ကိုင်း၊ ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ ခင်မျိုးချစ် ရေးသည် စာဘာကြောင့်ရေး / မရေး သောင်းပြောင်းထွေလာ ၁၉၈၄ သြဂုတ်

 



ကိုင်း၊ ပြောလိုက်စမ်းမယ်
သောင်းပြောင်းထွေလာ
ခင်မျိုးချစ် ရေးသည် 
စာဘာကြောင့်ရေး / မရေး
သောင်းပြောင်းထွေလာ ၁၉၈၄ သြဂုတ်


ဇူလိုင်လ သောင်းပြောင်းမှာ မောင်သော်ကရဲ့ ဆောင်းပါးဖတ်ရတော့ အတော်ပဲ စိတ်နဲ့ တွေ့သွားတယ်။ အဲဒီလမှာပဲ ကိုယ်ရေးတဲ့ဆောင်းပါးမှာလဲ စာရေးဆရာနဲ့ ဘဝအတွေ့အကြုံကပေးတဲ့ သင်ခန်းစာတစ်ခုကို ရေးလိုက်တယ်။


စာရေးဆရာဆိုတာ ဘဝနဲ့ တကျက်ကျက် ရန်ဖြစ်နေကြတာပဲထင်ပါရဲ့... ဒါကြောင့်


'ကဗျာ စာဆိုတို့မည်သည် မကြာမကြာ စိတ်ကောက်နေတတ်သော သမီးရည်းစားစုံတွဲလို ဘဝနှင့် တကျက်ကျက် ရန်ဖြစ်နေကြသည်--တဲ့'


အဲသလို ကဗျာစာဆို ပုဂ္ဂိုလ်ကြီး (Robert Frost) (ရောဘတ်ဖရော) ကဆိုပါတယ်။


တကျက်ကျက် ရန်ဖြစ်တဲ့ လင်မယား သမီးရည်းစားကို ဘေးလူတွေက မကြိုက်ကြဘူး နားငြီးတယ်။ ဒါပေမယ့် စာဆိုသူတွေဘဝနဲ့ တကျက်ကျက်ဖြစ်တာတော့ နားမငြီးဘူးထင်ပါရဲ့၊ ဒါကြောင့် မဂ္ဂဇင်းတွေ ရောင်းရတာပေါ့။ စာရေးဆရာနဲ့ စာဖတ်သူဆိုတာကလဲ ကောင်းတူ ဆိုးဖက်ပေါ့လေ။ စာရေးသူ စိတ်ကြည်သာတော့လဲ သာသာယာယာ ဖတ်ရသလို မကြည်သာတော့လဲ ညည်းသံညူသံလေး နားထောင်ရပြန်တာပေါ့။



မောင်သော်ကရေးတဲ့ ဆောင်းပါးမှာ မောင်စူးစမ်းရဲ့ဆောင်းပါးကို ညွှန်းထားသေးတယ်။ စာရေးဆရာတွေ ဘာကြောင့်စာရေးသလဲဆိုတဲ့အကြောင်းတွေ ရေတွက်ထားတယ်။ ဒါတွေလဲ မှားတယ်လို့မဆိုပါဘူး ဟုတ်သင့်သလောက်တော့ ဟုတ်မှာပါပဲ။ သူပေးထားတဲ့ အကြောင်းတွေဟာ စာရေးတဲ့သူတွေအဖို့ 'ငါဘာလို့ စာရေးသလဲ' ဆိုတာ စစ်ကြောကြည့်ချင်စရာကြီးပါပဲ။ မောင်သော်ကလဲ သူ့ကိုယ်သူ စစ်ကြောကြည့်သလို ကိုယ်လဲ လုပ်ကြည့်ရရင်တော့ ဒီလ သောင်းပြောင်းအတွက် ဆောင်းပါး တပုဒ်တော့ ရတာ့ကောင်းရဲ့။


