သားမက်တို့၏အခန်း (ယခမောက်ပုံပြင်) မောင်ဇနိယ သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီ


 

သားမက်တို့၏အခန်း (ယခမောက်ပုံပြင်)

မောင်ဇနိယ

သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီ  



“မောင်ရယ်... နိုင်ငံတော်ဘာသာ အထိမ်းအမှတ်အနေနဲ့ မေမေတို့ကို သွားကန်တော့ရအောင်လားကွယ်... နော်” ဟု မဲဆွယ်သူက ချစ်ဇနီး။


“ဖေဖေရဲ့ ဒေါ်လေးက သိပ်လှနေတာပဲ” ဟူ၍ တိုးတိုးတိတ်တိတ် ဆိုလာသည်က သားတော်မောင်။


“အစ်ကို... ဒီတခါ မမလာရင် လိုက်လာခဲ့စမ်းပါ။ သူများစာတွေမေးမလို့ဟာ။ တခါတည်း ရန်ကုန်တမြို့ထဲ အတူနေတာတောင်မှ ကိုယ့်ညီမလေးရယ်လို့...” စသည် စသည်ဖြင့် အကြိမ်တရာဖတ်သော်လည်း ငတ်မပြေသည့် စာခွေရှင် ဖိတ်ခေါ်သူကား ခယ်မချော။


ငွေ ၁၀ ကျပ် ငါးဆယ်ပြားတိုးနှင့် ငွေ ၁၀၀ ကျပ်တိတိ လချင်းဆပ် ချေးယူ၍ လောကွတ်ပျူငှာ ဟိုဟာဒီဟာ ဝယ်သူက ကျွန်တော်... သည်နည်းဖြင့် ယခမောက်ထံ အခစားရောက်သော်...


“မေမေရဲ့... သူက အရင်လိုမဟုတ်တော့ဘူး။ အခု မေမေတို့ကို သိပ်ရိုသေနေ၊ ဂရုစိုက်နေတာ။ မင်းအမေလည်း ငါ့အမေပေါ့ကွာတဲ့...”


ဇနီးချောနှင့် သူ့မေမေ မီးဖိုချောင်တွင် အလွမ်းသယ်နေသည်ကို ဧည့်ခန်းမှ အတိုင်းသားကြားရသည်။ သည်အတွင်း သားတော်မောင်၏ အသံထွက်ပေါ်လာပြန်သည်။


“အောင်မယ်... မေမေက ဖြီးမနေပါနဲ့။ ဖေဖေက ဖွားဖွားကို ဆန်ကုန်မြေလေးမကြီးတဲ့... ဟင်း...”


ကျွန်တော့်ရင်တွင်း ရုရှားဂြိုဟ်တု (၁၇) ပတ် လှည့်သွားသည်။ သည်အတွင်း ခယ်မချောက ကော်ဖီယူလာသည်။ “အစ်ကိုသောက်နော်” ဟူသော ငွေဆည်းလည်းသံကို ရွှေတူချောင်းလေးဖြင့် ထုနှက်သံမှ မဆုံးမီ မီးဖိုချောင်မှ အသံက ပေါ်လာပြန်သည်။


“ပြီးတော့ ဖွားဖွားရဲ့၊ ဟောဒေါ်လေးရဲ့ ပေါင်တချောင်းကို ဖေဖေက ပိုင်သတဲ့။ ပြီးတော့ ခယ်မဆိုတာ ခဲအိုရဲ့ မလိုင်တုံးတဲ့ ဖွားဖွားရဲ့။”


ဂြိုဟ်တုနှစ်လုံး အာကာသတွင် ဆောင့်မိကြသည့်အလား အခြေအနေများ မီးပွင့်ကုန်သည်။ “ဟဲ့... ကောင်လေး” ဟူသော ငေါက်သံ၊ “ဟင်... နင့်အဖေ ဟိုမသာကလေ” ဟူသော ယခမောက်၏ နိဒါန်း... “အိုး...” ဟူသော အာမေဋိတ်ဖြင့် အခန်းအောင်းသွားသည့် ခယ်မချော... သည်အတွင်း—


“မဟုတ်ဘူး ဖွားဖွားရဲ့... ဖေဖေက ကန်တော်လေး ထီဆိုင်က တသိန်းဆု ပေါက်ထားတာ ငါးသောင်းအပိုရဦးမယ်ဆိုလို့၊ ဒေါ်လေးကို...”


“ဟယ်... တိတ်စမ်း။ ဒီစကားတွေကို ဖွားဖွားမပြောရဘူး ငါ့မြေးရဲ့... ဟဲ... ဟဲ... ဟဲ... ဟဲ...”


အင်း... တော်ပါသေး၏တကား။


မောင်ဇနိယ

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်