)
ဆိုင်းဘုတ်ကြီးက ထင်းနေ၏။ သို့သော် ဆိုင်းဘုတ်ကြီး ထင်းနေသည်မှာ ဦးကြွယ်မိုး အိမ်ရှေ့၌ မဟုတ်ပါ၊ အပျိုကြီးမယဉ်ဦး၏ အိမ်ဝင်းပေါက်ဝ၌သာဖြစ်လေသည်။ အနှီဆိုင်းဘုတ်ကြီးအပေါ်တွင် ကြိုးတန်းလေးတခုရှိပြီး ၎င်းကြိုးတန်းပေါ်၌ ပိတ်ဖြူလုံချည်နှင့် မိန်းမထမီတထည် တင်ထားလျက် သံချောင်းလေး၌ကား စိတ်ပုတီးတကုံး ချိတ်ထားလေသည်။ ၎င်းဆိုင်းဘုတ်အောက်ရှိ ပျဉ်ပြားလေးပေါ်တွင်ကား မြေဖြူဖြင့် ဇာတ်လမ်းပမာ စဉ်းစားစရာဟု ရေးထား၏။
ထမီမှာ မယဉ်ဦး၏ ထမီဖြစ်ပြီး စိတ်ပုတီးနှင့် ပိတ်ဖြူပုဆိုးမှာကား ဓမ္မကထိကကြီး ဦးကြွယ်မိုး၏ တရားဟောရာတွင် အသုံးပြုသည့်အဆောင်အယောင်တွေပင်ဖြစ်၏။ ဦးကြွယ်မိုးဆိုသော ရောမ စာလုံးကြီးနှင့်အတူ ထမီပုဆိုးတို့ကလည်း ငွါးငွါး စွင့်စွင့် ကြွားကြွားဝင့်ဝင့် ဖြစ်နေသည်။
အနီ ရှုမြင်ကွင်းမှာ နေမြင့်သည် တိုင်အောင်မပြောင်းလဲသေးသည်မို့ လမ်းသွားလမ်းလာတို့မှာ တခိခိ တဟိဟိနှင့် ကျိတ်ပြုံး ပြုံးသွားကြ၏။ ကျနော်တို့ လူငယ်ပိုင်းမှာကား တပြုံးပြုံး တဝါးဝါးဖြင့် အဟားကြီးဟား ပစ်လိုက်ကြသည်။ ထိုအခိုက်ဦးကြွယ်မိုး၏သမီး သောက်ညှင်ကပ်စရာကောင်မလေး ခင်နံ့ပျံသည် တင်ကလေး လိမ်ကျစ် လိမ်ကျစ်လုပ်လျှက် ကျောင်းတက်ရန် ထွက်လာရာ အပျိုကြီး မယဉ်ဦး၏ အိမ်ရှေ့အရောက် ဇာတ်လမ်းပမာ စဉ်းစားစရာ ရှုမြင်ကွင်းကြောင့် မျက်နှာကို လက်ဝါးနှင့်အုပ်၍ အိမ်သို့ ပြန်ပြေးလေသတည်း။
မကြာမီ- ဓမ္မကထိက ဦးကြွယ်မိုး ရောက်လာကာ တရားဟော (အဲလေ) ဆဲပါတော့သည်။
“ဟေ့-- ဘယ်မအေတွေလဲ ကွ ကြွယ်မိုးဆိုတာ မကြားဘူး-ဘူးလား ဘာကောင်မှတ်လို့လဲဟေ့၊ သတ္တိရှိရင် ထွက်ခဲ့ကြဟေ့၊”
ထိုစဉ် ဘယ်ချောင်မှ ပေါ်လာသည်မသိသော ကိုကျော်ကြီးသည် ကုတ်ချောင်း ကုတ်ချောင်းနှင့် ဦးကြွယ်မိုး အနီးသို့ ချဉ်းကပ်လာလေသည်။
“လာပါဦးရယ်.... ဦးလို ဓမ္မကထိက ဆရာကြီးတယောက်က ဆဲနေတယ်ဆိုတာ လူကြားလို့မှ မတော်ပါဘူး....”
ကိုကျော်ကြီး၏ စကားကြောင့် ဦးကြွယ်မိုးမှာ နှုတ်ခမ်းမွှေးကြီး တလှုပ်လှုပ်နှင့် ရှူးရှူးရှဲရှဲ ဖြစ်သွားပြီး--
“ဟေ့- ဓမ္မကထိကလဲ လူဘဲကွ ငါ့လိုဘဲ မင်းတို့စွံရဲလား ကိုယ်မစွံရင် သူများကို မနာလိုမဖြစ်ရဘူးကွ”
“ဟုတ်ပါတယ်ဦးရယ်.... မလိမ်မာသူတွေ မိုက်ကြတာကို တကြိမ်တခါတော့ ခွင့်လွှတ် သည်းခံလိုက်ပေါ့ ဦးအစွမ်းကိုလဲ ချီးကျူးပါတယ်”
သို့သော် ကျနော်တို့တတွေ၏ မျက်နှာသည် ဦးကြွယ်မိုးကို ဆုံးမလိုက်ရပြီဖြစ်၍ အစွမ်းကုန်တောက်ပြောင်နေလေတော့သတည်း။
တိုယိုတာယာ (ရေကျော်)
Comments
Post a Comment