စာရေးဆရာဖြစ်ချင်တဲ့ သူတွေ ပြောသံကြားရပါတယ်။ 'စာတော့ရေးချင်သားပဲ ဘယ်မဂ္ဂဇင်း၊ အယ်ဒီတာကမှ ထည့်မပေးလို့'တဲ့။ အဲဒီစကား ကြားရတော့ ကိုယ့်ကိုယ်တိုင်စပြီး စာရေးတာ ဘယ်မဂ္ဂဇင်းဂျာနယ်ကမှ ထည့်ပေးမယ်ဆိုလို့ ရေးတာမဟုတ်ဘူးဆိုတာ သတိရမိတယ်။


ရှစ်တန်းစာမေးပွဲပြီး နွေကျောင်းပိတ်ရက် အတွင်း အလွန်ပျင်းစရာကောင်းလွန်းလို့ စာအုပ်တွေမွှေတယ်။


စာရွက်အလွတ်တွေ အများကြီး ကျန်နေတဲ့ ကျောင်းသုံး ကော်ပီစာအုပ်တွေ တပုံကြီး တွေ့တယ်။ စာရွက်ဖြူဖြူ မြင်လိုက်ပြီဆိုရင် တခုခုတော့ ရေးချင်တယ်။ ဒီလို စာရွက်ဖြူတွေ တထပ်ကြီး ကုန်အောင် ဘာများရေးရရင် ကောင်းမလဲ။


ဟန်ကျချင်တော့ အဲဒီတုန်းက ပြင်သစ်ဝတ္ထုရေးဆရာကြီး [အလက်ဇန္ဒာ ဒူးမား] ရေးတဲ့ မွန်တီခရစ္စတိုမြို့စား ဝတ္ထုဖတ်ပြီး အလွန်သဘောကျနေတဲ့အခါ ဖြစ်နေတယ်။ အဲဒီ ဝတ္ထုကြီးက စာမျက်နှာ လေးရာကျော်လောက်ရှိတဲ့ စာအုပ်နှစ်တွဲဆိုတော့ စာမျက်နှာ (၈၀၀) လောက်ရှိတယ်။


'တခါတော့ ဆင်ပေါင်ကျော်ကြီးရတာပဲ' ဆိုပြီး အားရဝမ်းသာနဲ့ အဲဒီ ဝတ္ထုကြီးကို မြန်မာလို ပြန်တော့တာပါပဲ။ အဲဒါ ကျောင်းပိတ်ရက် ဘယ်လို ကုန်သွားမှန်းမသိ။ သိပ်ပျော်တာပဲ။ ဘာသာပြန်တာဆိုတော့ မသတ်ပါဘူး။ ဒါပေမယ့် ကော်ပီ စာအုပ် စာမျက်နှာတွေကတော့ အားလုံး ကုန်သွားပြီး ကျောင်းလဲ ပြန်ဖွင့်တော့ အတော်ပါပဲလေ။


ဒီတော့ ကိုယ်ရေးတဲ့စာကို ပုံနှိပ်စာလုံးနဲ့ မြင်ချင်တယ်။ ကိုယ်ရေးတဲ့စာကို အများဖတ်ပြီး ကိုယ့်ကို အသိအမှတ်ပြုချင်တယ်ဆိုတဲ့စိတ်ကြောင့် စာရေးတာ မဟုတ်ဘူးဆိုတာတော့ ရှင်းနေတာပဲ။


ဒါပေမယ့် တခုတော့ရှိတယ်။ စာရေးလို့ အတော် စာမျက်နှာ ရလာတော့ 'ငါရေးတာကောင်းရဲ့လား၊ အဲလေ ကောင်းကောင်း မကောင်းမကောင်း ကောင်းတယ်လို့ပြောမယ့်သူတော့ လိုက်ရှာဦးမှ' ဆိုတဲ့ အတွေး ရောက်လာတယ်။


ဒီတော့ ဘာလုပ်သလဲ ရေးပြီးသား စာရွက်တွေ ပိုက်ပြီး 'အိမ်တိုင်းကိုသူကြွတော်မူ' ဆိုသလို သူငယ်ချင်းတွေဆီ သွားဖတ်ပြ သူတို့က 'ကောင်းသမော့၊ ဇာတ်လိုက် ကောင်းလေးကို မင်္ဂလာဆောင်ခါနီး လာဖမ်းသွားတဲ့ နေရာမှာဆိုရင် ငါတော့ ရင်ဆို့သွားတာပဲ'


ဇာတ်လိုက်ကောင်လေး ထောင်ထဲကနေပြီး လူသေကောင်ကြီးနဲ့အတူ အိတ်ကြီးထဲလိုက်သွား၊ အစောင့်တွေက ပင်လယ်ထဲပစ်ချတဲ့ အခန်းများကွာ ငါဖြင့် အသက်တောင် မှန်အောင် မရှူနိုင်ဘူး'


အဲသလို ဩဘာသံတွေကြားရလေ ရေးလို့ လက်သွက်လေပေါ့၊ ဒီတော့ 'နာမည်ကျော်ကြားလိုမှု' ဆိုတဲ့ ဆန္ဒက နောက်က လိုက်လာတာ အမှန်ပါပဲ။ ဘယ်မဂ္ဂဇင်း၊ ဘယ်သတင်းစာမှမပါပေမယ့် ကိုယ့်ရဲ လက်လှန်းမှီ အသိုင်းအဝိုင်းရဲ့ ချီးကျူးဩဘာသံကိုတော့ဖြင့် လိုချင်တယ်၊ ရတဲ့အခါမှာ သာယာတယ်။


အဲဒီ မွန်တီခရစ္စတို မြို့စားကြီး ဝတ္ထုကို နောင်တခေတ်ကျတော့၊ ဆရာကြီး ရွှေဥဒေါင်း ကိုယ်တိုင် ဘာသာပြန်ခဲ့တယ်' ရတနာသိုက်ကျွန်း' ဆိုလား နာမည်တောင် မမှတ်မိဘူး။ စာအုပ်ထွက်တယ်။ တကယ်တော့ ဒီစာအုပ်ကို လက်ဦးအစ မြန်မာဘာသာပြန်ခဲ့သူကတော့ ဤရွှေကိုယ်ပဲလို့ ကျိတ်ပြီး ဂုဏ်ယူမိပါသေးတယ်။


စာရေးဆရာ အလုပ်နဲ့ အသက်မွေးဖို့ ကြုံလာပြန်တော့လဲ ပိုက်ဆံရဖို့လည်း ရေးကြတာပေါ့လေ၊ ဒီလို နာမည်ဂုဏ်

သတင်းရဖို့ ပိုက်ဆံရဖို့ ဆိုတာတွေဟာ နောက်မှ လိုက်လာတဲ့ နောက်ဆက်တွဲတွေ ဖြစ်ပါတယ်။ ရှေ့က ဦးဆောင်တဲ့ စက်ခေါင်းတွဲကြီးကတော့ဖြင့် 'မရေးပဲကို မနေနိုင်လို့ ရေးကြတာပါပဲ....' လို့ ဆိုချင်ပါတယ်။...


ဒါကြောင့် ကိုယ့်ကို 'ဘယ်လိုကြောင့် စာရေးဆရာ ဖြစ်လာသလဲ၊ ဘယ်လို ရည်ရွယ်ချက်နဲ့ စာရေးဆရာ ဖြစ်လာတာလဲ' မေးကြယင် အဖြေရခက်တယ်။ ပျင်းစရာကောင်းလှတဲ့ ကျောင်းပိတ်ရက်မှာ ဗလာစာရွက်တွေ ကျန်နေတဲ့ ကော်ပီစာအုပ်တွေ ရှိတာနဲ့ ရေးဖြစ်မိလို့ စာရေးဆရာဖြစ်တာပဲ လို့သာ ဖြေမိတယ်။


တကယ်တော့ ဖိလစ်ပိုင် မျိုးချစ် ပုဂ္ဂိုလ် (ဟိုဆေး ရီဇော်) Jose Rizal တို့လို စာအုပ် ဘယ်နှစ်အုပ်ရေးမယ် (၆) အုပ်ရေးလို့မှ တိုင်းပြည် မလွတ်လပ်ယင် ကိုယ့်ကိုယ်ကို သတ်သေမယ်လို့  ဓိဋ္ဌာန်ပြီး စာရေးတယ်။ (၄) အုပ်ရေးပြီးတော့ ဖိလစ်ပိုင်ပြည်ဟာ စပိန် လက်အောက်က လွတ်မြောက်ခဲ့တယ်။ အဲသလို ဆိုတော့ စာရေးဆရာ ဖြစ်လာတဲ့ ရည်ရွယ်ချက်က သိပ်ကောင်းတာပေါ့။


တခါတခါ စဉ်းစားမိတယ်။ 'ငါ့နှယ်နော် အဲသလို ရည်ရွယ်ချက်နဲ့ စာရေးဆရာ ဖြစ်လာရတယ် ဆိုယင် ဘယ်လောက် ကောင်းမလဲ၊ ခက်တာက အဲသလို တိုင်းပြည်မလွတ်လပ်ယင် ကိုယ့်ကိုယ်ကို သတ်သေမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ စာအုပ် ဘယ်နှစ်အုပ်ဆိုပြီး သတ်မှတ်ရေးပါပြီတဲ့ မတော်လို့ စာအုပ် (ကိုတာ) ပြည့်သွားပြီး တိုင်းပြည်မလွတ်လပ်ယင် ခက်ရချေရဲ့၊ ဒီလို သူရဲကောင်း အလုပ်မျိုးက ဝါသနာမပါတော့ အခက်သားပဲ၊ ဒါကြောင့် ခုတော့ စာရေးဆရာ ဖြစ်လာရတဲ့ အကြောင်းပြောယင် စာရွက်လွတ်တွေ ကျန်နေတဲ့ ကျောင်းသုံး ကော်ပီစာအုပ်တွေက စပြီး ပြောရတော့တာပေါ့။


မှန်တာပြော သစ္စာပဲလေ၊ ခမ်းခမ်းနားနား ပြောစရာမရှိတော့လဲ အဲသလိုခပ်ချာချာ ခပ်မွဲမွဲ အကြောင်းပဲ စကားလုပ် ပြောနေရတာပါပဲ။ ဦးပုညရေးသည့် ပြဇာတ်အတွက် ဇာတ်ဆရာကြီး တဦးရေးတဲ့ သီချင်းလိုပေါ့၊ ရေသည် ယောကျ်ား ဆင်းရဲသား ငမွဲရဲ့ သီချင်းလေ....


ဖွတ်နှစ်ကောင် ပြာရထားပေါ်က

မွဲမျက်နှာ အပြောင်သားရယ်နှင့်-

(အို...ခင်လေးတို့ရေ)

ကြွားလိုမယ်လေး--'


အဲသလိုပဲ ကြွားစရာမရှိ ကတ်သီးကတ်သတ် ရှာကြွားရတာပေါ့၊ စာရေးဆရာ ဆိုတာ တခုခုတော့ ကြွားရမယ်လေး၊ ကြွားချင်တယ် ဆိုတာကလဲ လောကီသား ပုထုဇဉ်တို့ရဲ့ အကျင့်မို့ 'လူအချင်းချင်း ဒီစိတ်မျိုးမင်းမှာလဲရှိ၊ ငါ့မှာလဲရှိ ဘာရှက်စရာရှိ' လို့သာ ဆိုလိုက်ပါတော့မယ်။


ခင်မျိုးချစ်

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်